ဆောင်းယွန်းလ - ဖုန်းထဲကျပျောက်သွားတဲ့ ကိုယ်ရည်ကိုယ်သွေးများ
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၂
စာအုပ်တွေဟာ
စားပွဲပေါ်ကထွက်ပြေးသွားပြီး
ဆယ်လူလာဖုန်းထဲမှာလွတ်မြောက်သွားခဲ့
အဲဒီမှာ
မျောက်သစ်ကိုင်းလွတ်သွားကြတော့တာပါဘဲ
ဘာလုပ်လုပ် ဘာကိုင်ကိုင် မထိတထိ
သွက်သွက်လက်လက်လှုပ်ရှားနေတဲ့
ဖုန်းမျက်နှာပြင်ထက်က လက်ချောင်းတွေဟာ
ကမ္ဘာကြီးကိုကယ်တင်ဖို့ သေချာမသေချာဆိုတာ
မရေရာခဲ့ပေမယ့်
အဆန်းအပြားကိုတီထွင်ခဲ့သူများသာ
ဘီလျံဒါစာရင်းဝင်သွားခဲ့ကြတယ်
ကိုယ့်မျှော်လင့်ချက်ထဲဝင်လာတဲ့၂၅ရာခိုင်နှုန်းကိုမှ
မျှော်လင့်တကြီးလက်မခံနိူင်ခဲ့ရင်
ရာနှုန်းပြည့်ဒိုင်ခံရှင်းနေရမယ့်ခေတ်ကာလကြီးဆိုတော့
ချော့တစ်ခါခြောက်တစ်လှည့်နဲ့
အပေါက်တည့်အောင်ကန်သွင်းနေရတဲ့ ဘောလုံးတွေ
ရွှေခေတ်ဟာ ကြေးဖြစ်သွားခဲ့ပါပေါ့
ပေါ့ပေါ့နေ ပေါ့ပေါ့စား
အရာအားလုံးဟာ ပေါ့ပေါ့ပါးပါးကြီးကိုဖြစ်လို့
အဖြစ်ကမနှစ်ကနဲ့မတူဆိုတဲ့စကားဟာ
သွေးထွက်အောင်မှန်လွန်းနေခဲ့ပါပြီ
လူစင်စစ်က စက်ရုပ်တွေဖြစ်သွားကြတဲ့ကာလကြီး
မီးလောင်နေလည်း ခပ်အေးအေး
ရေကြီးနေလည်း အပူအပင်မရှိ
စာအုပ်တွေဟာ
စားပွဲပေါ်ကထွက်ပြေးသွားပြီး
ဆယ်လူလာဖုန်းထဲမှာလွတ်မြောက်သွားခဲ့တယ်။
ဆောင်းယွန်းလ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar