Breaking News

မိုးဦး​ဆွေညိန်း - လှိုင်းထနေသောတနင်္ဂနွေများအကြောင်း

မိုးဦး​ဆွေညိန်း - လှိုင်းထနေသောတနင်္ဂနွေများအကြောင်း
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၂

၁။
ပုံမှန်အားဖြင့်ဆိုရလျှင် တနင်္ဂနွေနေ့ကို ရုံးပိတ် အလုပ်နား မိသားစုနဲ့ အတူတကွရှိကြ စသည် ပြုကြလေ့ရှိသော အားလပ်ရက်၊ သို့တည်း မဟုတ် မိသားစုနေ့ (family day) ဟု တင်စားကြသည်။ တနင်္ဂနွေကို ရက်သတ္တပတ်၏ အဦးအစနေ့အဖြစ် ဂုဏ်ပြုအပ်သော၊ ချီးမြှောက်အပ်သော နေ့ထူးတစ်ရက်ကဲ့သို့ အထွတ်အမြတ်ထားကြသည့် အယူဝါဒများလည်း ရှိကြသည်။ 

တစ်ပတ်မှာ ခုနစ်ရက်လုံး အားလပ်ရက်ဟူသည် သီးခြားမရှိဘဲ အဆင်ပြေသလို အနားယူကြရသူများလည်း ရှိနိုင်သည်။ ကျ​နော်က ကိုယ် ပိုင်လုပ်ငန်းငယ်မျှလုပ်ကိုင်သူသာဖြစ်လေတော့ ရုံးတက်ရုံးဆင်း ကုမ္ပဏီအလုပ်လုပ်ကြသူတွေလို နေ့စဉ်ရက်ဆက် အလုပ်သဘောအရ အပြင်ထွက်ရခြင်း မရှိသော်ငြားလည်း တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်ကို သတ်သတ်မှတ်မှတ်ထားပြီး အနားယူဖြစ်သည်။ အလုပ်ချိန်သည်သာ ကွဲလွဲပေလိမ့်မည်။ အလုပ်ဖွင့်ရက်များကတော့ ထိုနည်းအတိုင်းပင် ဖြစ်၏။ 

ယခု ကိုဗစ်နှင့်ညစ်နေရသည့်ကာလများကို အလိုမတူဘဲ ဖြတ်သန်းနေရချိန်မှာတော့ နေ့စဉ်သည် တနင်္ဂနွေချည့်သာ ဖြစ်နေလေသည်။ 

၂။
တနင်္ဂနွေနေ့ကို ဘယ်လိုသုံးစွဲကြသလဲ၊ လူတစ်ဦး တစ်ယောက်ချင်းစီ၌ ပုံသဏ္ဌာန်အမျိုးမျိုး ကွဲပြားနိုင်ကြမည်မှာ သေချာ၏။ ဤနေရာတွင် ခင်ဗျားကော ဘယ်လိုသုံးစွဲသလဲဆိုသည်ထက် ကျ​နော် ဘယ်လိုသုံးစွဲနေသလဲဆိုသည်ကသာ ပိုသိနိုင်ပါသည်ဟု စကားဦးသန်းထားနှင့်ချင်ပါသည်။ သိနိုင်သည်ဟုသာ ဆိုထားသောကြောင့် တိကျသည်ဟုတော့လည်း အပ်ကျမပ်ကျ မဆိုနိုင်ကြောင်း မိတ်ဆွေ သတိထားမိရန် လို အပ်ပါမည်။

တနင်္ဂနွေနေ့ ဖြစ်ပေါ်လာပုံအကြောင်းကိုတော့ ကျ​နော် မသိ။ ဒါက သင်္ချာဗေဒတွေ၊ နက္ခတ္တဗေဒတွေ စသည့်ပညာရပ်များနှင့်သာ ပိုမိုသက်ဆိုင်ပေလိမ့်မည်။ ထိုပညာရပ်တွေကို ကျ​နော်စိတ်မဝင်စားသကဲ့သို့ နားလည်ရန်လည်း မကြိုးစားခဲ့ဖူးပေ။ သို့မို့ကြောင့် ထိုပညာရပ်များအပေါ်အခြေခံသော တနင်္ဂနွေနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ကျ​နော် ဆွေးနွေးပြောဆိုနိုင်မည် မဟုတ်ပါ။ လတစ်လ၏ ပထမဦးဆုံး တနင်္ဂနွေနေ့၌ နှစ်ချင်းခရစ်ယာန်ဘာသာဝင်များ ပွဲတော်တည်ခြင်းအခမ်းအနား ကျင်းပကြသည်ကိုတော့ ဘုမသိဘမသိဖြင့် ကြုံကာ သိခဲ့ရဖူးသည်။ 

၃။
တချို့သောတနင်္ဂနွေရက်များသည် ပျင်းရိလေးလံစရာကောင်းလှသည်။ ဥပမာအားဖြင့်ဆိုရသော် တစ်ယောက်တည်းလည်း အထီးကျန်ဖြစ်နေ၊ မိုးကလည်း တစိမ့်စိမ့်နှင့် ပျင်းရိလေးလံမှုကို ထပ်ဆင့် ပံ့ပိုးပေးနေ ဖြစ်နေလျှင် သင် မည်သို့ပြုမည်မသိသော်လည်း ကျ​နော့်မှာတော့ ဆွေးမြည့်ခြင်းကသာလျှင် ပိုနေမြဲဖြစ်၏။ 

တစိမ့်စိမ့် တအိအိနှင့် စိမ်ပြေနပြေ ရွာသွန်းနေသည့် မိုးစက်မိုးပေါက်များသည် တံစက်မြိတ်အစွန်းကနေ နရီ စည်းချက်မှန်စွာဖြင့် ကခုန် ခုန်ဆင်းသွားကြသည်။ ထိုမြင်ကွင်းကို တမြည့်မြည့် ကြည့်နေမိရင်း မိုးစက်ကလေးများသည် ကျ​နော်ကိုယ်တိုင်ပင် ဖြစ်နေလေသလားဟု ထင်မှားမိသည်က အကြိမ်များစွာပင် ဖြစ်၏။ ထိုသို့ ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလွန်းသည့် အဖြစ်အပျက်ကို ဘယ်လိုအရာက ကျော်လွှားပေးနိုင်ပါမည်လဲ။ သီချင်းတစ်ပုဒ်လား၊ သို့တည်းမဟုတ် ဝီစကီတစ်ခွက်လား၊ သို့တည်းမဟုတ် ရင်ခုန်လှုပ်ရှားဖွယ်ရာ ယမင်းခင်ပျိုလား။ ဒီလိုမှ မဟုတ်လျှင်လည်း ပါရှန်ကဗျာဆရာ အိုမာခယမ်လို လောဘကြီးစွာ သုံးမျိုးလုံးဖြင့် ပြီးပြည့်စုံချင်သည်လား။

တနင်္ဂနွေမိုး
ပျင်းရိငြီးငွေ့ဖွယ်ရာ ဖြစ်အောင်
တရွေ့ရွေ့သယ်ဆောင်လာပုံက

တည့်တည့်ရှုနေရတဲ့ အဆာမပြေမှု
ဒုက္ခတရားနဲ့ ယဉ်ပါးအသားကျသူ

လူးလွန့်နေရခြင်းများရဲ့ အဓိပ္ပာယ် 
မိုးရေစက်တွေ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ 
တံစက်မြိတ်အစွန်းမှာ ရှင်သန်နေရသလောက်ပါပဲ။

တစ်ခုသောတနင်္ဂနွေရဲ့ မိုးတစ်နေ့မှာ အဲသည်လို ကဗျာတစ်ပုဒ်ကို ရေးခဲ့ဖူးသည်။ တံစက်မြိတ်အစွန်းက ခုန်ဆင်းသွားသည့် မိုးရေစက်လေးများကဲ့သို့ ဘဝ​တွေကို ကျ​နော့်မှာ တွေ့မြင်ရဖန်များလွန်း၍ ထုံနေပြီ ထင်သည်။ 

၄။
အလိုမတူခဲ့ပါဘဲ ရလာခဲ့သည့် "ကိုဗစ်" ဟူ​သော ​ရောဂန္တရကပ်​ကြောင့် ကျ​နော်တို့​၏​နေ့ရက်များစွာသည် ပြင်ပနှင့်အဆက်ဖြတ်လျက် အိမ်တွင်း​အောင်းကြရကာ တနင်္ဂ​နွေချည့် ဖြစ်ခဲ့ရသည်။ 

သည်တုန်းက ကိုဗစ်ဒုတိယလှိုင်းကာလ ဖြစ်သည်။ work from home ဆိုသလို အိမ်မှာပဲ အလုပ်အကိုင်​တွေ ရှာ​ဖွေလုပ်ကိုင်တတ်လာကြသည်။ ကုမ္ပဏီဝန်ထမ်း စသည်ကလည်း အွန်လိုင်းက​နေ အလုပ်လုပ်တတ်လာသည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်သူ​တွေလည်း page များ​ထောင်ကာ ဝင်​ငွေရရာရ​ကြောင်း လုပ်တတ်လာသည်။ zoom ကဲ့သို့ ဆိုရှယ်မီဒီယာ ပလက်​ဖောင်းများကတစ်ဆင့် သင်ကြား​ရေး​တွေ၊ အစည်းအ​ဝေး​တွေ လုပ်တတ်လာသည်။ ​ငွေ​ပေး​ငွေယူကိစ္စ​တွေမှာလည်း mobile banking ကို ပိုမိုသုံးတတ်လာသည်။ ​ပြောရလျှင် မြန်မာပြည်သူ​တွေကို ကိုဗစ်က digital world နှင့် ဇွတ်​ပေး​တွေ့ကာ ရင်းနှီး​စေခဲ့သည်။ အဆိုးထဲက အ​ကောင်းရလိုက်၍ ကျ​နော့်မှာ ကြိတ်ဝမ်းသာမိခဲ့ရ​သေးသည်။ လမ်း​ပေါ်ထွက်အလုပ်လုပ်မှ ဖြစ်မည့်သူများ စွန့်လွှတ်စွန့်စား သွားလာရသည်က​တော့ ရှိပါသည်။ 

ကျန်းမာ​ရေး​​စောင့်​ရှောက်မှုလည်း ​ကောင်းမွန်မှန်ကန်စွာဖြင့် လုပ်​ပေးနိုင်ခဲ့၍ ပြည်သူများလည်း ​ကျေနပ်မှုရှိခဲ့ကြသည်။ လူမှု​ရေး​ထောက်ပံ့ခြင်းများ ရှိခဲ့သည်။ ချုပ်​ပြောရလျှင် ကိုဗစ်ဒုတိယလှိုင်းကို ကျ​နော်တို့​တစ်​တွေ ရုန်းကန်ရင်ဆိုင်နိုင်ခဲ့ကြသည်။ အဆိုးဒုက္ခ​တွေကို ဖြတ်သန်းပြီးလျှင် ​ကောင်းမွန်​သောသုခ​တွေ ​ရောက်ရှိလာရမည်ဟု အားသစ်အင်သစ်​မွေးကာ​​ မျှော်လင့်စိတ်ထားနိုင်ခဲ့ကြသည်။ 

တနင်္ဂ​နွေ​နေ့​တွေချည့် ဖြစ်ခဲ့ရသည့် ရက်သတ္တပတ်များစွာသည် တနင်္လာပြီး အင်္ဂါဆိုသလို ပုံမှန်​နေ့​​တွေ ဖြစ်လာ​တော့မည်ဟု ​ရင်ခုန်​နေခဲ့ရသည်။ သို့​​သော် ...

၅။
​တိုင်းပြည် လွတ်လပ်​ရေးရသည့်အချိန်မှစ၍ ​ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံ​ရေးမှာ အ​ချောင်နှိုက် လူတွင်ကျယ်လုပ်လာ​သော ငါတ​ကော​ကော စစ်တပ်သည် မဖြစ်နိုင်သည်ကို တမ်းတမိပြီး မရသည့်အဆုံး၌ ​အငုံ့စိတ်​တွေကန်ထွက် စောက်ရူးထကာ အာဏာသိမ်းလိုက်ပြန်၏။ ရုတ်တရက် မျက်စိ​ရှေ့၌ မိုးတိမ်ရိပ်များ အပြင်းအထန်ဆင်လာသည့် ​ကောင်းကင်မည်းကြီးသည် ကန့်လန့်ကာဆွဲချလိုက်သကဲ့သို့ ကျလာသည်။ အထူးသဖြင့် လူမှန်းသိတတ်သည့် အရွယ်ကတည်းက ကမ္ဘာကြီး​ကို ​တွေ့ဖူးထားသည့် ဂျန်ဇီဟု အမည်တွင်လာမည့် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်များပါမက တို့က​လေး​တွေ အနာဂတ်လှပြီထင်ခဲ့သည့် လူကြီးများပါ အကြီးအကျယ် ​ရှော့ခ်ရသွားသည်။ 

၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးနီးပါး ငဗစ်ဒဏ်​ကြောင့် တစ်တိုင်းပြည်လုံး ဖြူခါပြာကျမျှ ဒုက္ခ​ရောက်ကြရသည်ကို မ​ထောက်မညှာဘဲ မအလသည် အာဏာရူး​ခဲ့၏။ ပြည်သူ​တွေခမျာ ဒုက္ခ​တွေ တစ်ပူ​ပေါ် နှစ်ပူဆင့်ကာ ​သောကပင်လယ်​ဝေကြရပြန်သည်။ လုပ်ငန်းကိုင်​ငန်းတွေ ပိတ်သွားသည်၊ ​ဆေးရုံ​ဆေးခန်း​တွေ ပိတ်သွားသည်၊ ​ကျောင်းစာသင်ခန်း​တွေ ပိတ်သွားသည်၊ လူတိုင်းလူတိုင်း၏အနာဂတ်​တွေပါ ပိတ်သွား​တော့သည်။ 

ကိုဗစ်က ​ရောဂန္တရကပ် တစ်မျိုးသာ ကြုံခဲ့ရ​ပေမဲ့ မအလနှင့်အ​ပေါင်းပါ ဖက်ဆစ်တပ်၏ အာဏာရူးမှု​ကြောင့် ဖြစ်လာရသည်က​တော့ ကပ်ကြီးသုံးပါးလုံးပင် ဖြစ်၏။ လက်နက်​ဘေးဖြင့် ​​သေ​​​ကြေပျက်စီး​သော ကာလ (သတ္တန္တရကပ်)၊ ​​ရောဂါ​ဘေးဖြင့် ​သေ​​ကြေပျက်စီး​သော ကာလ (​ရောဂန္တရကပ်)၊ ငတ်မွတ်ခြင်း​ဘေးဖြင့် ​သေ​​ကြေပျက်စီး​သော ကာလ (ဒုဗ္ဘိက္ခန္တရကပ်) ဟူ​သော ကပ်ကြီးသုံးလုံး၏ ကိုင်ရိုက်ခြင်းကို ခံ​နေကြရသည်။ ငဗစ်က တစ်မျိုး၊ ငစစ်က တစ်မျိုး နှိပ်စက်ကလူပြုလိုက်သဖြင့် "လှိုင်းထ​နေ​သောတနင်္ဂ​နွေများအ​ကြောင်း" သည် တစ်ဆစ်ချိုး အ​ရောင်​ပြောင်းကာ ထပ်မံ​ရောက်ရှိလာ​သော​ကြောင့် ရင်ဆိုင်ရန် ခွန်အား ​မွေးရပြန်လေ၏။

မိုးဦး​ဆွေညိန်း

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar