Breaking News

မောင်မောင်မြင့် - ဆဲဗင်းဂျူလိုင်နဲ့ စတဲ့ ဇာတ်လမ်း

ဆဲဗင်းဂျူလိုင်နဲ့ စတဲ့ ဇာတ်လမ်း
မောင်မောင်မြင့်
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၂

မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့နောက် ကျောင်းသားလူငယ်တွေ အစုလိုက်အပြုံလိုက် သွေးမြေကျခဲ့ရတဲ့ ကြေကွဲစရာ ဇာတ်လမ်းရှည်ကြီးဟာ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် ကျောင်း သားအရေးတော်ပုံမှာ စခဲ့တယ်။ ရွေးကောက်ခံအစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချခဲ့တဲ့ စစ်မိစ္ဆာတပ်ကို တက္ကသိုလ်ကျောင်းသားတွေက အာခံရကောင်းလားဆိုတဲ့ ဒေါသမာနကြောင့် ကျောင်းသားတွေ ရာနဲ့ချီပြီး အသတ်ခံခဲ့ရတယ်။ လက်နက်ရယ်လို့ အပ်တချောင်းတောင်မရှိတဲ့ ကျောင်းသားတွေကို ဂျူလိုင်လ ရှစ်ရက်နေ့ မနက် သုံးနာရီအချိန်မှာ ဂျီသရီးမောင်းပြန်ရိုင်ဖယ်တွေနဲ့ တရစပ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ အဲဒီ လူသတ်ပွဲကြီးအတွင်း ကျဆုံးလုဆဲဆဲ ကျောင်းသားကိုကျော်ဝင်းက သူ့ရဲ့ သွေးနဲ့ မန္တလေးဆောင်နံရံမှာ "၇.၇.၆၂ မမေ့ကြနဲ့" လို့ ရေးသွားခဲ့တယ်။

အပြစ်မဲ့ ကျောင်းသားတွေကို စိတ်ရှိလက်ရှိ သတ်ဖြတ်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ အဲဒီနေ့ ည ၇ နာရီမှာပဲ ကျောင်းသားတွေကို "ဓားကိုဓားချင်း လှံကိုလှံချင်း ရင်ဆိုင်ဖို့သာရှိတယ်" လို့ မြန်မာ့အသံရေဒီယိုကနေ လူမိုက်စကားပြောပြီး စိန်ခေါ်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၆၀ တိတိ ရှိသွားခဲ့ပါပြီ။ ဒီနေ့ခေတ် ကျောင်းသားလူငယ်တွေနဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုကျော်ဝင်းရဲ့ သွေးစွန်းစာသားကို မမေ့ခဲ့ကြသလို၊ ဗိုလ်နေ၀င်းရဲ့ လူမိုက်စကားကိုလည်း မမေ့ခဲ့ကြပါဘူး။ ဒါ့အပြင် ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားပေါင်းရာကျော်ကို ရည်စူးပြီး သမဂ္ဂခြံဝန်းအတွင်း ၁၉၆၃ ဇူလိုင်လမှာ စိုက်ထူခဲ့တဲ့ "ရာကျော်ကျောက်တိုင်" ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း မိန့်ကြားခဲ့တဲ့ “သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရပါဘူး” ဆိုတဲ့ စကားကိုလည်း မမေ့ခဲ့ကြပါဘူး။

အခုလို ကျောင်းသား တရာကျော် အသတ်ခံခဲ့ရခြင်းဟာ ၁၄ နှစ်လောက်သာ ကြာမြင့်ခဲ့တဲ့ ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ အဆုံးသတ် ဖြစ်သလို၊ စစ်အာဏာရှင်ခေတ်ရဲ့ အစလည်း ဖြစ်ပါတယ်။ လူထုက ရွေးကောက်တင် မြှောက်တဲ့ အစိုးရကိုသာ လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံကြီးကို သတိတရ ရှိနေကြတဲ့အပြင်၊ အဲဒီအရေးတော်ပုံကြီးကနေ ပြဌာန်းပေးလိုက်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုလည်း ပိုပြီး ခိုင်မာလာအောင် ကြိုးစားခဲ့ကြပါတယ်။ 

စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖိနှိပ်မှုအမျိုးမျိုးကြောင့် မြေလျှိုးသွားခဲ့ရတဲ့ ကျောင်းသားသမဂ္ဂတွေဟာ သေ ဆုံးပျောက်ကွယ်သွားခဲ့ခြင်း မရှိပဲ၊ တိုင်းပြည်က အလိုရှိတဲ့အချိန်မှာ အမြဲတစေ ပြန်ပေါ်လာတတ်ကြပါတယ်။ ထင်ရှားတဲ့ သာဓကတွေ အဖြစ် ဦးသန့်နဲ့ မှိုင်းရာပြည့်ကစလို့ ၈၈၈၈ နဲ့ နွေဦးတော်လှန်ရေးအဆုံး ထင်ရှားတဲ့အရေးတော်ပုံကြီးတွေကို မြင်တွေ့နိုင်ပါတယ်။ ဒီအရေးတော်ပုံကြီးတွေဟာ သမဂ္ဂစိတ်ဓါတ်ကို ရင်ဝယ်ထားကြတဲ့ကျောင်းသားလူငယ်တွေရဲ့ ဦးဆောင်မှုကြောင့် ပေါ်ထွန်းလာခဲ့ကြတာ ဖြစ်ပါတယ်။

၈၈၈၈ အရေးတော်ပုံကြီးနဲ့ လက်ရှိ နွေဦးတော်လှန်ရေးတို့အကြား ထူးခြားတဲ့ ခြားနားမှုတွေ ရှိပါတယ်။ အဲဒါကတော့ ၈၈၈၈ အရေးတော်ပုံကြီးမှာ ပြည်သူတွေဟာ သမရိုးကျ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တာမျိုးတွေကိုသာ အဓိကထား ပြုလုပ်ခဲ့ကြပြီး၊ အဲဒီဆန္ဒပြပွဲတွေဟာလည်း စစ်တပ်က အာဏာသိမ်းပြီး အကြမ်းဖက်လိုက်တာနဲ့ ရပ်ဆိုင်းသွားခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးကတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးမှ ပေါ်ပေါက်လာတာ ဖြစ်တဲ့အပြင်၊ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခြင်းအပြင် အသံတိတ်သပိတ်၊ အလုပ်မဆင်းသပိတ်၊ မပူးပေါင်းခြင်းသပိတ်၊ စစ်တပ်ထုတ်ပစ္စည်း မ၀ယ်ယူခြင်းသပိတ် စတဲ့ သပိတ်တိုက်ပွဲမျိုးစုံ ပါဝင်ခဲ့ပါတယ်။ (၈၈၈၈ အရေးတော်ပုံမှာ သပိတ်တိုက်ပွဲက အတိုင်းအတာ တခုအထိ ပါခဲ့ပေမဲ့ စစ်အာဏာသိမ်းလိုက်တာနဲ့ ရပ်ဆိုင်းသွားခဲ့ပါတယ်။)

၂၀၂၁ ခုနှစ် မတိုင်မီ ကာလအတောအတွင်း ပေါ်ပေါက်ခဲ့သမျှ အရေးတော်ပုံကြီးတွေနဲ့ နွေဦးတော်လှန်ရေးတို့အကြား ကွာခြားတဲ့ တခြားအချက်တခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ စောစောပိုင်းက အရေးတော်ပုံကြီးတွေမှာ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေဟာ သိုးဗျူဟာလို့ ခေါ်ဆိုနိုင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့နည်းသက်သက်ကိုသာ ကိုင်စွဲခဲ့ကြပြီး၊ လက်ရှိ နွေဦးတော်လှန်ရေးမှာတော့ သိုးဗျူဟာအပြင် ကျားဗျူဟာလို့ ခေါ်ဆိုနိုင်တဲ့ စစ်ရေးနည်းလမ်းအားဖြင့် ခုခံတော်လှန်ကြတဲ့ နည်းနာကိုပါ အသုံးပြုနေကြခြင်းပဲ ဖြစ်ပါတယ်။ 

အမှန်တော့ ဒီပြောင်းလဲမှုဟာ သာမန်ပြောင်းလဲမှု မဟုတ်ပဲ၊ နှစ် ၆၀ ကာလအတွင်းမှာ ကြုံ တွေ့ခဲ့ရတဲ့ ခါးသီးမှုတွေနဲ့ ဆုံးရှုံးမှုတွေအပေါ် အခြေခံတဲ့ သဘောတရားရေးရာ ပြောင်းလဲမှုမျိုး ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလ(၁)ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် လူထုလှုပ်ရှားမှုကြီးပေါ်လာချိန်မှာ၊ ဒါကို အစဉ်အလာအတိုင်း "အရေးတော်ပုံ" လို့ ဝိသေသ မပြုခဲ့ပဲ "နွေဦးတော်လှန်ရေး" ဆိုပြီး ဝိသေသပြုခဲ့ခြင်း ကိုယ်၌က ထူးခြားလှပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ မြန်မာ့လွတ်လပ်ရေးနဲ့အတူ မွေးဖွားခဲ့တာ မှန်ပေမဲ့၊ ၈၈၈၈ အရေး တော်ပုံကြီးအပြီးမှာလည်း ကျောင်းသားတပ်မတော် ပေါ်ပေါက်လာပြီး စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့တာ မှန်ပေမဲ့၊ ဒီကနေ့ ဒီအခါမှာ တွေ့မြင်နေရတဲ့ နွေဦးတော်လှန်ရေးလို တိုင်းရင်းသားပေါင်းစုံနဲ့ လူတန်းစားပေါင်းစုံတို့ ပူးပေါင်းပါဝင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိထိရောက်ရောက် ဖြန့်ကျက် တိုက်ပွဲဝင်နေတာမျိုး တခါမှ မရှိခဲ့ဖူးပါဘူး။ နွေဦးတော်လှန်ရေးကာလ တနှစ်ခွဲအတောအတွင်း ဖက်ဆစ်စစ်တပ်ဖက်က ထိခိုက် ကျဆုံးမှုဟာ ပြည်တွင်းစစ်သက်တမ်းတလျှောက် တခါမှ မကြုံဖူး မကြားဖူးလောက်အောင် များပြားလွန်းလှတာမို့ တပ်ပျက်နိုင်တဲ့ အနေအထားအထိ ရောက်နေပါပြီ။

တခါက မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက် အပ်တိုတချောင်းတောင် ဆောင်မထားခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ ဒီကနေ့ ဒီအခါမှာ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေကြခြင်းဟာ - ဓားကိုဓားချင်း လှံကိုလှံချင်း ရင်ဆိုင်ချင်တယ် ဆိုတဲ့ ဗိုလ်နေ၀င်းရဲ့ စကားကို တန်ပြန်ခြင်းပဲ ဖြစ်ပါတယ်။ အမှန်တော့ လက်ရှိ နွေဦးတော်လှန်ရေးဟာ ဆဲဗင်းဂျူလိုင်နဲ့ စတဲ့ ကြေကွဲဖွယ် ဇာတ်လမ်းကို အဆုံးသတ်ပေးမယ့်၊ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုကို အခြေတည်ပေးမယ့် လူထုတော်လှန်ရေးပဲ ဖြစ်ပါတယ်။

မောင်မောင်မြင့်
မှတ်ချက်။ ။ စာရေးသူ၏ခွင့်ပြုချက်အရ " ဆီသို့" စာစဉ်မှာ ဖော်ပြပြီး ဆောင်းပါးကို မိုးမခမှ ထပ်ဆင့် ဖော်ပြအပ်ပါသည်။ 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar