Breaking News

မောင်မောင်စိုး - NATO၊ လစ်သူရေးနီးယားနှင့် ရုရှား

မောင်မောင်စိုး - NATO၊ လစ်သူရေးနီးယားနှင့် ရုရှား 
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၂

NATO လို့ အတိုကောက်လူသိများသော မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့သည် မြောက်အမေရိကနှင့်အနောက်ဥရောပနိုင်ငံများ၏ စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်သည်။ ၁၉၄၉ ခုနှစ် စတင်ဖွဲ့စည်းစဉ်က နိုင်ငံပေါင်း ၁၂ နိုင်ငံနှင့် ဖွဲ့စည်းခဲ့သော်လည်း ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ ပါဝင်သည်။ NATO ဌာနချုပ်အား ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြေစိုက်သည်။ ရုရှားယူကရိန်းစစ်ပွဲစတင်ခဲ့ကတည်းက NATO သည် ယူကရိန်းအား တက်ကြွစွာကူညီခဲ့သော်လည်း ကိုယ်တိုင်ပါဝင်ခြင်းမရှိခဲ့ပေ။ အမေရိကန်နှင့် NATO အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရုရှားနှင့် တင်းမာမှု တဖြေးဖြေးမြင့်တက်ခဲ့သည်။ 

မော်စကို၏ ဘောလ်တစ်ပင်လယ်ရေယာဉ်စု၏ ဌာနချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် ရုရှားနယ်မြေရှိ Kaliningrad သို့ လစ်သူရေးနီးယား က ၎င်း၏ပိုင်နက်မှတစ်ဆင့် EU မှ ပိတ်ဆို့ထားသော ကုန်ပစ္စည်းများ ဖြတ် သန်းသွားလာမှုကို တားမြစ်ပိတ်ပင်ခြင်းအတွက် ပြင်းထန်သော အကျိုး ဆက်များ ကြုံတွေ့ရမည်ဟု မော်စကိုက ဇွန် ၂၁ ရက်နေ့တွင် သတိပေးခဲ့သည်။ ဘော်လတစ်ကမ်း ခြေမှာရှိသော ရုရှားနယ်မြေ ကာလင်နင်ဂရက်ကို နေတိုးနိုင်ငံများက ဝိုင်းရံထားပြီး ပင်မရုရှားနိုင်ငံကိုဆက်သွယ်ဖို့ လစ်သူရေးနီးယားနှင့် ပိုလန်နိုင်ငံများကို ဖြတ်သန်းရပါသည်။ ယခု လစ်သူရေးနီးယား၏ ပိတ်ဆို့မှုကြောင့် ရုရှားက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ခြိမ်းခြောက်လာသည်ကို တွေ့ရသည်။ 

သို့သော် ယူကရိန်းနှင့် မတူသည်က လစ်သူရေးနီးယားသည် ၂၀၀၄ ခုနှစ်ကထဲက နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ လစ်သူရေးနီးယားက ရုရှားကထိပါးပါက နေတိုးသဘောတူညီချက် အပိုဒ် ၅ တွင်ပါသည့်အ တိုင်း တုန့်ပြန်သွားမည်ဟု နေတိုးအဖွဲ့ တာဝန်ရှိသူကဆိုသည်ကို တွေ့ရသည်။ ထို အပိုဒ် ၅ သည် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (နေတိုး) ၏ အုတ်မြစ်ဖြစ်ပြီး နေတိုးအဖွဲ့ဝင်တစ်ဦးကို တိုက်ခိုက်ခြင်းသည် ၎င်း၏အဖွဲ့ဝင်အားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။  နေတိုးသည် ၎င်း၏သမိုင်းတွင်၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်ကိုတိုက်ခိုက်သည့် အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပုဒ်မ ၅ ကို တကြိမ်သာခေါ်ဆိုခဲ့ဘူးသည်။ 

ယခုအကြိမ် လစ်သူရေးနီးယားကို ရုရှားက ထိပါးလာပါက နေတိုးသည်ဒုတိယအကြိမ်အဖြစ် ပုဒ်မ ၅ အား အသုံးပြုမည်လော။ ၃.၇ သန်းခန့် စစ်အင်အားရှိသည့် နေတိုး၏စစ်အင်အားသည် စစ်ပွဲအတွင်းပါဝင်လာမည်လော။ ရုရှားကလက်ရှောင်သွားမည်လော။ နျူကလီးယားစစ်ပွဲဖြစ်တော့မည်လော စသည့်လောပေါင်းများစွာဖြင့် ရုရှား-ယူကရိန်းစစ်ပွဲသည် ဇတ်ရှိန်မြင့်လျက်ရှိနေပေတော့သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar