Breaking News

အောင်သူငြိမ်း - ထိုင်းအစိုးရနဲ့ ကာကွယ်ရေးဘတ်ဂျက်


အောင်သူငြိမ်း - ထိုင်းအစိုးရနဲ့ ကာကွယ်ရေးဘတ်ဂျက် 
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၂

မနေ့က အင်္ဂါနေ့ (၁၉ ဇူလိုင်၊ ၂၀၂၂) မွန်းလွဲပိုင်းကစလို့ ထိုင်းအစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို လွှတ်တော်ထဲမှာ စတင်ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ ဇူလိုင် ၂၂ (သောကြာနေ့) အထိ ဆွေးနွေးပြီးတဲ့အခါ မဲခွဲပါလိမ့်မယ်။ အတိုက်အခံတွေဖက်က အနိုင်ရဖို့ သိပ်တော့ မသေချာလှသေးပါဘူး။ 

ဝန်ကြီးချုပ် ပရာယွတ်အနေနဲ့ ပြည်သူတွေကိုယ်တိုင် အခု အယုံအကြည်မရှိအဆို ဆွေးနွေးမှုတွေကို နားစွင့် နားထောင်ကြဖို့ တိုက်တွန်းထားမှု ရှိသလို၊ လူထုတွေကလည်း စိတ်ဝင်စားကြမယ် ထင်ပါတယ်။ ဒီ လွှတ်တော်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဆူအဲန် ဒူဆစ်ရတ်ချဖတ် တက္ကသိုလ်ကလုပ်တဲ့ စစ်တမ်းတခုမှာတော့ ၈၃.၃၈% သော ဖြေကြားသူများကတော့ အစိုးရကို ကြိတ်သင့်တယ်လို့ မြင်ကြပါတယ်။ ၁၆.၆၂% ကတော့ မဖြစ်သင့်ပါပေါ့။ 

ပြီးခဲ့တဲ့ လတွေက ထိုင်းနိုင်ငံ ၂၀၂၃ ခုနှစ် ဘတ်ဂျက် ဘေလ်ကို အတည်ပြုခဲ့ပါတယ်။ စုစုပေါင်း ဘတ်ဂျက်အသုံးစရိတ် ပမာဏ ၃.၁၈၅ ထရီလီယံ ဘတ်ရှိပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ ဘတ်ဂျက်နှစ် စတင်ပါမယ်။ လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးပြီးတော့ မဲတော့ ခွဲခဲ့ရပါတယ်။ ထောက်ခံ ၂၇၈ မဲ- ကန့်ကွက် ၁၉၄ မဲ ရှိပါတယ်။ ကြားနေ ၂ မဲ ရှိပါတယ်။ (အောက်လွှတ်တော် အမတ် ၅၀၀ အနက် ၄၉၄ တက်ရောက်သူ ရှိပါတယ်။ 

အခုဘတ်ဂျက်မှာ ဘတ်ဂျက်လိုငွေပြမှု ၆၉၅ ဘီလီယံဘတ် ရှိနေပြီးတော့ GDP ရဲ့ ၃.၉% ရှိပါတယ်။ အခုဘတ်ဂျက်ကို ရေးဆွဲ သူတွေကတော့ ဘတ်ဂျက်အသုံးပြုမှုကြောင့် စီးပွားရေး မှာ အခုနှစ် ၃.၅-၄.၅% တိုးတက်စေမယ်။ နောင်နှစ်မှာ ၃.၂- ၄.၂% တိုးတက်စေမယ်လို့ တွက်ချက်ကြပါတယ်။

ကာကွယ်ရေးဘတ်ဂျက် 
ကာကွယ်ရေးဘတ်ဂျက်ကိုတော့ ၁၉၇.၂ ဘီလီယံ ဘတ် သုံးဖို့လျာထားပါတယ်။ အရင်နှစ်ထက်စာရင် ၄.၃၇ ဘီလီယံဘတ် လျှော့နည်းပါတယ်။ ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်က ခုခံချေပရာမှာ ရေတပ်က S26T Yuan-class ရေငုတ်သင်္ဘောဝယ်ဖို့ လျာထားငွေ ၄၀.၃ ဘီလီယံ ဘတ်ပါဝင်ပါတယ်။ ဂျာမဏီက တရုတ်သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီကို အင်ဂျင်ရောင်းချရေး ကန့်ကွက်နေတာကြောင့် ကြန့်ကြာနေပြီး၊ ၂၀၂၄ မှာတော့ ရေငုတ်သင်္ဘောရမယ်လို့ ခန့်မှန်းထားပါတယ်။ 

အဲဒါအပြင် ရေတပ်က အစ္စရေးနိုင်ငံလုပ် Hermes 900-model ဒရုန်း (UAV) များ ဝယ်ဖို့ တစင်းကို ၁.၃၄ ဘီလီယံ လျာထားပါတယ်။ အတိုက်အခံကတော့ ဖိလစ်ပိုင်ကပဲ အခုအမျိုးအစားဝယ်တာ ဈေးပိုချိုတယ်လို့ ဖော်ပြပါတယ်။

ထိုင်းလေတပ်ကလည်း သက်တန်းရင့်လာတဲ့ F16 တိုက်လေယာဉ်တွေကို အစားထိုးနိုင်ဖို့ F-35A ဂျက် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ တစင်းကို ၂.၇ ဘီလီယံနဲ့ တင်ပြပါတယ်။ တအုပ်စုဝယ်မှာဖြစ်ပြီး၊ ပြင်ဆင်ထိန်းသိမ်းစရိတ် တနာရီကို ၁.၂ သန်း ဘတ် ကုန်ကျမယ်လို့လည်း လျာထားဖော်ပြပါတယ်။ 

အခု ဘတ်ဂျက်မှာ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး သတင်းစာခေါင်းကြီးပိုင်းတွေမှာပါ ဝေဖန်ရေးကြပါတယ်။ ပထမတခုက GT 200 စစ်ဆေးရေးကရိယာတွေနဲ့ ပတ်သက်ပါတယ်။ ၂၀၀၅ ကနေ ၂၀၁၀ အထိ တပ်မတော် အပါအဝင် ထိုင်း အစိုးရ မူးယစ်နှိမ်နင်းရေးဌာနတွေက လူတွေကို စစ်ဆေးရေးကရိယာ GT 200 ၁၃၅၀ ခုကို အင်္ဂလန်အခြေစိုက် Global Technical Ltd. က ဝယ်ယူခဲ့ပါတယ်။ ထိုင်းဘတ် ၁.၁၃ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ အချို့စက်တွေက အထဲမှာ ဘာမှမပါ၊ လိမ်လည်တာတွေဖြစ်လို့ နာမည်ကျော်ခဲ့ပါတယ်။ အဲဒီအချိန်က ဝန်ကြီးချုပ် အဖိချစ်က ဝယ်ယူတာတွေ ရပ်ဆိုင်းဖို့ အမိန့် ထုတ်ခဲ့ရပါတယ်။ ဒီပြစ်မှုအတွက် UK က တရားရုံးက James McCormick ကို ၂၀၁၆ မှာ ထောင်ဒဏ် ၁၀-နှစ် ချမှတ်ခဲ့ ပါတယ်။ အခု စစ်တပ် ဘတ်ဂျက်မှာ ဝယ်ယူပြီးခဲ့တဲ့ စက် ၇၅၇ ခုကို ပြန်စစ်ဆေးဖို့ တခုကို စစ်ဆေးခ ၁၀,၀၀၀ ဘတ်နှုန်းနဲ့ National Science and Technology Development Agency (NSTDA) ကို ၇.၅ သန်းဘတ် ထပ်ချပေးပြန်ပါတယ်။  လွှတ်တော်အမတ်တွေက ကွိုင်ကြပါတယ်။ 

ကာကွယ်ရေးဝန်ကြီး ပြန်ဖြေတာကတော့ အခုကိစ္စက ရှေ့နေချုပ်ရုံး အကြံပေးချက်တွေအရ လုပ်တာ၊ ဒီပစ္စည်းကို အာမခံပေးခဲ့တဲ့ ကုမ္ပဏီ AVA Satcom ကနေ ဘတ် ၆၈၃ သန်း လျော်ကြေး ပြန်တောင်းရအောင်လို့ ထုချေပါတယ်။ 

ဒီနေ့ ဘန်ကောက်ပို့သတင်းစာမှာပဲ ခေါင်းကြီးပိုင်းတပုဒ် ထပ်ဖော်ပြပါသေးတယ်။ စစ်တပ်ဘတ်ဂျက်ကနေ VIP အဆင့်မြင့် စစ်တပ်အရာရှိ ၃၆ ဦးအတွက် “အထူးအမိန့်ပေးယာဉ်” ဝယ်ယူဖို့ ကိစ္စပါ။ ကြည့်လိုက်တော့ ဇိမ်ခံ မာစီးဒီး ဘန့်ဇ် (Mercedes-Benzs -- 8500 – 8400) မိုဒယ်တွေ ဖြစ်နေပါတယ်။ အဲဒီမတိုင်မီမှာပဲ စစ်တပ်က စည်းမျဉ်းတခု ပြင်လိုက်ပါသေးတယ်။ စစ်တပ်က စီနီယာ ကာနယ်တွေကနေ ဗိုလ်ချုပ်တွေအထိ Non-executive officers များကို ကားထောက်ပံ့ပေးဖို့ပါ။ အမတ်တွေက ဝေဖန်တဲ့အခါ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက “ဒီကားတွေက အင်ဂျင်ကောင်းလို့” လို့ ဖြေပါတယ်။ 

ထိုင်းပြည်သူတွေက စစ်တပ်ကို သံသယထားကလည်း မထူးဆန်းလှပါဘူး။ ဒီပြဿနာတွေက ပိုလို့သံသယကြီးစေပါတယ်။ ကာကီ ယူနီဖောင်းဝတ်တွေက ပြည်သူတွေအပေါ် သံသယရှိရကောင်းလားဆိုပြီး အပြစ်ဆိုမနေသင့်ပါဘူးလို့ ဘန်ကောက်ပို့စ် သတင်းစာ ခေါင်းကြီးပိုင်းက ရေးထားကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar