Breaking News

နန္ဒလင်းရှိန် - မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုပြဿနာကို အာဆီယံက ဘာကြောင့် မသိကျိုးကျွန်ပြုနေသလဲ

နန္ဒလင်းရှိန် - မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုပြဿနာကို အာဆီယံက ဘာကြောင့် မသိကျိုးကျွန်ပြုနေသလဲ
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၂

မြန်မာ့နိုင်ငံရေးဟာ မကြာခင် တဆစ်ချိုးပြောင်းတော့မယ် အရိပ်အရောင်တွေ မြင်နေရတယ်။ အရင်တုံးကတော့ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်လို့တမျိုး၊ ပြည်ထဲအရေးပေါက်နဲ့ကျေးလို့တမျိုး ပြောတတ်ဆိုတတ်ကြပေမယ့် အခုကတော့ မကြာခင်မှာ အလွန်ကြီးမားပြီး သမိုင်းဝင်မယ့် အချိုးအကွေ့ပေါ်လာတော့မှာ အသေအချာလို့ဆိုရပါတော့မယ်။ ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်ရဲ့ကံကြမ္မာကို စစ်တပ်က ကြိုးကိုင်ချယ်လှယ်ခဲ့တာ ၂၀၂၁ အထိပဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာပဲဆိုတဲ့စကားအတိုင်း ၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်တပ်ဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခဲ့ပြီ ဖြစ်တယ်။ ပြည်သူ့ထံက အာဏာကို ပြည်သူကမပေးဘဲ ဇွတ်အဓမ္မ လုယူခဲ့ခြင်းရဲ့အကျိုးဆက်ကြောင့် တပ်မတော်ဆိုတာ မြန်မာပြည်သူတို့နှလုံးသားနဲ့ဦးနှောက်ထဲမှာ ကွယ်ပျောက်သွားခဲပါပြီ။ အခုတော့ အမည်ဆိုးနဲ့ကြော်ကြားတဲ့ အကြမ်းဖက် စစ်တပ်လို့ ပြည်တွင်းပြည်ပမှာ နာမည်ပေါက်ခဲ့ပြီဖြစ်တယ်။ ဒါဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးမှု သို့မဟုတ် အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်လို့ ဆိုရမှာဖြစ်ပါတယ်။ တပ်မတော်ရဲ့ ရှေးက ဂုဏ်ရောင်ပြောင်ခဲ့တဲ့ အစဉ်အလာဟာ ပြန်ဆယ်ယူလို့မရတော့အောင် စုန်းစုန်းမြုပ်သွားခဲ့ပါပြီ။ ပြည်သူ့ဆန်စားပြီး ပြည်သူကို ပြန်လည်စော်ကm; ရိုးင်းပျမှုရဲ့ ရလဒ်ဆိုရင် မမှားပါဘူး။

ဒီကနေ့တိုင်းနဲ့ပြည်နယ်အနှံ့မှာ ဂျန်ဇီးလူငယ်မျိုးဆက်တွေ ထူထောင်လိုက်တဲ့ People’s Defense Force (PDF) ဆိုတဲ့ တပ်ပေါင်းစုဟာ အကြမ်းဖက်စစ်တပ်အစား ပြည်သူတွေရဲ့နှလုံးသားနဲ့ဦးနှောက်ထဲမှာ ခိုင်မာစွာ နေရာယူခဲ့ပြီဖြစ်တယ်။ ဒါဟာလည်း လူငယ်မျိုးဆက်သစ်တွေရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရာက ပေါ်ထွက်လာတဲ့ အကျိုးဆက်ပါပဲ။ လိုရင်းပြောရရင် စေတနာကောင်းရင် အကျိုးဆက်ကောင်းပါတယ်။ စေတနာဆိုးရင် အကျိုးဆက်ဆိုးပါတယ်။ သူတို့စေတနာက ဘယ်လောက်ဖြူစင်သလဲဆိုရင် သူတို့အသက်တွေနဲ့အရင်းတည်ပြီး နိုင်ငံနဲ့ပြည်သူတို့ရဲ့ အနာဂတ်ကို ထုဆစ်ပေးနေကြခြင်း ဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုးအတ္တအတွက် လက်အောက်က စစ်ဗိုလ် စစ်သားတွေရဲ့ အသက်ကို စတေးပြီး၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေချိန်မှာ၊ ဂျန်ဇီးလူငယ် မျိုးဆက်တွေရဲ့ PDF တပ်မတော်ကတော့ မြန်မာပြည်သူတွေရဲ့ရှေ့မှာ မားမားရပ်ပြီး လွတ်လပ်ရေး တရားမျှတရေးနဲ့တန်းတူညီမျှရေးအတွက် မတွန့်မဆုတ် တိုက်ပွဲဝင်နေကြပေတယ်။ စေတနာချင်းက မိုးနဲ့မြေ ကွာခြားနေတာကိုကြည့်ရင် မကြာမီ နိုင်ငံရေးရလဒ် အဖြေအသစ်တခု ပေါ်ထွန်းလာမှာကို မြင်နေရသလိုပါပဲ။
 
လတ်တလော တိုင်းပြည်ရဲ့အခြေအနေကို ကြည့်ရင်လည်း ပြောင်းလဲရတော့မယ့် သင်္ခါရသဘောလက္ခဏာတွေပေါ်နေတာ အထင်းသားမြင်နေရတယ်။ နိုင်ငံရေးအရ စစ်ကောင်စီဟာ လူထုထောက်ခံမှု သုညအထိကျဆင်းသွားတာ တွေ့နိုင်တယ်။ စီပွားရေးအရ မြန်မာ့ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဆယ်နှစ်တခုအတွင်း မြန်မာနိုင်ငံက ငွေကြေးနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ကိုဗစ်နဲ့ လက်ရှိနိုင်ငံရေးကြောင့် နောက်ပြန်ဆုတ်မယ့် စိန်ခေါ်မှုနဲ့ကြုံနေရတယ်လို့ ကမ္ဘာ့ဘဏ်က ဇူလိုင် ၈ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ သုံးသပ်ထားတယ်။
 
ဒါတင်မက စီမံကွပ်ကဲမှု အလွဲတွေကြောင့် အမေရိကန်ဒေါ်လာ ဈေးကွက်က ထိန်းသိမ်းမရဖြစ်လာတယ်။ ဧပြီလကစလို့ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၁,၈၅၀ ကျပ်အဖြစ် ဗဟိုဘဏ်က ပုံသေသတ်မှတ်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံခြားငွေကြေး အထူးသဖြင့် အမေရိကန်ဒေါ်လာနဲ့ ဆက်စပ်တဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ဒေဝါလီခံရအောင် ဖန်တီးလိုက်သလို ဖြစ်ကုန်တာ မြင်တွေ့ရတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီတွေလည်း မြန်မာနိုင်ငံမှာ အလုပ်လုပ်ကြတော့မည်မဟုတ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမည်ဆိုပါက မည်သူကမျှ ငွေထုတ်ချေးမည် မဟုတ်။ ဒေါ်လာနဲ့ အကြွေး ဆပ်ခွင့် မပြုဆိုတဲ့ စစ်ကောင်စီအမိန့်ကြောင့် ကုမ္ပဏီတွေခမြာ မူလအရင်း ငွေပါဆုံးရတော့မည့်အခြေအနေဖြစ်နေပြီ။ တနည်းအားဖြင့် နိုင်ငံအတွင်းလည်ပတ်နေတဲ့ နိုင်ငံခြားငွေကြေးတွေကို အာဏာအလွဲသုံးပြီး စစ်တပ်က လုယူလိုက်တဲ့သဘောပါပဲ။ ဒေါ်လာနဲ့ အကြွေးဆပ်ခွင့် ပိတ်ပင်လိုက်ခြင်းဟာ သီရိလင်္ကာလမ်းစဉ် ဥပမာအရ ဒေဝါလီခံရမယ့်ကိန်း ဆိုက်တော့မယ်ဆိုတဲ့ နိမိတ်လို့ဆိုနိုင်ပါတယ်။
 
 စစ်ရေးအခြေအနေကို ကြည့်ရင်လည်း အကြမ်းဖက် စစ်တပ်ရဲ့အကျအဆုံးက မကြုံဘူး မကြားဘူးတဲ့ ကိန်း ဂဏန်းတွေ ဖြစ်နေတယ်။ လေကြောင်းပစ်ကူမရရင် စစ်မတိုက်နိုင်တော့တဲ့ အခြေအနေပါ။ နယ်မြေစိုးမိုးနိုင်စွမ်း ၅၀% မက ကျဆင်း သွာပါပြီ။ အာဏာသိမ်းမှု ကာလတလျှောက် အကျအဆုံးက နှစ်သောင်းနီးပါးရှိပြီလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြတယ်။ သံတမန်ရေးစစ်မျက်နှာမှာဆိုရင်လည်း နိုင်ငံတကာ စင်မြင့်တွေမှာ တခုမှ မျက်နှာပြခွင့်တောင် မရတော့ပါဘူး။ တရုတ်နဲ့ရုရှားကို ခြေသလုံးဖက်ဖို့ကြိုးစားပေမယ့်လည်း အဆင် ပြေပုံမရပါဘူး။ ဒီတော့ အကြမ်းဖက်စစ်ကောင်စီဟာ ကမ္ဘာ့အလယ်မှာ အရှက်ကွဲ မျက်နှာငယ်နေရပြီဖြစ်တယ်။
 
ဒီအတောအတွင်း ကုလသမဂ္ဂလက်အောက်ခံ OCHA ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ဇူလိုင်လ (၁၁) ရက် အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ (၁) သန်းကျော်အထိ ရှိနေပြီလို့ သိရတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေဟာ စစ်ပွဲတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံ တောင်ပိုင်း၊ အရှေ့တောင်ပိုင်း ဒေသများအပါအဝင်၊ အထက်အညာက ဒေသခံ ပြည်သူတွေဖြစ်တယ်လို့  ကုလသမဂ္ဂလက်အောက်ခံ လူသားချင်းစာနာမှုအကူညီပေးရေးအဖွဲ့များရဲ့ စစ်တမ်းများအရ သိရတယ်။
 
OCHA ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ နေရပ်စွန့်ခွက်ထွက်ပြေးရသူ အရေအတွက် ရ၈၃,၄၀၀ ဦးအထိ ရှိပြီး ဒီမတိုင်ခင်က ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေ ၃၄၆,၆၀၀ ဦး ရှိတယ်လို့ ဆိုပါတယ်။ OCHA နဲ့ မိတ်ဖက်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ (၁၈) ရွာမှ အနည်းဆုံး ၁၂,၃၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ(၇) ရွာမှ ၁,၀၀၀ ဦး၊ မွန်ပြည်နယ် သထုံမြို့နယ် က ၁,၅၀၀ ခန့်၊ ကရင် ပြည် နယ် ဖားအံမြို့နယ်မှ  ၅၀၀ ဦး၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ရ၀ ဦးနဲ့ မိုးကောင်းမြို့နယ်မှာ ၃,၀၀၀ ဦးခန့် ပါ ဝင်ကြောင်း သိရသည်။ ဒီ စာရင်းမှာ လက်လှမ်းမီသလောက် စာရင်းမျှသာဖြစ်ပြီး မြေပြင်လက်တွေ့ အခြေအနေမှာ ဒီထက်မက များပြားနိုင်ကြောင်း OCHA က ဆိုထားတယ်။
 
ဒါက ဘာကိုပြနေသလဲဆိုရင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့်အစား၊ ပြည်သူတွေကို ရန်သူသဖွယ်သဘောထား၊ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်တယ်။ ကမ္ဘာ့အလယ်မှာ အကြမ်းဖက်စစ်တပ်အဖြစ် နာမည်ဆိုးနဲ့ ကြော်ကြားစေခဲ့တယ်။ ကိုယ့်အတတ်နဲ့ ကိုယ့်ပြန်စူးခြင်းဖြစ်တယ်။ အဆင်းလမ်းပေါ်မှာ ဘရိတ်မမိတော့တဲ့ အနေအထားလို့ဆိုရမယ်။

ဒီလိုအနေအထားတွေကြောင့် အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့ APHR က မြန်မာဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn ကို၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့၊ ဇူလိုင် ၁၈ ရက်နေ့က တိုက်တွန်းလိုက်ခဲ့တာတွေ့ရတယ်။ Prak Sokhonn ရဲ့ မကြာသေးမီက မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ APHR အဖွဲ့က ထပ်မံတိုက်တွန်းလိုက်တာဖြစ်တယ်။
 
ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြောဆိုသင့်တယ်လို့လည်း APHR အဖွဲ့ရဲ့ကြေညာချက်မှာ ထောက်ပြထားပါတယ်။ ဒါက ဘာကိုပြသနေသလဲဆိုရင် ပြည်သူကို အကြမ်းဖက်ဖို့လောက်သာသိတဲ့ စစ်ကောင်စီအစား ပြည်သူထောက်ခံတဲ့ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ပါလို့ဆိုလိုတယ်။ ဒါဟာလည်း ရွေ့လျောလာတဲ့ အပြောင်အလဲရဲ့ အစဖြစ်တယ်။
 
စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ အာဆီယံဘုံသဘောတူညီချက်တွေ အကောင် အထည်ဖော်ဖို့ ပျက်ကွက်တာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့အဖွဲ့က တာဝန်ယူအောင် အာဆီယံက ကြိုးစားဖို့လည်း  APHR အဖွဲ့က ထပ်မံတိုက်တွန်းထားသေးတယ်။ ဒီ့အပြင် မြန်မာစစ်တပ်ဟာ တိုင်းပြည်မတည်ငြိမ်ရတဲ့ အဓိကလက်သည်ဖြစ်ပြီး အာဆီယံအသင်းဝင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ တရားမဝင် အုပ်ချုပ်မှုကို အသိအမှတ်မပြုသင့်ဘူးလို့ APHR က ထောက်ပြ ပြောဆိုခဲ့တာတွေ့ရတယ်။ မြန်မာပြည် ကျဆုံးနေတာကို ပြန်ဆယ်ပြီး ပုံမှန်အခြေအနေ ပြန်ရောက်ဖို့နဲ့၊  ဒီမိုကရေစီစနစ် အကောင်အထည်ဖော်တာကို အမှန်တကယ်မြင်လိုရင် NUG နဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီသင့်တယ်လို့လည်း APHR အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားကြောင်း RFA သတင်းက ဆိုတယ်။
 
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုကူညီရေးတွေ ကင်းမဲ့နေတဲ့အပေါ် နိုင်ငံတကာလွှတ်တော်အမတ်များ စုံစမ်း စစ်ဆေးရေးအဖွဲ့ (IPI) က စတုတ္ထအကြိမ်မြောက် ကြားနာပွဲမတိုင်ခင် ပြစ်တင်ရှုတ်ချလိုက်တယ်လို့ ကြားသိရတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ ပြည်တွင်းအခြေအနေတွေ ပိုဆိုးလာခဲ့ပြီး၊ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာ အကူ အညီတွေမရဘဲ ဖြစ်နေတာနဲ့ပတ်သက်လို့ အာဖရိက၊ အမေရိက၊ အာရှနဲ့ ဥရောပတိုက်လေးတိုက်ထဲက  (၇) နိုင်ငံက လွှတ်တော်အမတ်တွေက မြန်မာနိုင်ငံအကျပ်အတည်းအပေါ် ကမ္ဘာ့တုံ့ပြန်ချက်အကြောင်း နိုင်ငံတကာလွှတ်တော် အမတ်များ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IPI) ရဲ့ စတုတ္တအကြိမ်မြောက် ကြားနာပွဲမှာ ပြောဆိုကြမှာ ဖြစ်တယ်လို့ဆိုတယ်။

မြန်မာပြည်က သန်းပေါင်းများစွာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးကို ကာကွယ်ဖို့ အချိန်လွန်နေပြီ၊ ဒါကို အလေးပေး ဆောင်ရွက်ရမယ့်အစား ဆန့်ကျင်ဘက်ဖြစ်နေတာပဲ မြင်နေရတယ်။ ဒေသတွင်းရော ကမ္ဘာမှာပါ အရေးပါတဲ့နိုင်ငံတွေက မြန်မာ့အရေး ကြိုးပမ်းအားထုတ်မှုနည်းနေတယ်။ ဒီနှစ်မှာ မြန်မာနိုင်ငံကို ပေးဖို့လိုနေတဲ့ အကူအညီရဲ့ (၉ဝ%) လောက်ကို လျော့နည်းနေတယ်လို့ IPI က ထောက်ပြထားတယ်။ ဒီလို ပျက် ကွက်နေတာတွေရပ်ပါတော့လို့ ဥရောပ ပါလီမန် ဒု-ဥက္ကဌလည်းဖြစ်၊ IPI ကော်မတီဥက္ကဌလည်းဖြစ်တဲ့ Heidi Hautala က ပြောကြောင်း ကြားသိရတယ်။

ဒီအတောအတွင်းမှာ မြန်မာဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရမယ်ဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ သြဇာကိုပါ အသုံးပြုချင်တယ်လို့ ပြောလိုက်တယ်။ စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနနဲ့ ဇူလိုင်လ ၂၀ ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက စကားဦးသန်းလိုက်တာဖြစ်တယ်။
 
လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်ခင် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံကို တတိယအကြိမ် တရားဝင်ခရီးစဉ်သွားရောက်ဖို့ စီစဉ်နေတယ်လို့  ပရက်ဆော့ခွန်းက ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းဆွေးနွေးလိုတဲ့ အရေးအကြီးဆုံးအချက်က မြန်မာနိုင်ငံရဲ့ရှေ့ရေး အနာဂတ်၊ လက်ရှိ အကျပ်အတည်းကနေ ဘယ်လိုထွက်မြောက်နိုင်မလဲ၊ သူ့ရဲ့ နိုင်ငံရေးသြဇာနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု ကိစ္စတွေ ဖြစ်တယ်လို့ Prak Sokhonn က ဆိုတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့ အခြေခံမူကို လက်နက်ကိုင်အဖွဲ့တွေကြား ဘယ်လို ဘယ်ပုံ သက်ရောက်အောင် ဆောင်ရွက်မလဲဆိုတဲ့အချက်ကိုလည်း မေးမြန်းလိုကြောင်း ပြောဆိုခဲ့တယ်။ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ ပြီးခဲ့တဲ့ တရားဝင် မြန်မာနိုင်ငံခရီးစဉ် နှစ်ခုအတွင်း အာဏာသိမ်းစစ်ကောင်စီက နေပြည်တော် အကျဉ်းထောင်မှာ ချုပ်နှောင်ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုခဲ့ပါဘူး။
 
ဒီအခြေအနေကို ကြည့်ရင် အဖက်ဖက်မှာ အကျဉ်းအကြပ်ဆိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ထွက် ပေါက်ရှာပေးလိုတဲ့ အာဆီယံကိုယ်စားလှယ် Prak Sokhonn ရဲ့နောက်ဆုံးဖဲချပ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ သတိပြုရမယ့်အချက်က Prak Sokhonn ရဲ့နောက်ကွယ်မှာ တရုတ်နိုင်ငံရှိနေတဲ့ကိစ္စပါပဲ။ တရုတ်က မြန်မာကို ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်သွင်းလိုတဲ့သဘောရှိတယ်။ ဒါကြောင့် Prak Sokhonn ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး ကြိုးပမ်းခိုင်းပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းရည်ကို ၀မ်ယီနဲ့ ပရက်ဆော့ခွန်းတို့ လျှော့တွက်ထားပုံပါပဲ။ တနည်းအားဖြင့် တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရွှေပြည်အေးဝါဒကို Prak Sokhonn အနေနဲ့ဖေါ်ဆောင်ပေးဖို့ပါပဲ။ ဒါဟာ တရုတ်အကျိုးစီးပွား ကာကွယ်ရေးလုပ်ခြင်း ဖြစ်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ Prak Sokhonn ရဲ့ အကြံအစည် အောင်မြင်ဖွယ်ရာ မမြင်ပါဘူး။ အကြောင်းကတော့ မင်းအောင်လှိုင်ရဲ့အဆိုအရ အာဏာသိမ်းစစ်အစိုးရအဖွဲ့ကို မဖျက်ရ၊ ၂၀၀၈ ဖွဲ့စည်းပုံကိုမဖျက်ရဆိုတဲ့ ဟာသပျက်လုံးကြောင့်ပါပဲ။ မင်းအောင်လှိုင်အနေနဲ့ သူ့စစ်တပ်ကို စစ်တန်းလျားမှာ ပြန်နေခွင့်ပေးပါလို့ တောင်းဆိုခဲ့ရင်တောင် ဂျန်ဇီးလူငယ် မျိုးဆက်တွေရဲ့ PDF တပ်ဖွဲ့တွေက ခွင့်ပြုမယ့်ပုံ မတွေ့ရဘူး။

အာဆီယံသံတမန် Prak Sokhonn အနေနဲ့ အမှန်တကယ် လုပ်သင့်တာက အရှေ့တောင်အာရှ လွှတ်တော်အမတ်များ အဖွဲ့ (APHR) က တိုက်တွန်းသလို NUG နဲ့ CRPH  တို့နဲ့ ကနဦးတွေ့ဖို လိုပါတယ်။ မြန်မာပြည်သူတွေနဲ့ ဂျန်ဇီးလူငယ် မျိုးဆက်သစ်တွေရဲ့ အမြင်သဘောထားကိုလည်း Prak Sokhonn အနေနဲ့ သိအောင်လုပ်ဖို့လိုပါတယ်။ အဲဒီလို အခြေအနေပုံကြမ်းကို သိအောင်လုပ်ပြီးမှသာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကြိုးစားသင့်တယ်။ အာဏာကို ပြည်သူကမပေးဘဲ ဇွတ်အဓမ္မ လုယူခဲ့ခြင်းကြောင့် မင်းအောင်လှိုင်နဲ့သူ့စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ နှလုံးသားနဲ့ဦးနှောက် ထဲမှာ နေရာမရနိုင်တော့ဘူးဆိုတဲ့အချက်ကို Prak Sokhonn သိစေချင်တယ်။ နောက် မြန်မာပြည်သူတရပ်လုံးက ၂၀၀၈ ဖွဲ့စည်ပုံကို ဖျက်သိမ်းပြီးခဲ့ပြီဆိုတဲ့အချက်ကိုလည်း Prak Sokhonn သိဖို့လိုတယ်။ ဒီအခြေအနေတွေကို ထဲထဲဝင်ဝင် သိအောင်မလုပ်ဘဲနဲ့ မြန်မာ့အရေးမှာ ကြားဝင်စေ့စပ်လို့ မရနိုင်ဘူး။ လက်ရှိအခြေအနေအရ ရွှေပြည်အေးတရားဟော နေခြင်းဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အထပ်ထပ်အပြန်ပြန် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်ကောင်တွေကို အာဆီယံက ကာကွယ်ရာရောက်ပါလိမ့်မယ်။ ဒါကြောင့် Prak Sokhonn အနေနဲ့ အာဆီယံရဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို ပြန်လှန်ဖတ်ကြည့်ဖို့လိုပါလိမ့်မယ်။
 
အချုပ်ပြောရရင် Prak Sokhonn အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အကာအကွယ်ပေးဖို့မကြိုးစားပါနဲ့။ အဲဒီလို ကြိုးစားနေရင် Prak Sokhonn ကိုယ်တိုင် အကြမ်းဖက်ဝါဒဘက်က ရပ်တည်သူလို့ ပြောစရာဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ ထောက်ခံမှုအရ ပြည်သူ့ကိုယ်စားပြုမှု အမှန်တကယ်ရရှိထားတဲ့ NUG နဲ့ CRPH  တို့နဲ့သာ မြန်မာ့အရေးကို ဆက်လက်ညှိနှိုင်းဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို ဆက်လက် အကာအကွယ်ပေးနေရင် အာဆီယံအဖွဲ့ကြီးသည်ပင် အကြမ်းဖက်ဝါဒရဲ့ ကိုယ်စား လှယ်ဖြစ်သွားနိုင်တဲ့အချက်ကို သတိပြုသင့်တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar