Breaking News

ကိုအောင်မှိုင်း - ဂျူလိုင် အမွေ

ကိုအောင်မှိုင်း - ဂျူလိုင် အမွေ

(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၂


ကျဆုံးသူများနဲ့ 

ရှင်ကျန်သူများကြား

တွဲလက်များက ထာဝရပါ။


သူတို့တကယ်မသေကြဘူး

လိပ်ပြာတွေက လှုပ်ရှားနေကြဆဲ

ဂျူလိုင်သီချင်းတွေ သီဆိုနေကြဆဲ 

တောက်ခေါက်သံတွေ  ကြားနေရဆဲ

ငါတို့ဘေးမှာ  ထာဝရရှိနေကြဆဲပါ။


တို့တွေအတူတူ သီချင်းတွေဆိုကြ

တို့တွေအတူတူ တိုက်ပွဲတွေထွက်ကြ

တို့တွေအတူတူ  ကြယ်တွေကိုမော့ကြည့်ကြ

လိပ်ပြာလေးတွေ တို့တွေဘေးမှပျံဝဲနေကြ။


ဂျူလိုင် ၇ ရက်နေ့က

အရိုးတွန်သံတွေကို

တော်လဲသံတွေ အဖြစ်ပြောင်း

မဟောင်းနိုင်တဲ့ တေးသစ်တွေဆို

ဒေါင်းပျိုတွေကိုဖန်ဆင်း စစ်ခင်းကြ။


နှလုံးသားနဲ့ရင်း 

ချစ်ခြင်းတွေပြကြ

ကျောင်းနံရံမှာ ကမ္ပည်းထိုး

စစ်သန္ဓေမတည်စေနဲ့ ရိုက်ချိူး

အနိုင်ရသည်အထိ  ရှေ့ကိုတိုးကြ။


အဖိုး အဖွားတို့ခေတ်

အဖေ အမေတို့ခေတ်

သားတို့ သမီးတို့ခေတ်

မြေးတို့ခေတ်ကို လက်ဆင့်ကမ်း

အနိုင်ရမဲ့လမ်းက  မျိူးဆက်ပန်း။


ခေတ်သမိုင်း

ခေတ်အရိုင်းကိုကျော် 

ခေတ်အမြင် ခေတ်အတွေးနဲ့

ခေတ်သစ်ကရေးတဲ့ ဒီရေမြင့်မှာ

မြေးတို့နိုင်ကိုနိုင်မှ အသေအချာပါ။


ဒါဟာ

ဂျူလိုင်ရဲ့ တခုတည်းသောအမွေဘဲ။


ကိုအောင်မှိုင်း

ဇူလိုင် ၇ ရက် ၂၀၂၂ခုနှစ်


(လိပ်ပြာဆိုတာ ဝိညာဥ်ကို ရည်ရွယ်သုံးထားတာပါ )



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar