Breaking News

ဒီသစ် - ဒီတနွေစာ ည

ဒီတနွေစာ ည
ဒီသစ်
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၂

ကြယ်တွေနဲ့ကျနော့ကြား
ဘာအတားအဆီးမှမရှိကြတော့ပါဘူး။

ကောင်းကင်တပြင်လုံး
အနက်ထည်သက်သက်မှာ
အကြည်ဓာတ်ကလေး
သေသေချာချာဖမ်းဆုပ်ထားရ။

ခေါင်းငိုက်စိုက်ကျသစ်ရွက်တချို့
အသက်ရှူမဝနေကြပုံ မြင်တော့
လည်ချောင်းတွေ
ပူကျစ်ခြောက်ကပ်ရသေး။

မြေအောက်
ဘယ်လောက်တောင်နက်နက်မှာ
ရေနေ ရေတွေ 
နေစရာအဖျက်ခံထားရပြီလဲ...

တံလျှပ်တွေဆွေ့ဆွေ့ခုန်တော့
အပေါ်လွှာတွန့် ကျွပ်ရွနေပုံများ
ရွာ့ဘုရားပွဲစျေးကမုန့်လေပွေကြီး
​ပြေးသတိရမိတယ်။

တအားကြီးနဲ့ကို ပူကောင်းနေတုန်းပါပဲ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar