Breaking News

ပီတာဂလန့် - အာဏားရူးများကို ထည့်သော ဂျင်းကြီးကြီး

Image- Crd
အာဏားရူးများကို ထည့်သော ဂျင်းကြီးကြီး
ပီတာဂလန့်
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၂

စကစငှက္ကဋ္ဌပုကျယ်ကို ကာဘော်လစ်ဆပ်ပြာတုံးကြီး၊ အဲလေ ဘာဘိုးဘွားအမွေ ပတ္တမြားကြီးဆိုလား လာလှူတယ်ဆိုတဲ့ သတင်းတွေ့လိုက်ရတယ်။ ဘယ်တုန်းက ဘယ်လိုဗုန်းထားတယ်တော့ မသိပါဘူး။ အခုမှ အချိန် ကိုက် ဇာတ်ညွှန်းနဲ့ပဏာ၀င်ယူလာပုံပဲ။ နဝတအာဏာရူးတွေ လက်ထက်တုန်းကလည်း နဝတပတ္တမြား ဆိုပြီး ကြားဖူးခဲ့တာကို သတိရမိတယ်။ ဒါတွင် ဘယ်ကလိမ့်မတုန်း၊ ဗိုလ်နေဝင်းပြုတ်ခါနီးတုန်းကလည်း တန်ချိန် ၃၃ တန်ရှိတဲ့ ကမ္ဘာကျော်ကျောက်စိမ်းတုံးကြီးကိုတောင် မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးတာ ပြန်သတိရကြအုံးမယ် ထင်ပါတယ်။ အဲသည်ကျောက်စိမ်းတုံးကြီးလည်း အနှစ်မဲ့မဲ့ အကာပြဲ့ပြဲ့ အဖြုန်းကြီးပဲလား၊ အနှစ်အသား ဘယ်ရွေ့ဘယ်မျှရှိတယ် သတင်းမထွက်ဘဲ ဘယ်ဘဝ ဘယ်စခန်းဆိုက်သွားတယ် ဆိုတာ မသိတော့ပါဘူး။ နောက် ဗိုလ်နေဝင်းကို ဂျင်းထည့်ခဲ့တဲ့ “ရေဆင်”။

စစ်အာဏာရူးစောက်ပေါတွေဟာ သူတို့ကိုယ်သူတို့ ပဒေသရာဇ်အာဏာရူးတွေလိုပဲ အခြောက် တိုက် စိတ်ကြီးတင်ပြီး စိတ်ကူးအတော်ယဥ်တတ်ကြပုံရတယ်။ အခုခေတ်ပေါ် အာ ဏာရူးပုကျယ်လက်ထက်မှာ ဒါ့ထက် တောင်ပိုသေးလို့ ပြောရမယ်ထင်ပါရဲ့။ ပုကျယ်ဟာ သူ့လက် အောက်ငယ်သားတွေကို အကြောက်တရားနဲ့ ထိန်းချုပ်၊ အမိန့်ပေးစေခိုင်းထားနိုင်ရုံနဲ့ သူဘာ သာ မင်းလုပ်လို့ရနိုင်ပြီလို့ အရူးထနေဟန်တူတယ်။

မြန်မာပြည်ကြီးမှာလည်း ဘယ်ခေတ်မဆို ဘယ်လိုနည်းနဲ့ဖြစ်ပါစေ မင်းလုပ်လို့ရပြီဆိုရင် သူတို့ကိုယ် သူတို့ ဘုန်းတန်ခိုးရှိကြလေဟန် အထင်ရောက်ကြပုံပဲ။ ဟိုဟာပေါ် ဒီဟာတွေ့ဆိုပြီး ပြည်သူတွေကိုရော သူ့ကို အကြောက်တရားနဲ့ ချီးပကြမယ့် သူတွေကိုပါ လှိမ့်လုံးတွေသွင်းဖို့ ကြံစည်အားထုတ်ကြရတယ်။ အဲသည်အခါ ဂျင်းကြီးကြီး ပြန်ထည့်နိုင်ကြတဲ့ သူတွေလည်း ရှိခဲ့ဖူးပါရဲ့။ အလိုတူအလိုပါသဘောကော၊ အဆင်း ဘီးတတ်ပေးတဲ့သဘောပါ ပါတယ်လို့ ယူဆရပါတယ်။

ဗိုလ်နေဝင်းလက်ထက် ကြွက်စုတ်ကို ဂျင်းထည့်ခဲ့တာ “ရေဆင်” တဲ့။ အချိန်အတန်ကြာလာတာနဲ့ ညှိုးခြောက်လာပြီး ကြွက်စုတ်မှန်းသိတော့မှ ငြိမ်ပြီး သတင်းတိတ်သွားခဲ့တာကလား။ ဗိုလ်သန်းရွှေတို့ ဗိုလ်ခင်ညွန့်တို့ကိုထည့်ခဲ့တာက “ဆင်ဖြူ” တဲ့။ ဆင်ဖြူကိစ္စတုန်းကို ဂျင်းထည့်လိုက်တာ တိရစ္ဆာန်ဆင်ကြီးကိုလက်အုပ်ချီရှိခိုးတဲ့အထိ ဖြစ်ကုန်ကြတယ်။ သည်တုန်းက ဆရာ ကြီးဒေါက်တာသန်းထွန်း မှတ်ချက်ပေးခဲ့တာကို သတိရမိပါသေးတယ်။ ဆင်လည်း လူတွေမှာလို ခရုသင်းစွဲတာမျိုးဖြစ်တာနေမှာပေါ့၊ ထူးဆန်းတာမှ မဟုတ်တာတဲ့။ မှတ်ကရောပဲ။ အခုချိန်မှာ အဲသည် ဆင်ဖြူဆိုတာချည်းကော ကျောက်တော်ကြီးဘုရားခြေရင်းနားက ဆင်ကျုံးမှာ ရှိမှရှိသေးတော့ရဲ့လား မသိ။

တိရစ္ဆာန်လည်း တိရစ္ဆာန်အလျောက် လူလိုပဲ အပြုပြင်ခံကြရတဲ့ သဘောအတိုင်း ဖြစ်တတ်တာကို အံ့ဘနန်း ထူးထူးဆန်းဆန်းအမှတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထင်တလုံးရောက်ကြသူ အာဏာရူးစောက်ပေါတွေဟာ ခေတ်အဆက်ဆက်ကနေ အခုပုကျယ်လက်ထက်ထိ ဂျင်းထည့်ခံရတာကို သဘောတော်နှစ်ခြိုက်ကြပုံရပါတယ်။ သူတို့ပဲ တန်ခိုးဣတ္တိပါဌ်ရသလိုလို ပေါကြောင်ကြောင် အတွေးတွေနဲ့ ဂယောင်ကတမ်း အိပ်မက်မက်တတ်ကြပုံမှာလည်း အားလုံးဟာ တထေရာ တည်း ချွတ်စွပ်ပဲ။

အခုလည်း ပုကျယ်ကိုဝိုင်းပြီး ဂျင်းထည့်နေကြပြန်ပြီ။ ကာဘော်လစ်ဆပ်ပြာတုံးနဲ့ အတော်တူတဲ့ ပန်းပုထုရုံလောက်သာ အသုံးကျမယ့်ဟာမျိုးလားတော့ဖြင့် မသိပါ၊ ပတ္တမြားတုံးပြီး ပေါ် လာပြန်ပြီ။ ပုကျယ်ကတော့ “ငါကွ” လို့ ဘ၀င်လေဟပ်ကာ သွေးနားထင်ရောက် စိတ်ကြီးဝင်ရပါလေပြီ။ နည်းပညာခေတ်ကြီးမှာ ဘာဘယ်လိုလုပ်ချင်သလဲအကုန်ဖြစ်နိုင်တယ်ဆိုတာ ဉာဏ်ပုသူ ပုကျယ်တို့တသိုက်ကတော့ဖြင့် သိရှာကြမယ် မထင်ပါဘူး။ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို အာဏာရူးတွေ ခေတ်ထသလို ဖြစ်လာရင် ဘေးနားက ကပ်မြှောင်တွေက အုံနဲ့ကျင်းနဲ့ တီကောင်တွေလို ရွံစရာ အထွေးလိုက်တွေ့ရတတ်တယ် မဟုတ်လား။

လက်ရှိ နွေဦးတော်လှန်ရေးကို အထင်စမောပြီး ပုကျယ်တို့ရဲ့ အာဏာရူးယိမ်းနောက် မသိ မသာကော၊ သိသိသာသာပါ ရောရောယောင်ယောင်နဲ့ လိုက်နေမိသူတွေကိုလည်း ကာဘော်လစ်တုံးကြီးကို ရှိခိုးတဲ့အထိ ဦးချချင်စိတ်တွေပေါက်လာခဲ့ရင်လည်း မသင့်လျော်ပါဘူးဆိုတဲ့အကြောင်း သတိပေးလိုက်ချင်တာပါ။
 
ပီတာဂလန့်
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar