Breaking News

ရဲထက်အောင် - ကမ်းနားသစ်ပင်

ကမ်းနားသစ်ပင်
ရဲထက်အောင်
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၂

ဘယ်သူက ဘယ်လောက်လှူပြီး
သာဓုခေါ်  အမျှဝေနေပါစေ
ကိုယ်တိုင် ကျွတ်ချင်လွတ်ချင်မှ ဘဝသစ်ရမှာ
ဖန်ခွက်ထဲက နာရီအဟောင်းကို ခုံမင်ပြီး
သကြားတွေ ဆားတွေဖြစ်နေရင်တော့
ခြောက်သွေ့တဲ့ သဲနာရီကို ဦးတည်
ဒီရက်ပိုင်း စားလို့သောက်လို့ မကောင်းလို့
အလွမ်းတွေ ဖျော်သောက်နေရတယ်
ခုန်ပေါက်နေတဲ့ အခန်းတံခါးကို
မြို့မငြိမ်းသီချင်းနဲ့ ပစ်ပေါက်  ကိုယ့်ကိုယ့်ကိုယ် တောင်ပံခတ်ထားရ
ထွက်ပြေးချင်ပေမယ့် တုပ်နှောင်ခံထားရတဲ့ အကျဉ်းသား ရာဇဝတ်မှုဆိုလို့ လူပီသချင်ရုံသက်သက်ပါ
မျက်တောင်ကော့တခုနဲ့ ဘဝကို ကြွေအံကစားဖူး ကျည်တတောင့်နဲ့လည်း ပြေးတမ်းလိုက်တမ်း ကစားဖူးတယ်
အိပ်မက်ထဲမှာ ‌ဦးခေါင်းမရှိသော လူသား
ခေါင်းပေါင်းစ တလူလူလွှင့် ဖတ်လက်စစာအုပ်ကို
သွေးကြောထဲရိုက်သွင်း အစာမကြေတာက ညှက်အောင်မဝါးမိလို့လား ဝါးဖို့ သွားမရှိတာလား
မရေရာတဲ့ မေးခွန်းတခွက်ကို တစက်ချင်းခပ်သောက်
ချိုသလား ချဉ်သလားသိဖို့ လျှာမရှိ သံစဉ်တိုင်းကို နားနဲ့မှ ကိုင်တွယ်လို့မှ မရတာ
လောကမှာ အရေးဆုံးကြီးက ဘာလဲ
ကိုယ်တိုင်ကရော ဘာလဲ
လူတွေဘာကြောင့် အသက်ရှင်နေတာလဲ
စာအိတ်ထဲက ကြမ်းပိုး သွေးစုပ်သွားလို့ ငါ့ခန္ဓာဟာ ဖြူလျော့လျော့။ ။ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar