သီအိုဇော် - ဗိုလ်ချုပ်ကို တကယ်ချစ်ကြသည်ဆိုလျှင်
သီအိုဇော် - ဗိုလ်ချုပ်ကို တကယ်ချစ်ကြသည်ဆိုလျှင်
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၂
’ဗိုလ်ချုပ်’လို့ဆိုလိုက်တာနဲ့ ဒီနာမဝိသေသနဟာ ဘယ်သူ့ကိုသာ ရည်ညွှန်းကြောင်း ထပ်ရှင်းပြဖို့ မလိုတော့တဲ့ မြန်မာနိုင်ငံသားများအနေနဲ့၊ အသက် (၃၂) နှစ်အရွယ် လုပ်ကြံခံရချိန်အထိ သူ ထမ်းဆောင်ခဲ့တဲ့တာဝန်၊ ဖြတ်သန်းခဲ့တဲ့ဘဝ၊ ရေးထိုးခဲ့တဲ့သမိုင်းတွေ ပြန်စဥ်းစားမိတိုင်း အံ့ဩတကြီး ဖြစ်ကြရပါတယ်။ ‘ငယ်ငယ်ရွယ်ရွယ်နဲ့သာ မကျဆုံးခဲ့ရင်’ ဆိုတဲ့အတွေးလည်း တဆက်တည်း ပေါ်လာပြီး နာကျင်ခံစားကြရပြန်ပါတယ်။
သမိုင်းတွင်တဲ့ လုပ်ကြံမှုစာရင်းများထဲမှာ ‘မာတင်လူသာကင်း’(Martin Luther King-Jr) လုပ်ကြံ သတ်ဖြတ်ခံ ရမှုလည်း ရှေ့တန်းက ပါဝင်ပါတယ်။ ဗိုလ်ချုပ်လောက်သာ မငယ်ရွယ်ခဲ့ပေမယ့် သူလုပ်ကြံခံရစဥ်ကလည်း အသက် (၃၉) နှစ်သာရှိခဲ့သူပါ။ ဘယ်နေရာ ဘယ်ကာလမှာမဆို၊ ဘယ်သူကပဲပြောပြော ‘I have a dream’လို့ ဆိုလိုက်တာနဲ့ ‘မာတင်လူသာကင်း’ ရဲ့ သမိုင်းဝင်စာသားဆိုပြီး ပြန်အမှတ်ရသွားမိရလောက်အောင် ဖြစ်စေခဲ့တာပါ။ ရိုးရှင်းတိုတောင်းတဲ့ စကားလုံးများဖြစ်ပေမယ့် သူ မျှော်လင့်ခဲ့တဲ့ လူမည်းတွေအပေါ် ခွဲခြားဆက် ဆံမှုကင်းတဲ့ တန်းတူရည်မျှမှု၊လွတ်လပ်မှု၊ တရားမျှတမှုရှိတဲ့ အနာဂတ်အိပ်မက်အကြောင်းကို ခြုံငုံထင်ဟပ် စေခဲ့ပါတယ်။
အသားအရောင်ခွဲခြားမှုကို အရင်းခံတဲ့ မမျှတမှုတွေ လုံးဝဥဿုံကွယ်ပျောက်သွားခဲ့ပြီလို့ မပြောနိုင်သေးပေမယ့် မျက်မှောက်ခေတ်မှာ ‘မာတင်လူသာကင်း’ရှိစဥ်က မမျှော်မှန်းနိုင်ခဲ့တဲ့ လူမည်း အမေရိကန် သမ္မတ ပေါ်ထွက်ခဲ့ကြတာမျိုး အပါအဝင်၊ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများလည်း အရင်ကထက် ပိုတွေ့မြင်လာရပြီ ဖြစ်ပါတယ်။ ‘မာတင်လူသာကင်း’သာ လုပ်ကြံခံခဲ့လိုက်ရပေမယ့် သူရဲ့အိပ်မက်က အတူသေဆုံးသွားခြင်းမရှိခဲ့တာကို ပြသခြင်းပါ။ ဒါဟာအလိုအလျောက် ဖြစ်ပေါ်လာခဲ့တဲ့ ရလဒ်တော့မဟုတ်၊ ကြမ်းတမ်းတဲ့ ခရီးလမ်းကို နောက်ပြန်မလှည့်စတမ်း ဇွဲသတ္တိအပြည့်နဲ့၊ ‘မာတင်လူသာကင်း’ရဲ့ အိပ်မက်ကောက်ကြောင်းအတိုင်း တစိုက်မတ်မတ် ဆက်လျှောက်ခဲ့ကြသူများရဲ့ ကြိုးစားအားထုတ်မှုကြောင့်လို့သာ ဆိုရမှာပါ။
‘ဗိုလ်ချုပ်’ကတော့ သူ့ရဲ့အိပ်မက်အကြောင်းကို စာဖွဲ့မပြခဲ့သူပါ၊ ဒါပေမယ့် ‘ဗိုလ်ချုပ်’မက်ခဲ့တဲ့ အိပ်မက်ကို မြန်မာနိုင်ငံသားများအားလုံး သိကြပါတယ်၊တကယ်ကတော့ ဗိုလ်ချုပ်ရဲ့အိပ်မက်၊ အာဇာနည်ခေါင်းဆောင် ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ မက်ခဲ့တဲ့အိပ်မက်ဟာ၊ သွေးချင်းမောင်နှမများ အားလုံးမက်ဖူးခဲ့ ကြတဲ့၊ ပင်လုံကတိကဝတ်ကို အခြေခံထားတဲ့ ‘ပင်လုံအိပ်မက်’ပဲဖြစ်ပါတယ်။
(၇၅) နှစ်ကြာတဲ့တိုင် ဒီအိပ်မက်ကို အကောင်အထည်မဖော်နိုင်ခဲ့သေးတာကတော့ ‘ဗိုလ်ချုပ်’တို့ကို ရှက်ရွံ့ အားနာစရာလို့ ထင်မြင်မိပါတယ်။ ဒီအတွက် ‘ဗိုလ်ချုပ်’တို့ကို တကယ်ချစ်ကြတယ်ဆိုရင်တော့ ‘ပင်လုံအိပ်မက်’ကို တဖန်ရှင်သန်လာအောင် ပြန်လည်အသက်သွင်းပေးကြရပါလိမ့်မယ်။
မငြိမ်းနိုင်တဲ့ပြည်တွင်းစစ်မီး၊ တငွေ့ငွေ့နဲ့ မပြီးပြတ်တဲ့ တိုင်းရင်းသားအရေး၊ တဖြည်းဖြည်း မီးရှိန်မြင့်လာတဲ့ နိုင်ငံရေးအကျပ်အတည်း၊ ဒီပြဿနာအားလုံးရဲ့ ရေသောက်မြစ်က ‘ပင်လုံအိပ်မက်’ကို အကောင်အထည် မဖော်နိုင်ခဲ့ကြခြင်းကြောင့်လို့သာ ဆိုရပါမယ်။ ကြိုးစားခဲ့ကြသူ၊ ပေးဆပ်ခဲ့ကြသူများ မရှိ၍မဟုတ်၊ သမိုင်းမှာ ရှိခဲ့ကြပါတယ်၊ ဒါပေမဲ့ လူအများစုက မပါဝင်ခဲ့ကြ၊ နားမလည် သဘောမပေါက်ခဲ့ကြ၊ စစ်အာဏာရှင်တို့ရဲ့ လှည့်ကွက်ထဲ မျောပါခဲ့ကြတဲ့အတွက်ကြောင့်သာ၊ သွေးချင်းများ တောင့်တခဲ့ကြတဲ့‘ပင်လုံကတိကဝတ်’ကို ဖော်ဆောင်ပေးမယ့် ‘ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ’နဲ့ နှစ်ပေါင်းများစွာ ဝေးနေခဲ့ကြရတာလို့ပဲ ဆိုရတော့ရမှာပါ။
‘အဆိုးထဲကအကောင်း’လို့သာ ပြောရပါတော့မယ်၊ဒီ’နွေဦးတော်လှန်ရေး’ဟာ တမြေတည်းနေ တရေတည်း သောက်ကြတဲ့ သွေးချင်းညီနောင်များအတွက် ‘အမျိုးသားတန်းတူရေး’နဲ့ ‘ကိုယ်ပိုင်ပြဌာန်းခွင့်’အာမခံနိုင်ရေးရှိ ရမယ်ဆိုတဲ့ အတွေးအမြင်ကိုလည်း အတူဆောင်ကျဥ်းပေးနိုင်ခဲ့ပါတယ်။လူများစုက လက်ခံလာကြတဲ့ နောက် တောင်တန်း-ပြည်မကြား နားလည်မှုပိုများလာခဲ့ကြတာကလည်း ‘နွေဦးတော်လှန်ရေး’ရဲ့ အသီးအပွင့် လို့ ဆိုနိုင်ပါတယ်။
အခုဆိုရင်‘ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်'ကို ကြားကာလဖွဲ့စည်းပုံအစီအမံအဖြစ် အသုံးပြုနေတဲ့ NUG ဟာ လက်ရှိဖြစ်ပေါ် ပြောင်းလဲနေတဲ့ အခင်းအကျင်းများအရ ‘အသွင်ကူးပြောင်းရေးကာလ’ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ရေးဆွဲဖို့ ပြင်ဆင်နေပြီလို့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ’လျန်မှုန်းဆာခေါင်း’ ပြောကြားချက်အရ ကြားသိရပါတယ်။ ဒါဟာ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ NUCC ပြင်ပ ပြောဆို ဆွေးနွေးနေတဲ့ ‘ကြားကာလဖွဲ့စည်းပုံ’နဲ့ ယေဘူယျအားဖြင့် သဘောသဘာဝတူနိုင်ပြီး၊ တင်းပြည့်ကျပ်ပြည့် အမြဲတမ်း ဖွဲ့စည်းပုံအခြေခံဥပဒေအဆင့် မတိုင်မီစပ်ကြား၊ ကျင့်သုံးနိုင်မယ့် လက်ခံနိုင်တဲ့ စံနှုန်းစံထား အင်္ဂါရပ်များ ပါရှိတဲ့ ယာယီ အခြေခံဥပဒေတရပ်လို့ ပြောနိုင်ပါလိမ့်မယ်။
တောင်ဆူဒန်သမ္မတနိုင်ငံရဲ့ ဖြတ်သန်းမှုကို ဥပမာယူပြီး အတိအကျပြန်ဆိုရရင်တော့ သူတို့ရဲ့ ‘အသွင်ကူး ပြောင်းရေးကာလ’ ဖွဲ့စည်းပုံအခြေခံဥပဒေ (Transitional Constitution of Republic of South Sudan 2011) ဟာ ‘ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ’(Interim Constitution of Southern Sudan 2005)ကို ဖြည့်စွက်ပြင် ဆင်ပြီး ပြဋ္ဌာန်းခဲ့တာမျိုးပါ။
နိုင်ငံရေးလှိုင်းဂယက်ပြင်းထန်ပြီး သမိုင်းဝင်အလှည့်အပြောင်းများ ဖြစ်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံမှာတော့ ‘ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ’ (South African Constitution of 1993: Interim Constitution)ကို ၁၉၉၄ ခုနှစ် ဧပြီလ (၂၇) ရက်နေ့မှ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့အထိ ကျင့်သုံးခဲ့ပါတယ်။ ‘နယ်လ်ဆင် မန်ဒဲလား’ သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့ ကာလမှာ ဒီ‘ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ’ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တောင်အာဖရိကနိုင်ငံရဲ့ လက်ရှိ ‘၁၉၉၆ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ’နဲ့ တိုက်ရိုက်အစားထိုးခဲ့ပါတယ်။
‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ’ဆိုတဲ့ အခေါ်အဝေါ်က ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် အပိုင်း(၁)၊ အခန်း (၃) ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ အချိန်ဇယားအရ သုံးနှုန်းထားခြင်း ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ အမည်နာမကွဲပြားမှုတွေ ရှိနေပါစေ၊ အင်္ဂါစုံညီတဲ့ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းလာမယ့် လက္ခဏာဟာ တိုးတက်ဖြစ်ပေါ်မှုတရပ်ပါ။ ဒီလုပ်ငန်းစဥ်ဟာ ‘အမျိုးသားတန်းတူရေး’နဲ့ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ကို လိုလားပြီး တိုင်းရင်းသားလူမျိုးစုများကို အမှန်တကယ် ကိုယ်စားပြုတဲ့ တော်လှန်ရေးအင်အားစုများ၊ ညီနောင်သွေးချင်းများနဲ့ NUGအကြား ပိုမိုကျစ်လျစ်ခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက်စေနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ရေးဆွဲဖို့အချိန်တန်ပြီလို့ ဆိုထားသလို၊ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ဘာ့ကြောင့်ရှိသင့်ကြောင်း ဆွေးနွေးမှုများလည်း အတန်ကြာရှိခဲ့ပြီးလို့ သူ့ရဲ့ အရေးကြီးပုံ ကို အကျယ်ချဲ့ ရေးမသားတော့ပါ။ ဒီအထဲကမှ‘ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ’ဟာ တော်လှန်ရေးအင်အားစုများကြား အချင်းချင်း စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများအတွက်လည်း အာမခံနိုင်လိမ့်မယ် ဆိုတဲ့ ယူဆချက်များ ရှိကြောင်းကိုတော့ အနည်းငယ် ထုတ်နုတ်ဖော်ပြလိုပါတယ်။
ဥပမာအားဖြင့် ကေအဲန်ယူ (KNU)-ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူးဟောင်း၊ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ‘ဖဒိုမန်းမန်း’ဆိုရင် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းတည်ဆောက်နိုင်ဖို့ ‘ဖက်ဒရယ်ဖွဲ့ စည်းပုံအခြေခံဥပဒေ’ ရှိဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်း မှတ်ချက်ပြုလေ့ရှိပြီး ‘ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ’ပေါ်ပေါက်ဖို့ ဆန္ဒရှိသူတဦးဖြစ်ပါတယ်။ ဒါ့ကြောင့် NUCCရဲ့ ‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေ’ဟာ အရေးပါတဲ့ သမိုင်းစာမျက်နှာလို့ ဆိုနိုင်ပါတယ်။
နိုင်ငံတကာရှုထောင့်ဘက်ကလည်း တလှည့်ကြည့်လိုပါတယ်။ သံတမန်များဟာ သူတို့ပြောတဲ့စကားလုံးတိုင်းကို သတိနဲ့ရွေးချယ် အသုံးပြုလေ့ရှိပါတယ်။ နှစ်ပေါင်း (၄၀) လုပ်သက်ရှိ ဝါရင့်သံတမန်တယောက်၊ ပြီးတော့ သူက မဟာအင်အားကြီးနိုင်ငံတခုကို ကိုယ်စားပြုသူလည်း ဖြစ်တယ်ဆိုရင် သူ ပြောသမျှ စကားလုံးတိုင်းဟာ ရည်ရွယ်ချက်အပြည့်နဲ့ ရွေးချယ်သုံးနှုန်းခဲ့ခြင်းလို့ ဆိုရပါမယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ‘ဝမ်ယိ’ဟာ ရွေးချယ်ခန့်အပ်ခံ နိုင်ငံခြားရေးဝန်ကြီးသက်သက်မဟုတ်ပါဘူး၊ ၁၉၈၂ ခုနှစ်ကစလို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။
‘လန်ချန်း-မဲခေါင်’ အစည်းအဝေးလာတက်ရင်းနဲ့ သူပြောကြားခဲ့တဲ့အထဲမှာ ‘ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဥပဒေ မူဘောင်အတွင်းက နိုင်ငံရေး ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ဖို့’ ဆိုတဲ့စကားပါဝင်ပါတယ်။ သူ ရည်ညွှန်းတာ ‘၂၀၀၈ ခြေဥ’ဖြစ်ပြီး CRPHက ဖျက်သိမ်းခဲ့သလို မြန်မာပြည်သူများကလည်း လက်သင့်မခံတော့တဲ့အရာပါ။ ဒါကိုတရုတ်နိုင်ငံအနေနဲ့လည်း သိပြီးဖြစ်ပါတယ်၊ဒီလို ထိလွယ်ရှလွယ် စကားလုံးကို လူသိရှင်ကြား အသုံးပြုလာခြင်းဟာ တရုတ်နိုင်ငံရဲ့ ဘက်ရွေးချယ်မှုကို လှစ်ဟပြလိုက်ခြင်းဖြစ်သလို၊ ဒီ’ခြေဥ’ကို အသုံးချစရာတခုအနေနဲ့ မြင်နေတာကိုလည်း ပြသပါတယ်။
ဒီမိုကရေစီတိုင်းပြည်များက လက်ခံလို့မရတဲ့ စံတန်ဖိုးလျော့ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ အချို့ နိုင်ငံများမှာ ရှိပါတယ်။ ဒါပေမဲ့ အနိမ့်ဆုံးအနေနဲ့ အဲဒီတိုင်းပြည်ရဲ့ ဖွဲ့စည်းပုံဥပဒေ အနေနဲ့တော့ လက်ခံလေ့ ရှိကြပါတယ်။ ဒါကို ‘ဝမ်ယိ’က သဘောပေါက်ပြီး တော်လှန်ရေး အင်အားစုများလက်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အသင့်မရှိသေးတာကိုလည်း အခွင့်ကောင်းလို့ မြင်တဲ့အတွက်၊ နိုင်ငံတကာကို ‘၂၀၀၈ ခြေဥ’ နဲ့ သွေးတိုးစမ်းလိုက်တာလည်း ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’နဲ့’ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ်’ကို တထပ်တည်း မမှတ်ယူကြတဲ့ နိုင်ငံများရှိနိုင်တာကိုလည်း သတိမူကြရပါမယ်။
ဒီအတွက် ဒီ’ခြေဥ’ဟာ ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ မြန်မာပြည်သူများကလည်း လုံးဝလက်မခံတော့ကြောင်း နိုင်ငံတကာကို အစဥ်တန်ပြန် ချပြပြောကြားနေရမှာ ဖြစ်သလို၊ အစားထိုးကျင့်သုံးမယ့် ‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ’ကိုလည်း အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ လိုအပ်ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၇-၂၉)ရက်နေ့ အတွင်းကျင်းပ ပြုလုပ်ခဲ့သော ‘ပြည်သူ့ ညီလာခံ’မှ အတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်များနဲ့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ‘လော်ခီးလာ’ညီလာခံမှ အတည်ပြုခဲ့တဲ့ Federal Constitution Drafting and Coordination Committee (FCDCC) အခြေခံ ဥပဒေ(ဒုတိယ)မူကြမ်းတို့ကို ကျောရိုးပြုဖို့ အသင့်ရှိပြီး ဖြစ်နေတယ်ဆိုပေမယ့်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဟာ လွယ်လင့်တကူ ကျော်ဖြတ်ပြီးစီးသွားမယ့် အရာတော့ ဖြစ်နိုင်မယ်မထင်ပါ။
ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတချက်ချင်းစီကို စကားဦးသန်းခန့်မှန်းရန် မသင့်လို့ယူဆတဲ့အတွက် ထိလွယ် ရှလွယ် စကားလုံးများ၊ သိမ်မွေ့စွာ ချဥ်းကပ်ရမယ့် အကြောင်းအချက်များပါတဲ့ နိုင်ငံရေး သဘောတူညီချက်များ၊နိုင်ငံရေးအာမခံချက်များ၊ အာဏာခွဲဝေမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု့များကို တိုင်းရင်းသား အင်အားစုများနဲ့ အကျေအလည် အဖြေရှာကြရဖို့ ကြုံလာနိုင်တယ်လို့သာပဲ အခုအချိန်မှာ မှတ်ချက်ပြုထားချင်ပါတယ်။
ဒီလိုကာလမှာ NUCCက အားကောင်းဖို့လိုသလို NUG၊ NUCC၊ CRPHတို့အကြား ချိတ်ဆက် ပူးပေါင်းဆောင် ရွက်မှု အင်မတန်ကောင်းဖို့ လိုအပ်တဲ့ အခြေအနေပါ။NUCCအနေနဲ့ ပန်းခင်းလမ်းလျှောက်နေတာ မဟုတ်ဘဲ သူ့အခက်အခဲနဲ့သူ ရှိနေတာကိုလည်း သတိထားမိကြပါလိမ့်မယ်။ ဖြတ်သန်းမှုနောက်ခံ ကွဲပြားကြတဲ့ အစုအဖွဲ့များအချင်းချင်း နားလည်ယုံကြည်မှု ပိုတိုးလို့ တည်ဆောက်ကြရမယ့် အခြေအနေမျိုးမှာ NUCCအတွင်းစည်းထဲက NLD ထွက်သွားခဲ့ခြင်းမျိုးကလည်း ဘယ်လိုမှ အထောက်အကူ မဖြစ်စေဘူးလို့သာပဲ ပြောချင်ပါတယ်။
အထူးသဖြင့် ပြည်သူ့ဆန္ဒက စစ်အာဏာရှင်စနစ် လုံးဝပျက်သုဥ်းစေဖို့နဲ့ ‘၂၀၀၈ ခြေဥ’အောက် ဘယ်နည်းနဲ့ မှ ပြန်မဝင်ဘဲ၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံးတည်ဆောက်နိုင်ဖို့ဆိုတာ ထင်ရှားသလို၊ မိမိတို့ပါတီခေါင်းဆောင်ကိုယ်တိုင်ကလည်း ‘ပြည်သူ့ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး’လို့ ဆိုထားတဲ့ အခြေအနေမှာ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်က အံ့အားသင့်စရာလို့ပဲ ထင်မြင်မိပါတယ်။
နိုင်ငံရေးပါတီကြီးတခုအနေနဲ့ ချင့်ချိန်စဥ်းစားစရာ အကြောင်းများစွာ ရှိနိုင်ပေမယ့် လူနည်းစုအတွက် (အခုချိန်အထိ ဒီလိုပဲထင်မှတ်ထားပါတယ်) ပါတီပုံရိပ်ပျက်စေခြင်းထက်၊ ပြည်သူ့အသံနားထောင်ကာ အခုလိုနိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ ပြန်စဥ်းစားသင့်တဲ့ ဆုံးဖြတ်ချက်လို့ မြင်ပါတယ်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပုံဖေါ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာလည်း ထဲထဲဝင်ဝင် ပါဝင်စိတ် ရှိနေဦးမယ်လို့လည်း မျှော်လင့်မိပါတယ်။ အလားတူပါပဲ၊ အခုအချိန်ထိ NUCC နဲ့ ပူးပေါင်းမှုမရှိကြသေးတဲ့ နိုင်ငံရေး အဖွဲ့အစည်းများ၊ ERO များလည်း လာရောက်လက်တွဲကြပြီး အားလုံး တန်းတူရည်တူ ပါဝင်ဆွေးနွေးပြီး သမိုင်းစာမျက်နှာသစ်ဖွင့်ကြဖို့ အချိန်ကျပြီလို့ ဆိုချင်ပါတယ်။
‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ’ရေးဆွဲရာမှာလည်း ‘အချိန်’ဟာ ရန်သူလား၊မိတ်ဆွေ လားဆိုတဲ့ မေးခွန်းရှိလာပါတယ်။ဦးစီးဦးဆောင်ပြုနေသူများအနေနဲ့ ဖြေဆိုရမယ့်မေးခွန်းလို့ မြင်မိပါတယ်။ ကမ္ဘာမှာ ထပ်မံဖြည့်စွက်ပြင်ဆင်ဖို့ မလိုအပ်လောက်အောင် ပြီးပြည့်စုံကောင်းမွန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရယ်လို့ မရှိသေးပါဘူး။ မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုနဲ့ နောက်ခံသမိုင်းကြောင်းအရဆိုရင် ပါဝင်သူ အစုအဖွဲ့အားလုံး ရာနှုန်းပြည့် သဘောကျလက်ခံနိုင်မယ့် အနေအထား၊ သတ်မှတ်ချိန်အတွင်းမှာ ဖြစ်လာနိုင်ပါဦးမလား ဆိုတာကတော့ နောက်ထပ်မေးခွန်းထုတ်စရာပါ။
ဆွေးနွေးအဖြေရှာကြရင်းနဲ့ ရှေ့ဆက်မတက်ပဲ ကြန့်ကြာနေမှာကိုလည်း စိုးရိမ်မိပါတယ်။အထူးသဖြင့် NUCC လက်ရှိကျင့်သုံးနေတဲ့ အားလုံး သဘောတူလက်ခံမှု (full consensus) ရှိမှ နောက်တဆင့် တက်ကြတာမျိုးနဲ့ ဆိုရင် အချိန်လုံလောက်မှုရှိပါ့မလား ဆိုပြီးလည်း တွေးမိပါတယ်။ ကောင်းမွန်သောအလေ့အကျင့် ဖြစ်ပေမယ့် လက်တွေ့မှာ အချိန်များစွာပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။
ပါဝင်သူအားလုံးရဲ့ဆန္ဒကို အလေးအနက်ထား စဥ်းစားပေးရမှာပါ၊ဒီအထဲကမှ ဦးစားပေးလိုလားချက်များက တော့ ‘ခုရှုပ်မှနောင်ရှင်း’ဆိုသလို အဖြေရအောင်ရှာကြရမှာကို လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီလိုစာရင်းထဲ မ ထည့်ရင်လည်း ဖြစ်သေးတဲ့ မိမိတို့အစုအဖွဲ့ရဲ့ ဆွဲကိုင်ရပ်တည်ထားချက်များကိုတော့ အခုရေးဆွဲမယ့် ‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အနာဂတ်ကာလ အမြဲတမ်းဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်သေးတာကို သတိချပ်ပြီး ညှိနှိုင်းဖြေလျော့မှုများ လုပ်ပေးနိုင်ကြဖို့ လိုအပ်ပါမယ်။ နောက်ပိုင်းမှာ ထပ်မံပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်နိုင်ရန် အခွင့်အရေးများ ရရှိဦးမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အခုအချိန်မှာ ရှိပြီးသား ဖက်ဒရယ်ဒီမိုကရေစီပဋိဥာဥ်နဲ့ FCDCC ဖွဲ့ စည်းပုံအခြေခံဥပဒေ (ဒုတိယ) မူကြမ်းတို့ကို အဓိကအခြေခံပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ အရေးကြီးလိုအပ်ချက်တရပ် ဖြစ်နေတဲ့ ‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ’ကို လျင်မြန်စွာ ရေးဆွဲသင့်တယ်လို့ ယူဆမိပါတယ်။ နိုင်ငံရေးနယ်ပယ်က မဟာဗျူဟာမြောက်လက်နက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ပေါ် ထွန်းလာနိုင်ရေးအတွက် NUCCက ရေးဆွဲဆုံးဖြတ်သမျှကို ပြည်သူလူထုကြီးက ထောက်ခံအားပေးနေမှာပါ။
ဒီနေရာမှာ အလျဥ်းသင့်လို့ ပါမောက္ခ’ရစ်ချတ်အဲလ်ဘတ်‘ရဲ့ ရေးသားချက်တခုကို ကိုးကားလိုပါတယ်၊သူဟာ ‘International Society of Public Law’အဖွဲ့ရဲ့ ပူးတွဲဥက္ကဌတယောက်ဖြစ်ပြီး’ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး-ရေးဆွဲခြင်း၊ချိုးဖေါက်ခြင်း၊ပြောင်းလဲခြင်း’(Constitutional Amendments : Making, Breaking, and Changing Constitutions by Richard Albert)အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ စာအုပ်များစွာ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ’ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘယ်အစိတ်အပိုင်းကမှ သူ့ကိုပြောင်းလဲနိုင်ဖို့ ဖန် တီးပေးထားတဲ့ နည်းနိဿယထက် ပိုအရေးကြီးတာမရှိဘူး’လို့ ဆိုထားခြင်းပါ။
ဒီအတွက် ပြင်ဆင်ပိုင်ခွင့်ကိုတော့ နည်းလမ်းတကျ ထည့်သွင်းရေး ဆွဲပေးထားဖို့ လိုအပ်ပါလိမ့်မယ်။ FCDCC ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယမူကြမ်း အခန်း(၁၄)ပုဒ်မ ၂၀၃၊ ၂၀၄၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) ပုဒ်မ ၂၀၇၊၂၀၈၊၂၀၉၊၂၁၀ တို့မှာလည်း ဒီလိုပဲ ထည့်သွင်းရေးဆွဲ ပေးထားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း စတင်အသက်ဝင်ချိန်မှ ယနေ့ထက်ထိ (၂၇) ကြိမ် ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံရဲ့ မူလဖွဲ့စည်းပုံဥပဒေမှာ ထည့်သွင်းမထားခဲ့ပေမယ့် ၁၉၉၉ ခုနှစ်မှာတော့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၅၈)အရ လက်နက်ကိုင် တပ်ဖွဲ့များ ထားရှိနိုင်ဖို့ ပြင်ဆင် ပြဌာန်းခဲ့ပါတယ်။ ကမ္ဘာပေါ်မှာလက်ရှိအသုံးပြုနေတဲ့ ဖွဲ့စည်းပုံဥပဒေများထဲမှာ နော်ဝေးနိုင်ငံရဲ့ အခြေခံဥပ ဒေက ဒုတိယသက်တမ်း အရှည်ကြာဆုံးဖြစ်ပြီး စတင်ရေးဆွဲစဥ်ကတည်းက ‘ပြည်သူ့အချုပ်အခြာ အာဏာ၊ အာဏာခွဲဝေမှု၊လူ့အခွင့်အရေး’ တို့အပေါ် မဏ္ဏိုင်ပြုတည်ဆောက်ခဲ့တာပါ။ ဒါပေမယ့် လူ့အခွင့်အရေး စံတန် ဖိုးတွေ တိုးတက်ပြောင်းလဲလာတဲ့ အတွက် ၂၀၁၄ ခုနှစ် မေလ(၁၃)ရက်နေ့မှာ ထပ်မံဖြည့်စွက် ပြင်ဆင်ခဲ့ရပါ တယ်။
တဖက်မှာလည်း ပြင်ဆင်ဖို့ကြိုးစားပေမယ့် အထမမြောက်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဥပမာအနေနဲ့ ဩစတြေးလျ ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်းမှာ (၄၄)ကြိမ်ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် ၁၉၀၆၊ ၁၉၁၀၊ ၁၉၂၈၊ ၁၉၄၆၊ ၁၉၆၇ ခုနှစ်များဆီက (၁)ကြိမ်စီ၊၁၉၇၇ခုနှစ်က(၃)ကြိမ်၊ စုစုပေါင်း(၈)ကြိမ်သာ ပြင်ဆင်နိုင်ခဲ့တဲ့အ တွက် (၁၈.၁၈)ရာခိုင်နှုန်းသာ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီသာဓကတွေကို ကြည့်ခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြင်ဆင်ရေးလုပ်ငန်းစဥ်ကို ယှဥ်တွဲရှုမြင်လို့ရတယ်လို့ ဆိုရပါမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကောင်းတခုဟာ လိုအပ်လာခဲ့ရင် ပြောင်း လဲနေတဲ့ ခေတ်ရေစီးကြောင်း၊ပြည်သူ့ဆန္ဒတို့နဲ့အညီ ပြင်ဆင်ပေးနိုင်ရမှာဖြစ်ပြီး၊ ပြင်ဖို့အရမ်းလွယ်တာမျိုး မဖြစ်သင့်သလို၊ ပြင်ဆင်လို့မရလောက်အောင် ခက်ခဲတာမျိုးလည်း မဖြစ်စေရဘူးလို့ အဆိုရှိကြပါတယ်။ လက်ရှိအနေအထားမှာတော့ လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အချိန်မလင့်ပဲ ထွက်ပေါ်လာဖို့က အရေး ကြီးတယ်လို့ ဆိုချင်ပါတယ်။ ဒါမှသာ လစ်ဟာနေတဲ့ သမိုင်းလိုအပ်ချက်ကို အမြန်ဖြည့်ဆည်းပေးပြီး တိုင်း ရင်းသားသွေးချင်းများနဲ့ ကြား ယုံကြည်မှုတံတား တည်ဆောက်ရာရောက်ပါမယ်။
ဆောင်းပါးကို ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တခုနဲ့ အဆုံးသတ်လိုပါတယ်၊၁၉၄၇ ဧပြီလ တိုင်းပြုပြည် ပြု လွှတ်တော်ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြောကြားခဲ့ခြင်း ဖြစ်ပေမယ့်၊ အကြောင်းအရာ အချက်အ လက်တို့ကို မျက်မှောက်ကာလနဲ့ လျော်ညီတဲ့ စကားလုံးများနဲ့ အစားထိုးပြီး ခံစားကြည့်စေလိုပါတယ်။
‘ကျားနှင့်ရင်ဆိုင်တွေ့နေရသည့် အချိန်အခါမျိုးတွင် တဦးကိုတဦး စိတ်ကောက်ပြီး ထိုင်၍မဖြစ်သကဲ့သို့ ဗမာ့ သေရေးရှင်ရေးကြီးနှင့် ရင်ဆိုင်တွေ့နေရသည့်အခါမျိုးတွင်လည်း မကျေနပ်မှု အသေးအဖွဲကလေးကို ရိုးမယ်ဖွဲ့ ၍ မနေကြနှင့်။ ယခုအရေးသည် တချက်အမှားမခံသော အရေးကြီး ဖြစ်သဖြင့် လူထုကြီးသည် မိမိတို့၏မျိုးချစ်စိတ်ဓာတ်ကို အခြားအချိန်များထက် ဤအချိန်တွင် ထူးထူးကဲကဲ ပြသကြရန် ကျွန်တော် တိုက်တွန်းလိုက်ပါသည်’။
(တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌအနေဖြင့် ဗိုလ်ချုပ် အောင်ဆန်း၏ ထုတ်ပြန်ကြေညာချက်ကို ၁၉၄၇ခုနှစ် မတ်လ ၇ ရက်နေ့ ညတွင် မြန်မာ့အသံက ကိုယ်စားအသံလွှင့် ဖတ်ကြားခဲ့ခြင်းမှ ကောက်နုတ်ချက်)
ဗိုလ်ချုပ်ကို အမှန်တကယ် လေးစားချစ်ခင်ကြတယ်ဆိုရင်ဖြင့် ဗိုလ်ချုပ်ရဲ့ သတိပေးတိုက်တွန်းချက်ကို အစဥ်နှလုံးသွင်း လိုက်နာကြရုံမှတပါး ဘာများရှိနိုင်ပါဦးမလဲ။
သီအိုဇော်
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar