Breaking News

အောင်သူငြိမ်း - ရှင်ဇို အာဘေး

အောင်သူငြိမ်း - ရှင်ဇို အာဘေး
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၂

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရတယ်။ သူ့အကြောင်း ကျနော်သိတာ သာမန်ပါပဲ။ စီးပွားရေးနဲ့ပတ်သက်လို့ အာဘေးနောမစ် (Abenomics) စသည်ဖြင့် ခေါ်ဆိုကြတဲ့ ထူးခြားတဲ့မူဝါဒတွေ ပြုခဲ့တယ်ဆိုတာတော့ သတိထားမိတယ်။ ပြီးတဲ့နောက် တရက်က ထိုင်းနိုင်ငံက သူ့ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်းအနေနဲ့ အစိုးရရုံးအားလုံးမှာ နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူစေတာ တွေ့ရတော့ အံ့ဩသွားမိတယ်။ အဲသည်လောက်တောင် ဩဇာကြီးသလားပေါ့။ 

ဘာဖြစ်လို့ ရှင်ဇိုအာဘေးကို သတိရနေကြတာလဲ။ ဘန်ကောက်ပို့သတင်းစာမှာ ဝါရင့်သတင်းစာဆရာ ကာဝီ (Kavi Chonkittavorn) ရေးတဲ့ “ရှင်ဇိုအာဘေးကို သတိရခြင်းနဲ့ ဂျပန်ရဲ့ မြင့်မားလာမှု” (Remembering Abe and Japan's rise) ဆောင်းပါးကို ဖတ်ရတယ်။ အခြားသတင်းဌာနများကလည်း ချီးကျူးရေးသားကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကလည်း အမြော်အမြင်ကြီးတဲ့လူ (Man of vision) ဆိုပြီး ဂုဏ်ပြုတာတွေ့ရသေးတယ်။ 

ရှင်ဇိုအာဘေးက ဂျပန်ကို အင်အားကြီးတဲ့ နိုင်ငံတခုအဖြစ် မြင်လိုတဲ့ ခေါင်းဆောင်ပါ။ ယူအက်စ်၊ တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂ (EU) တို့လို အရေးပါအောင် မြှင့်တင်ချင်တယ်။ သူက တကိုယ်တော်ပဲ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာအဆင့်မှာ ဂျပန်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့တယ်။ အထူးသဖြင့် သမားရိုးကျမဟုတ်တဲ့ စီးပွားရေး၊ လုံခြုံရေး မူဝါဒတွေချမှတ်ခဲ့တယ်။ မဟာ ဗျူဟာအရ အရေးပါတဲ့ကိစ္စတွေ ဦးဆောင်ခဲ့တယ်။ 

သူ့ရည်မှန်းချက် အထမြောက်ဖို့ အာဘေးက ဂျပန်ရဲ့ ကာလကြာရှည် စီးပွားရေးထိုင်းမှိုင်းနေတာနဲ့ စီးပွားကျဆင်းနေတာကို ပြင်ဆင်တယ်။ ဒါကို အာဘေးရဲ့ စီးပွားရေးဝါဒ (Abenomics) လို့ ခေါ်ဆိုကြတယ်။ ဂျပန်က ကမ္ဘာ့ နံပါတ် ၃ စီးပွားရေးစနစ် ဖြစ်ပါတယ်။ သူက ဘာလုပ်သလဲဆိုတော့ ငွေကြေးမူဝါဒမှာ ငွေပေါ်မှုလွယ်ကူအောင် (Monetary easing) လုပ်တယ်။ ဘဏ္ဍာရေးအရ ပိုသုံးတယ်၊ လှုံ့ဆော်မှုလုပ်တယ်။ ဖွဲ့စည်းထားပုံ (structure) အရ အပြောင်းအလဲတွေ လုပ်တယ်။ မူဝါဒ ရလဒ်တွေအရ ‘ရောထွေး’ရလဒ်တွေ ထွက်ပေမယ့်၊ သူက နာမည်အမျိုးမျိုးခံပြီး ဆက်ဆောင်ရွက်တယ်။ အဲဒါအပြင် အစိုးမရတဲ့ကမ္ဘာကြီးမှာ ဂျပန်ကို လုံခြုံအောင်လုပ်တယ်။  နောက်ဆက်တက်တဲ့ ဝန်ကြီး ချုပ် ဖူမီအို ကီရှီဒါ လည်း သူ့ဝါဒကို လိုက်ရတာပါပဲ။ 

သူက ဝန်ကြီးချုပ်သက်တန်း ၈-နှစ်ကာလမှာ ယူအက်စ်-ဂျပန် ဆက်ဆံရေးကောင်းအောင် လုပ်တယ်။ အထူးသဖြင့် သမ္မတထရမ့်နဲ့ အတော်ရင်းနှီးတယ်။ EU နဲ့ ဆက်ဆံရေးမြှင့်တယ်။ အာဆီယံနဲ့လည်း ဘက်စုံဆက်ဆံရေးတိုးတက်အောင် လုပ်တယ်။ အခုအမေရိကန်က ပြောနေတဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာ (Indo-Pacific strategy) ကလည်း သူက စအဆိုပြုတာ။ သူက ဂျပန်အတွက် “တက်ကြွလက်ဦးမှုယူတဲ့ ငြိမ်းချမ်းရေး” (Proactive Contribution to Peace) မူကို ချမှတ်တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးစွမ်းဆောင်မှုတွေနဲ့ နိုင်ငံတကာ တည်ငြိမ်မှုဖြစ်ပေါ်စေရေး ကြိုးစားခဲ့တယ်။ 

အာဆီယံအသင်းကြီးကလည်း အတော်တည်ငြိမ်ဖို့ လိုအပ်နေတယ်။ တည်ငြိမ်နေရင် နောက်ဆုံး ဂျပန်စီးပွားရေးတိုးတက်မှု အတွက် အလုပ်ဖြစ်မယ်လို့ သူကမြင်တယ်။ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက်နေရာမှာ မတည်မငြိမ်ဖြစ်နေတာလို့ (the global strategic landscape is in a state of flux) လို့ မြင်တယ်။ သူ့ရဲ့တင်းမာတဲ့ သိန်းငှက်ဆန်တဲ့ (hawkish) ချည်းကပ်မှုကို ပြည်တွင်းရော၊ ပြည်ပရော ဝေဖန်သူတွေ မနည်းဘူး။ အထူးသဖြင့် ဂျပန်ကို စစ်ရေးအင်အားကောင်းအောင်၊ လက်နက်တပ်ဆင်မှုတွေ လုပ်နေခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အပြီး ငြိမ်းချမ်းရေးအတွက် ဆွဲထားတဲ့ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (pacifist constitution) အရ မိမိဘာသာ ခုခံရေး တပ်ဖွဲ့ (Self-Defense forces) တွေ ခွင့်ပေးထားတယ်။ သူက ဒါကို တမျိုး အဓိပ္ပါယ်ပြန်ဖွင့်တယ်။ မဟာမိတ်တွေကို ခုခံနိုင်ဖို့ စုပေါင်း ခုခံရေးလုပ်နိုင်တယ်။ (collective self-defence including defending allies) လို့ သူကဆိုတယ်။ 

ဝန်ကြီးချုပ်ဟောင်း အာဘေး ဦးဆောင်စဉ်ကာလမှာ အာဆီယံနဲ့လည်း ဆက်ဆံရေး တိုးချဲ့ခဲ့တယ်။ အဖွဲ့ဝင်နိုင်ငံတိုင်းကို ၂ ကြိမ် သွားရောက်လည်ပတ်ခဲ့တယ်။ [မြန်မာနိုင်ငံကို သမ္မတဦးသိန်းစိန်ကာလ ၂၀၁၃ မေလမှာ၊ ဒေါ်အောင်ဆန်းစုကြည်ကာလ ၂၀၁၉ အောက်တိုဘာမှာ လာခဲ့တယ်။] အာဆီယံ- ဂျပန် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ဦးဆောင်ခဲ့ပြီး “နှလုံးသားချင်း-နှလုံးသားချင်း” (heart-to-heart approach) ဆက်ဆံရေးလုပ်ကြရအောင် ဆိုခဲ့တယ်။ အထူးသဖြင့် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ခဲ့တယ်။ နောက်နှစ်ဆိုရင် အာဆီယံ- ဂျပန် ဆက်ဆံရေး အနှစ် ၅၀ (ငွေရတု) တိုင်ခဲ့ပြီ။ ထိုင်းနဲ့ကတော့ ဆက်ဆံရေးကောင်းတယ်။ ၂၀၀၇ ခုနှစ်မှာ ထိုင်း-ဂျပန် စီးပွားရေးမိတ်ဖက် သဘောတူညီမှု Japan-Thailand Economic Partnership Agreement (JTEPA) ချုပ်ဆိုထားတော့ ထိုင်းနိုင်ငံသားတွေက ဂျပန်ကို ဗီဇာမလိုဘဲ ခရီးသွားနိုင်ကြတယ်။
ဒါကြောင့်ပဲ ဒီလိုဂုဏ်ပြုကြတာပဲလို့ သဘောရမိတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar