Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၀ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၂


စစ်အာဏာရှင်စနစ်က စီးပွားရေးအကြောင်းကြောင့် ပြိုမှာလား ၊ လက်နက်ကိုင် တော်လှန်ရေးကြောင့် ပြိုမှာလား

ဖိနှိပ်တဲ့ စစ်အာဏာရှင်စနစ် ၊ တိုင်းရင်းသားအခွင့်အရေးတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အာဏာရှင်စနစ်၊ ကျောင်းသားတွေကို အစဥ်အမြဲ ရန်လိုနှိမ်နင်းလေ့ရှိတဲ့ စစ်အာဏာရှင်စနစ်ဟာ လက်နက်ကိုင် တော်လှန်ရေးကြောင့် ပြိုကျချုပ်ငြိမ်းမှာလား၊ စီးပွားရေးအကျပ်အတည်းကြောင့် ပြိုကျမှာလား သို့တည်းမဟုတ် စီးပွားရေးနဲ့ လက်နက်ကိုင် တော်လှန်ရေး နှစ်ခုပေါင်းဆုံပြီး ပြိုကျမှာလားဆိုတဲ့ မေးခွန်းတွေ ခုရက်ပိုင်းပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့နိုင်ငံတွေမှာကိုဗစ်ကပ်ဘေးရဲ့ အကျိုးဆက် ကုန်ပစ္စည်းထောက်ပံ့ရေး ကွင်းဆက်တွေ ပြတ်တောက်တာ၊ ဝန်ဆောင်မှုတွေ ရပ်နားထားရတာ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေ ရပ်နားထားရတာ စတဲ့အကျိုးဆက်တွေ ခံစားခဲ့ကြရပြီး မြန်မာနိုင်ငံဟာလည်း ဒီအကျိုးဆက်တွေကို ခံစားရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး နှစ်နဲ့ချီ လုံးဝပိတ်ထားရသလောက် ဖြစ်ခဲ့ပြီးမကြာခင်ကမှ စည်းမျဥ်းကန့်သတ်ချက်တွေနဲ့ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ အဲဒီကာလတွေအတွင်း ပြည်တွင်းက ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေးပစ္စည်းတွေ တင်ပို့နိုင်ခြင်းမရှိပါဘူး။ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာလည်း အကန့်အသတ်တွေများစွာနဲ့ ကိုဗစ်ကပ်ဘေးစတင်ခါစကတည်းက ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းခရီးသွားလုပ်ငန်း၊ ပြည်ပ နိုင်ငံက ခရီးသွားတွေကို ၂ နှစ်လောက် ပိတ်ပင်ခဲ့တာကြောင့် ဟိုတယ် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်သိမ်းရတာ ရပ်နားထားရတာတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်တွေ၊ ပြန်လည်ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်တဲ့ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားရှိလာပြီး ပြီးခဲ့တဲ့ နှစ် စက်တင်ဘာက စလို့ မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ ထိုးကျခဲ့တာ ခုဒုတိယအကျော့ ငွေတန်ဖိုးထိုးကျမှု ဂယက်တွေ ထပ်ပြီးဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ မျက်စိရှေ့မှာ စီးပွားရေးပြိုလဲသွားတဲ့ နိုင်ငံအဖြစ် သီရိလင်္ကာကို မြင်တွေ့လိုက်ရပြီး ရာထူးက နုတ်ထွက်ပေးဖို့ ခေါင်းမာခဲ့တဲ့ သမ္မတဖြစ်သူကို လူထုက အိမ်တော်ဝင်စီးတဲ့အခါမှသာ အိမ်တော်က စွန့်ခွာပြီးနောက်ရက်တွေမှာတော့ တိုင်းပြည်ကပါ စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ပြီး မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းပြီးနောက် ငွေတန်ဖိုးကျဆင်းတာ၊ တိုင်းပြည်ထဲမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေ လုပ်ဖို့ခက်ခဲလာတာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာချိန် လောင်စာဆီစျေး၊ ငွေတန်ဖိုးကျဆင်းမှုကြောင့် ရှင်သန်နေထိုင်ဖို့ ပိုကျပ်တည်းလာနေတာတွေကြောင့် သီရိလင်္ကာလို လူထုအုံကြွမှု တခုနောက်ထပ်လာပြီး စစ်ကောင်စီအာဏာကို အဆုံးသတ်စေနိုင်မလားဆိုတဲ့ မျှော်လင့်ချက် မှန်းဆချက်တခု ပေါ်ထွက်လာနေတာလည်း တွေ့ရပါတယ်။  

စစ်အာဏာသိမ်းမှု စစ်တပ်က နိုင်ငံရေး အာဏာလုယူထားမှုကို လက်နက်ကိုင် တိုက်ခိုက်ဖို့ စစ်အာဏာသိမ်းအပြီး လအနည်းငယ်အကြာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အစုအဖွဲ့တွေနဲ့ တိုင်းရင်းသားလူမျိုးစုအလိုက် အသစ်ထွက်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဆုံးဖြတ်ခဲ့ကြပြီး NUG ရဲ့ ပကဖ ၊ ဒေသအလိုက် ပကဖ၊ တိုင်းရင်းသား ကာကွယ်ရေး တပ်ဖွဲ့စသဖြင့် နာမည်အမျိုးမျိုး နဲ့ အဖွဲ့ပေါင်း ရာချီပေါ်ထွက်လာကာ တိုက်ပွဲတွေလည်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားနေခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ စစ်ကောင်စီရဲ့ တပ်တွေကို အထိနာစေခဲ့ပြီး ဒီနည်းလမ်းနဲ့ စစ်အာဏာရှင် ပြုတ်ကျစေမယ်လို့ လူထုကလည်း မျှော်လင့်နေခဲ့ကြတာပါ။ သို့သော် လူထုက မျှော်လင့်သလို လပိုင်းအတွင်း တနှစ်အတွင်း ပြုတ်ကျမှာလားဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောနိုင်သေးတဲ့အခြေအနေ ဖြစ်ပြီး ခု စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ထိန်းချုပ်ဖို့ ဗဟိုဘဏ်ကတဆင့် အမိန့်တွေ ညွှန်ကြားချက်တွေ တမျိုးပြီးတမျိုးထုတ်လာရာက မြန်မာကျပ်ငွေ တန်ဖိုး သိသိသာသာ ထိုးကျပြီး ကုန်ပစ္စည်းတချို့ စျေးကွက်မှာ အချိန်မီမရောက်နိုင်တဲ့ ပြဿနာတွေ မြင်တွေ့လာရတာ ဖြစ်ပါတယ်။ 

ဒီလက္ခဏာရပ်တွေ ဆက်လက်ဖြစ်ပေါ်ပြီး စီးပွားရေးအကျပ်အတည်းက မြန်မာနိင်ငံကို သီရိလင်္ကာလို နိုင်ငံရဲ့ အာဏာချုပ်ကိုင်ထားတဲ့ စစ်တပ်ကို အဆုံးသတ်စေမှာလား ဆိုတာ အခုနေခါ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ မျှော်လင့်ချက် နောက်တခု ဖြစ်လာပါတယ်။ သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားငွေ ပြတ်လပ်မှုကနေ လောင်စာဆီ မတင်သွင်းနိုင် လျှပ်စစ်မီး ပြည့်ပြည့်ဝဝ မပေးနိုင်ရာကနေ နိုင်ငံရဲ့ စီးပွားရေးထိခိုက်ကာ ပညာရေး၊ ကျန်းမာရေး၊ ဝန်ဆောင်မှုတွေ ရပ်တန့်ကုန်တဲ့အထိ ဖြစ်ပြီးနောက်မှာ လူထုက သမ္မတကို ဖိအားပေး နုတ်ထွက်စေခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံကတော့ စစ်တပ်နဲ့ လူထုအုံကြွမှုတွေကို နှိမ်နှင်းခဲ့တဲ့ သမိုင်းအစဥ်အလာရှိသလို ယမန်နှစ်က လူထုဆန္ဒပြပွဲတွေကိုလည်း ပစ်ခတ်နှိမ်နှင်းမှုနဲ့ အဆုံးသတ်စေခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ သီရိလင်္ကာလို ခြစားတဲ့ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံစနစ်မျိုးမဟုတ်တဲ့အချက်ကတော့ ခြားနားတာ ဖြစ်ပါတယ်။ 

အခုလက်ရှိကာလမှာတင် စစ်အာဏာရှင်၊ အာဏာသိမ်းစစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်တဲ့ နည်းလမ်းရွေးချယ်ပြီး ပြုတ်ကျအောင် လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ 

ဒီအခြေအနေမျိုးမှာ စီးပွားရေး အကျပ်အတည်းက လက်နက်ကိုင် တိုက်ပွဲကို ပိုပြီးတွန်းအားဖြစ်စေမလား၊ သို့မဟုတ် လူထုက အခုလို ဒေသအချို့ကို စစ်အုပ်ချုပ်ရေး ကြေငြာအုပ်ချုပ် နေသလို မကြေညာထားတဲ့ စစ်ကိုင်းလို ကယားလို ဒေသတွေမှာလည်း စစ်အုပ်ချုပ်ရေးထက် ဆိုးရွား ရက်စက်တဲ့ မြေလှန်သတ်ဖြတ်တဲ့ အုပ်ချုပ်မှုမျိုး ဖြစ်ပျက်နေနှင့်ပြီး ဖြစ်လို့ ဒိထက်ဆိုးတဲ့အခြေအနေ ရှိပါ့ဦးမလားလို့လည်း တဖက်က တွေးဆစရာ ဖြစ်နေပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar