Breaking News

ကိုအောင်မှိုင်း - လန်ချန်းကို လန်ချားစီးပြီး သွားရတော့မယ့်ကိန်းပဲ

ကိုအောင်မှိုင်း - လန်ချန်းကို လန်ချားစီးပြီး သွားရတော့မယ့်ကိန်းပဲ

(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၂


စစ်တပ်အင်အား အလုံးအရင်းချပြီး လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအဆင့် ပူးပေါင်း ဆောင်ရွက်မှုအစည်းအဝေးကို ဇူလိုင်လ ၄ရက်က ပုဂံမှာ ကျင်းပခဲ့ကြပါတယ်။ တက်ရောက်ခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ကမ်ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် တို့ဖြစ်ပါတယ်။ ဒီအ စည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနဲ့ မြန်မာအကြမ်းဖက်စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဝဏ္ဏမောင်လွင်တို့က ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

သေချာတာကတော့ တရုတ်ဩဇာနဲ့မကင်းတဲ့နိုင်ငံတွေချည်းလို့ ပြောရမှာဖြစ်ပါတယ်။ ဆိုလိုချင်တာ က တရုတ်အရင်းအနှီးအပေါ် မှီခိုရပ်တည်နေကြရတဲ့နိုင်ငံအများစုဖြစ်တာကတော့ ငြင်းမရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းလေး ပြန်တူးဖော်ကြည့်ကြရအောင်ပါဗျာ။ လန်ချန်း-မဲခေါင် ပူး ပေါင်းဆောင်ရွက်မှု  LMC  (  LANCANG-MEKONG COOPERATION  ) ဆိုတာ  တရုတ်နိုင်ငံရဲ့  မဲခေါင်မြစ်ဝှမ်းနိုင်ငံ ငါးနိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအသစ်တခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ အာဆီယံနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုပင် ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း BRI ( Belt and Road Initiati ve) တည်ဆောက်ရေးအတွက်  အရေးပါတဲ့ပလက်ဖောင်းတခုဖြစ်သလို  တရုတ်အစိုးရအတွက် နောင်နှစ်ပေါင်းများစွာ ဩဇာ ငွေကြေးလွှမ်းမိုးနိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု အသားစီးရနိုင်မှု အပါအဝင် မဟာဗျူဟာအရ ခြေကုပ်ယူစရာ ဒေသတွင်းနိုင်ငံများ ဖြစ်တာကြောင့်လည်း တရုတ်ပြည်အတွက် အရေးပါတဲ့ စီမံကိန်းဖြစ်တာ ထင်ရှားပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဖြစ်လိုက်တာဟာ ကမ္ဘာတခုလုံး ရှော့ shock ရသွားစေတာ ကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ရုရှားလို အင်အားကြီးနိုင်ငံတခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတခုက ယူကရိန်းနိုင်ငံကို စစ်ရေးနဲ့ ကျူးကျော် တိုက်ခိုက်လိုက်တာဟာ ကမ္ဘာ့အခင်းအကျင်းသစ်တခုကို စတင်လိုက်တာပါပဲ။ ဆိုလိုတာက ခေတ်မမီတော့တဲ့ ဘက်မလိုက်ဆိုတာမျိူးဟာ ရာဇဝင်မှာ ကျန်သွားခဲ့တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ကနေ့ ကမ္ဘာ့နိုင်ငံများဟာ ပေါ်ပေါ် တင်တင်ပဲ ဘက်လိုက်နေကြချိန် ဖြစ်ပါတယ်။ ဖွဲ့တည်မှုအသစ်တွေ ဖွဲ့စည်းမှုအသစ်တွေဟာ ထင်ထင်ရှားရှားပေါ်လာသလို မထင်မရှားဖွဲ့စည်းမှုများဟာလည်း ရှေ့တန်းပြန်ရောက်လာတာကို တွေ့ နေရချိန်လို့ ပြောလိုပါတယ်။

လန်ချန်းနဲ့ မဲခေါင် ဆိုတာ တကယ်တော့ မြစ်တစင်းတည်းပါ။ တရုတ်ပြည်တွင်းမှာ လန်ချန်းလို့ခေါ်ပြီး တရုတ်ပြည်အပြင်ဘက် အင်ဒိုချိုင်းနားကျွန်းဆွယ်ကို ဖြတ်တဲ့အခါ မဲခေါင်မြစ်လို့ ခေါ်ကြပါတယ်။ မဲခေါင်မြစ်ရဲ့ စုစုပေါင်းအရှည်ဟာ ကီလိုမီတာ ၄၈၈၀ရှိပြီး မြစ်၀ှမ်းဧရိယာ ၇၉.၅ သန်း (စတုရန်းကီ လိုမီတာရှိရာ မြစ်၀ှမ်းဒေသမှာ မှီတင်းနေထိုင်သူ လူဦးရေဟာ ၃၂၆ သန်း ရှိပါတယ်။ မဲခေါင်မြစ်၀ှမ်း‌ ၅  နိုင်ငံ၏ လူဦးရေ စုစုပေါင်း သန်း  ၂၃၀  ရှိပြီး  စုစုပေါင်း  GDP ပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ကျော်၊ နှစ်စဥ်ပျမ်းမျှတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ဖော်ပြပါတယ်။ 

၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံက လန်ချန်း-မဲခေါင် ဒေသခွဲ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို စတင် ကမ်းလှမ်းခဲ့ပါတယ်။ လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်မှု (LMC) ပထမကြိမ်မြောက် ခေါင်းဆောင်များအစည်းအ‌ဝေးကို ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်က ဟိုင်နန်ပြည်နယ် ဆန်းရမြို့မှာ ကျင်းပခဲ့ပြီး ထိုအချိန်ကစတင်ခဲ့တယ်လို့  မှတ်ယူရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း စီမံကိန်း (၅၁) ခု၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၃ သန်းကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

အာဆီယံ ၁၀နိုင်ငံမှာ တရုတ်အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ပွဲထုတ်ဖို့ အတော်ခက်ပါတယ်။ ဒါကြောင့် သေချာတဲ့ တရုတ်အင်ပါယာ မဲခေါင်နိုင်ငံ ၅ နိုင်ငံကို အကြောင်းပြပြီး ပွဲထုတ်လိုက်တာ ပါ။ကျန်တဲ့အာဆီယမ်နိုင်ငံများကတော့ တောင်တရုတ်ပင်လယ်လို တရုတ်နဲ့ မပြေမလည်ဖြစ်နေတဲ့ နိုင်ငံတွေ အင်ဒို-ပစ္စိဖိတ်ဒေသပြဿနာကို ရင်ဆိုင်နေရတဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။ United States Indo-Pacific  Command (USINDOPACOM)ရဲ့ စောင့်ကြပ်မှုအောက်မှာ အင်ဒို-ပစိဖိတ်ဒေသတည် ရှိပြီး ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် နေထိုင်ကြကာ နိုင်ငံပေါင်း (၃၆) နိုင်ငံ ပါနေပါတယ်။ ဒီဒေသမှာ စစ်အင်အားကြီးနိုင်ငံများတည်ရှိပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ ၅ နိုင်ငံပါဝင်သလို ကမ္ဘာ့အင်အားအကြီးဆုံး အမြဲတမ်း စစ်တပ်ပိုင်ဆိုင်တဲ့ ထိပ်တန်း ၁၀ နိုင်ငံအနက် ၇ နိုင်ငံလည်း ရှိပါတယ်။

ကနေ့ တရုတ် ရင်ဆိုင်နေရတဲ့ ပြဿနာကလည်း မသေးလှပါဘူး။ QUAD လို AUKUS လို NATO လို စစ်ရေးမဟာမိတ်အဖွဲ့ကြီးတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအမြင်အရ စကစကို မြန်မြန်ဆန်ဆန် လူရှေ့ရောက်အောင် ဆွဲတင်ပြီး အာဆီယံမူ ၅ ချက်ဆိုတာနဲ့ မြွေမသေ တုတ်မကျိုး လုပ်ချင်တာပါ။ အာစီယံမူ ၅ ချက်ဆိုတာကလည်း တရုတ်အစိုးရရဲ့ ဗမာပြည်ဆိုင်ရာ ခေါင်းကိုင်ပေါ်လစီ ဖြစ်ပါတယ်။ တရုတ်နည်း တရုတ်ဟန်ပေါ်လစီ ဖြစ်ပါတယ်။ တရုတ် ဗီယက်နမ်စစ်ပြီးကတည်းက ကျင့်သုံးလာခဲ့တဲ့ တရုတ်အစိုးရဲ့ မီးစတဖက် ရေမှုတ်တဖက် ပေါ်လစီလို့ ပြောရမယ် ထင်ပါတယ်။ အဓိက က တော့ ရတဲ့နည်းနဲ့  အကြမ်းဖက်စစ်ကောင်စီကို နေရာပေးနိုင်အောင် ကြိုးစားတာပဲ ဖြစ်ပါတယ်။ အာဆီယံမူ ၅ချက်ရဲ့ အနှစ်သာရကတော့ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေး၊ အပေးအယူလုပ်၊ အာဏာခွဲဝေယူ၊ တိုင်းပြည်တည်ငြိမ်အောင်လုပ်ဆိုပြီး စစ်အုပ်စုကို လက်သပ်ပြန်မွေးလိုတာပဲ ဖြစ်ပါတယ်။

ကနေ့ ဗမာပြည်မှာ အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တရုတ်အစိုးရ အစ အ ဆုံး သိပြီးဆိုတာ ငြင်းလို့မရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ရွာတွေ မီးရှို့တာ၊ အပြစ်မဲ့လူထုတွေကို သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ၊ ဓားပြတိုက်နေတာတွေ၊ ဖမ်းပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတဲ့ ပြန်ပေးဆွဲတာတွေ၊ နေ့ခင်းကြောင်တောင် ယူနီဖောင်းတွေဝတ်ပြီး ရွှေဆိုင်တွေကို ဓားပြတိုက်တာ၊ လူအစုလိုက်ပြုံလိုက် သတ်ဖြတ်တာတွေဟာ နိုင်ငံတကာ ရာဇဝတ်မှုကြီးတွေဆိုတာ တရုတ်အစိုးရ ကောင်းကောင်းနားလည်သဘောပေါက်ပါတယ်။

တရုတ်ပြည်ရဲ့ နိုင်ငံတော်ကောင်စီ တရုတ်ပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတဝမ်ရိဟာ ဒီရာဇဝတ်ကောင် အကြမ်းဖက်စစ်ဓားပြတွေနဲ့ လက်ဆွဲနှုတ်ဆက်ရလောက်အောင် ကိုယ်ကျင့်တရား ခေါင်းပါးသွားတာကတော့ နိုင်ငံတကာမြင်ကွင်းမှာ ရှက်စရာကိစ္စတခုအဖြစ် သမိုင်းတင်ရလိမ့်မယ် ထင်ပါတယ်။ တရုတ်ပြည်သူတွေအတွက် အရှက်ရစေသလို ဝမ်းနည်းကြေကွဲစရာလည်း ကောင်းပါတယ်။ တရုတ်ပြည် လွတ်မြောက်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေ ရဲ ဘော်တွေကိုလည်း သစ္စာမဲ့ရာရောက်တယ်လို့ ယူဆမိပါတယ်။

ချုပ်ပြောရရင်တော့ လန်ချန်း မဲခေါင် အစည်းအဝေးဆုံးဖြတ်ချက်တခု ဖြစ်တဲ့ မဲခေါင်ဒေသ နိုင်ငံ တွေကို တရုတ်နဲ့ ရုရှား ပူးပေါင်းဆောင်ရွက်နေတဲ့ လူနာသုတေသနစခန်း (International Lunar Research Station) လုပ်ငန်းမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်တာကို ပြောချင်တာပါ။ ထမင်းနပ်မှန်အောင် စားဖို့တောင် မနည်းကြိုးစားနေရတဲ့ မဲခေါင်ဒေသနိုင်ငံတွေအတွက်တော့ လန်ချန်းကို လန်ချားစီးပြီး သွားရတော့မယ့်ကိန်း ဖြစ်ကြောင်းပါဗျာ။


ကိုအောင်မှိုင်း

ဇူလိုင် ၅ ရက် ၂၀၂၂ခုနှစ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar