Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၂ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၂ မြင်ကွင်း

(မိုးမခ) ဇွန် ၂၃၊ ၂၀၂၂


ပွင့်ဖြူ မြို့နယ်ထဲက PDF ကား ပစ်ခတ်ချေမှုန်းခံရ၊ ခင်ဦးမှာ ရဲနဲ့ ပျူစောထီးတွေကား တိုက်ခိုက်ခံရ

ဒီနေ့အဖြစ်အပျက်တွေက မကွေးတိုင်းထဲက ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်း မဲဇလီတံတားထိပ်မှာ လက်နက်တွေသယ်လာတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ ထရပ်ကားကို စစ်ကောင်စီက တံတားထိပ်မှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  PDF အဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ PDFတွေရဲ့ သေနတ် ၁ ဒါဇင်ကျော်နဲ့ ကျည်ဆံတွေကို စစ်ကောင်စီဘက်က ရသွားတယ်လို့ ဆိုပါတယ်။ 

PDF တွေလာမယ့် သတင်း အချိန် FAW ကား စသဖြင့် တဖက်က  အချက်အလက်အတိအကျ သိထားတဲ့ သဘောမှန်းဆရပြီး တံတားကိုရောက်ချိန်မှာပဲ လက်နက်ကြီးလိုမျိုးနဲ့ အဝေးကလှမ်းပစ်ခဲ့တဲ့ သဘောမျိုးဖြစ်ပါတယ်။ မောင်းပြန်သေနတ်တွေ ၁ဒါဇင်ကျော် သိမ်းဆည်းခံလိုက်ရတဲ့ အဖြစ်အပျက်က ခက်ခက်ခဲခဲ ဝယ်ယူသယ်ဆောင်လာရတဲ့ လက်နက်တွေ နယ်ထဲရောက်ပြီးမှ ချောင်းမြောင်းပစ်ခတ်ခံရမှုမှာ ဆုံးရှုံးသွားရတာ၊ PDF  တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဆုံးရှုံးရတာတွေက မကွေးတိုင်းထဲက PDFတွေ အဖို့ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး သတင်းပေါက်ကြားမှု ရှိတာကြောင့် အခုလို ကြားဖြတ်တိုက်ခိုက်နိုင်တဲ့ အဖြစ်ကို သင်ခန်းစာယူစရာ အနေနဲ့  PDFတွေ ရဲ့ လှုပ်ရှားမှု သွားလာမှုတွေကို ခုထက်ပို လုံခြုံလျှို့ဝှက်မှု ရှိဖို့အရေးတကြီး လိုအပ်နေတဲ့ သဘောဖြစ်ပါတယ်။  

စစ်ရေး လျှို့ဝှက်မှု သဘော၊ လုပ်ထုံးလုပ်နည်းတွေ အခုထက်ပိုပြီး နားလည်ကျင့်သုံးကြဖို့ လိုအပ်မယ့် သင်ခန်းစာကို PDF အဖွဲ့တွေအနေနဲ့ ခုအဖြစ်အပျက်ကနေ ယူကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရန်သူရဲ့ သတင်းကို သိရှိဖို့ ထောက်လှမ်းဖို့ ရာမှာလည်း နည်းနာ လုပ်ထုံးလုပ်နည်းတွေ လေ့ကျင့်မှုတွေ ပြင်ဆင်လေ့ကျင့်ကြဖို့ လိုအပ်သလို မိမိတို့ တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု သွားလာမှုသတင်းတွေကိုလည်း ခုထက်ပိုပြီး သိုသိုသိပ်သိပ် လုပ်ဆောင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။  

ဒီအဖြစ်အပျက်ဖြစ်ပျက်တဲ့ နေမှာပဲ စစ်ကိုင်းတိုင်းမှာတော့ ရေဦး-ခင်ဦး ကားလမ်းမှာ ဒုရဲမှူး အပါအဝင် ပျူစောထီးတွေပါတဲ့ ကုန်တင်ကားကို PDF တွေက စစ်ဆေးဖို့ တားဆီးရာကနေ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပြီး ဒုရဲမှူး အပါအဝင် ပျူစောထီး အဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးကျော် သေဆုံးတဲ့ သတင်းဖြစ်ပါတယ်။  

မကွေးတိုင်းပွင့်ဖြူမြို့နယ် က အဖြစ်အပျက်နဲ့ တနေ့ထဲဖြစ်ပျက်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ဖြစ်စဥ်မှာတော့ PDFတွေက ရဲနဲ့ ပျူစောထီးတွေကို ချေမှုန်းနိုင်လိုက်တဲ့ သတင်းဖြစ်ပါတယ်။  

ဒီနေ့အဖို့အခြားသတင်းတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်လို ထားရှိနေရာကနေ နေပြည်တော် အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်တဲ့ သတင်းဖြစ်ပါတယ်။ ခုလို မရွှေ့ပြောင်းခင် ကတည်းက ပြင်ဆင်နေခဲ့တယ်လို့ သိရပြီး ခုရက်ပိုင်းမှာ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ အခုလိုရွှေ့ပြောင်းတာလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိကြသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန််းစုကြည်မွေးနေ့ ကျရောက်ပြီးနောက်တရက် ရုံးထုတ်တဲ့နေ့မှာ ရှေ့နေတွေက မွေးနေ့ကိတ် နဲ့ ကိတ်မုန့်ခွဲပေးခဲ့တဲ့အကြောင်း လည်းသတင်းတွေထဲပါရှိခဲ့တာ ဖြစ်ပါတယ်။  

အခြားသတင်းတပုဒ်ကတော့ လက်ပံတောင်းတောင် အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ရှင်းလင်းရေး လုပ်နေတာ ရွာသားတွေဖမ်းဆီးထားတာတွေနဲ့ ဇွန်လ ၂၁ ရက်နေ့ညမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာတွေ ရှိပါတယ်။ နောက်မနက်မှာတော့ ဖမ်းဆီးခံထားရတဲ့ ကျေးရွာသား ၄၀ ကို ပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ နီးတဲ့နေရာတွေဖြစ်လို့ စစ်ကောင်စီအနေနဲ့ တခြားသော ဒေသတွေထက်ကို ပိုပြီးသတိကြီးကြီးထားပြီး ကိုင်တွယ်နေတယ်လို့ ယူဆရပါတယ်။  

တရုတ်နိုင်ငံက စစ်ကောင်စီအပေါ် သြဇာလွှမ်းမိုးမှု အတိုင်းအတာတခုထိရှိကောင်းရှိနိုင်မယ်လို့ ယူဆရပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေး ရမယ့်ဝတ္တရားတော့ ရှိနေတဲ့ သဘောမျိုးတွေ့ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar