Breaking News

အောင်သူငြိမ်း - ထိုင်းနိုင်ငံရေးအတွက် အချိန်ဖြုန်းခဲ့သော နှစ်နှစ်ဆယ်

အောင်သူငြိမ်း - ထိုင်းနိုင်ငံရေးအတွက် အချိန်ဖြုန်းခဲ့သော နှစ်နှစ်ဆယ်

(မိုးမခ) ဒီဇင်ဘာ ၂၁ ၊ ၂၀၂၄


ဘန်ကောက်ပို့စ် သတင်းစာမှာ ချူလာလောင်ကောင် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ သစ်ထိနန် ပုန်ဆုဟီရက်ရဲ့ “ထိုင်းနိုင်ငံရေးအတွက် အချိန်ဖြုန်းခဲ့သော နှစ်နှဆယ်” ဆောင်းပါးကို ဖတ်ရပါတယ်။ ကျနော်ကတော့ စိတ်ဝင်စားမိ တယ်။ သူ ရေးထားတဲ့ အချက်အချို့ကို ပြန်ဖော်ပြလိုပါတယ်။ [Thitinan Pongsudhirak. (December 20, 2024). Two wasted decades in Thai politics. Bangkok Post.]

အခုအချိန်မှာ ထိုင်းမှာ ဒေသန္တရ ရွေးကောက်ပွဲအချို့ရှိတော့ မဲဆွယ်စည်းရုံးပေးနိုင်ဖို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ရှေ့ကို ထွက်လာပါတယ်။ ထိုင်းနိုင်ငံရေးထဲ တက်တက်ကြွကြွ ပါဝင်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူက အသက် ၇၅ နှစ် ရှိပါပြီ။ နောက်ကို ပြန်ပြောင်းကြည့်ရင် အခွင့်အလမ်းတွေ အများကြီးကို ဖြုန်းပစ်ခဲ့သလိုပဲလို့ ဆိုပါတယ်။ 

၁၉၉၀ ပြည့်နှစ်များမှာ ထိုင်းနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကို လျှောက်ခဲ့ပါတယ်။ အရင်က အာဏာရှင် စနစ်၊ နောက်တော့ အာဏာရှင်တပိုင်းကနေ ဆူးခင်းလမ်း ခလုတ်ကန်သင်းတွေကို ဖြတ်ရင်း ထိုင်းနိုင်ငံရေးက စနစ်တကျ ဖွဲ့တည်မိလာတယ်လို့ ဆိုရပါမယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ‘စစ်အေးတိုက်ပွဲ’ ထဲ ကြီးပြင်းခဲ့တဲ့ ခေါင်းဆောင်တွေကချည်း ခြယ်လှယ်နေခဲ့တာပါ။ အဲဒီကနေ လွတ်မြောက်လာပါတယ်။ 

သက်ဆင်က ၂၀၀၀ ခုနှစ်များမှာ ကျေးလက်ဒေသက လူထုကို တိုက်ရိုက် စည်းရုံးအားယူပြီး ‘အစီအစဉ်ဟောင်း’ ကို စိန်ခေါ်ခဲ့ပါတယ်။ သူ ဦးဆောင်တဲ့ ထိုင်းကိုထိုင်းချစ်သည် (Thai Rak Thai Party) ပါတီက လုံးဝ အပြတ်အသတ်နီးပါး နိုင်ခဲ့ပါတယ်။ ၁၉၉၇ အာရှ စီးပွားပျက်ကပ်နောက်ပိုင်းလည်း သူက အစွမ်းပြနိုင်ခဲ့ပါတယ်။ စီးပွားရေးပြန်လည် နာလန်ထူလာပါတယ်။ အထူးသဖြင့် တခါမှ မကြုံဖူးသေးတဲ့ မူဝါဒ တီထွင်ဆန်းသစ်မှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် လူတိုင်း ကျန်းမာရေး စောင့်ရှောက်ခံပိုင်ခွင့် (universal healthcare)၊ ကျေးလက် ချေးငွေစနစ်၊ ကျေးရွာအုပ်စုလိုက် ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ အစားအသောက်၊ ဖက်ရှင်၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မော်တော်ကား စတဲ့ စက်မှု မူဝါဒတွေမှာ ဆန်းသစ်ခဲ့ပါတယ်။ သက်ဆင်က လူထုသည်းခြေကြိုက် ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး တိုင်းပြည်ထိပ်သီးနဲ့ ယှဉ်ရဖွယ် ဖြစ်လာပြီး၊ ၂၀၀၅ ရှပ်ဝါ ဆန္ဒပြပွဲ နဲ့ ၂၀၀၆ စစ်အာဏာသိမ်းမှုတွေ ကြုံခဲ့ရပါတယ်။ 

ထိုင်းမှာ စစ်အာဏာသိမ်းမှုတွေက ဖြစ်ရပ်မြင်ကွင်းတွေကို ရုပ်သိမ်း၊ ပြန်ပြီး အစကပြန်စဆိုတာမျိုး လုပ်ခဲ့တာချည်းပါ။ သက်ဆင် ပြည်ပထွက်ပြေးရပြီး နောက်ပိုင်းလည်း သူ ဦးဆောင်တဲ့ ပါတီက အခြားနာမည်တွေနဲ့ နိုင်ခဲ့ပါသေးတယ်။ 

သက်ဆင် ဦးဆောင်မှုလိုလားတဲ့ မဲဆန္ဒရှင်တွေက နောက်ပိုင်းမှာ ရှပ်နီ လှုပ်ရှားမှုတွေ ဖြစ်လာပြီး၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွေမှာတော့ အကြမ်းဖက် ချေမှုန်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း သက်ဆင်ရဲ့ ညီမဖြစ်သူ ယင်လတ် ဦးဆောင်တဲ့ အစိုးရ၊ သူ နောက်ကွယ်ကလို့ ဆိုနိုင်တဲ့ ဖွေ့ထိုင်းပါတီတို့က လူထုထောက်ခံမှု အတော်ရထားတုန်းပါ။ ဒီလိုနဲ့ ၂၀၁၄ စစ်အာဏာသိမ်းမှု ထပ်ကြုံရပြန်ပါတယ်။ အရင် ၂၀၀၆ အာဏာသိမ်းမှုနဲ့ ကွာခြားတာက စစ်တပ်က အစိုးရကို တိုက် ရိုက်ချုပ်ကိုင် ဆက်ထိုင်နေလိုက်တာပါ။ စစ်တပ် ဆွဲတဲ့ ၂၀၁၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ အရပ်သားအစိုးရ ဆက်ဖြစ်လာခဲ့ပါတယ်။ 

သက်ဆင်ကာလ နဲ့ နောက်ပိုင်း အာဏာသိမ်းကာလ ၂ ခုမှာ မွေးဖွားခဲ့ကြတဲ့ လူငယ်တွေအဖို့ သူတို့ အနာဂတ် ပျောက်နေသလိုပါပဲ။ ဒီလို ခံစားနေကြရသူ လူငယ်တွေက အသစ်ဖွဲ့စည်းလာတဲ့ ‘အနာဂတ်သစ်ပါတီ’ (Future Forward Party) နောက် ရပ်ခဲ့ကြပါတယ်။ စစ်တပ်၊ ဘုရင်စနစ်နဲ့ အခြား ထုံးတမ်းစဉ်လာ အဖွဲ့အစည်းစနစ်တွေ ပြုပြင်ဖို့ တောင်းဆိုကြပါတယ်။ တခါ Future Forward ပါတီလည်း ၂၀၂၀ မှာ ဖျက်သိမ်းခံရပါတယ်။ Future Forward ပါတီကို ဆက်ခံတဲ့ Move Forward ပါတီ (ရှေ့သို့ချီ ပါတီ) က ၂၀၂၃ ခု မေလ ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရပါတယ်။ အစိုးရဖွဲ့ဖို့ မဖြစ် နိုင်ခဲ့ပါဘူး။ ပါတီ ဖျက်သိမ်းခံရပြီး ‘ပြည်သူ့ပါတီ’ ဆိုပြီး ထပ်ဖွဲ့စည်းကြရပြန်ပါတယ်။ 

ထုံးတမ်းစဉ်လာ အင်စတိကျူးရှင်းတွေကို ချုပ်ကိုင်ထားတဲ့ အာဏာလက်ဟောင်းတွေက လက်လျှော့လိုစိတ် မရှိသေးပါ ဘူး။ ၂၀၁၆ ခုနှစ်ကတည်းက စပြီး ပိုလို့ ရဲတင်း၊ ပိုလို့ ဝင်ရောက်စွက်ဖက်မှုတွေ လုပ်လာခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းရေစီးက သူတို့ဘက်မှာ မရှိတော့ပါဘူး။ လူငယ်တွေရဲ့ အသံ၊ မျိုးဆက် အဆက်ဆက်အကြားနဲ့ တနိုင်ငံလုံးရဲ့ စိတ်ခံစားမှုက ပြောင်းနေခဲ့ပါပြီ။ အပြောင်းအလဲ၊ ပြုပြင်ပြောင်းလဲမှုနဲ့ ခေတ်သစ်ဆန်ရေးက ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။ ရေလတ်ကာလ၊ ရေရှည်ကာလ တချိန်ချိန်မှာတော့ ထပ်တိုက်တိုးမှုတွေ ဖြစ်ပေါ်လာမှာပါ။ 

ဒီလို နိုးကြားမှုကြီး မလာခင်တော့ ထိုင်းနိုင်ငံရေးက ထိုင်းမှိုင်းအီလေး နေပါတယ်။ ထိုင်းစီးပွားရေးကလည်း မကောင်းလှပါဘူး။ အိမ်ထောင်စု ကြွေးမြီတွေက ၉၁% မြင့်မားနေပြီး၊ အစိုးရကြွေးမြီကလည်း စိုးရိမ်ဖွယ် ၆၀% ကျော်နေပါတယ်။ 

သက်ဆင် ပြန်ထွက်လာပေမယ့်လည်း သူနဲ့ လက်ရှိ အစိုးရ မဟာဗျူဟာ ဦးစားပေးလုပ်ငန်းတွေက ဝင်ငွေ ခွဲဝေဖြန့်ဖြူးရေးနဲ့ လူထုသည်း ခြေကြိုက် ဘတ် ၁၀,၀၀၀ ဝေပေးမယ့် စီမံကိန်းမျိုးလို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ တုန်းကလို သက်ဆင်က ဖွဲ့စည်း ပုံ ပြုပြင်ပြောင်းလဲရေးတွေ (structural reforms) တွေ ပြောမနေတော့ပါဘူး။ သူက အစီအစဉ် ဟောင်းကိုလည်း ပြုပြင်လိုစိတ် မရှိတော့ဘူး ယူဆရပါတယ်။

ဒစ်ဂျစ်တယ် ပြောင်းလဲရေး (digitalisation)၊ ထောက်ပို့ကွင်းဆက် ချိန်ညှိရေး (supply chain adjustments)၊ AI ဖွံ့ဖြိုးရေး၊ အခြား ICT ကိစ္စတွေ ပြောမနေတော့ပါဘူး။ သက်ဆင် မိန့်ခွန်းတွေက ဟောင်းနေခဲ့ပါပြီ။ သူ့တောင်းဆိုချက်က လက်ရှိ လူငယ်တွေရဲ့ ပြည်သူ့ ပါတီလို မဟုတ်နေတော့ပါဘူး။ ပြည်သူ့ပါတီကတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ လက်ဝါးကြီးအုပ်စနစ် ဖြိုခွဲရေး၊ SME မြှင့်တင်ရေး၊ အရည်အသွေး မြှင့်တင်ရေး (upskilling)၊ အမေရိကန်-တရုတ် ပထဝီနိုင်ငံရေး တင်းမာမှု အခြေအနေ ကြား ထဲမှာ ထောက်ပို့ကွင်းဆက်ထဲကို ဝင်ပူးပေါင်းရေး (plug-ins to supply chains) တွေ ပြောနေပါတယ်။ 

သေချာတာက ပြီးခဲ့တဲ့ ကာလတွေမှာ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာမှာ အခြေပျက်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ သံတမာန်ရေး ဂုဏ်သိက္ခာ အနိမ့်ကျဆုံး အခြေအနေလို့ ဆိုပါတယ်။ စစ်အစိုးရက တရုတ်ဘက်ကို ပိုယိမ်းခဲ့တယ်။ စာချုပ်စာတမ်းတွေအရ မဟာမိတ်ဖြစ်နေတဲ့ အမေရိကန်နဲ့ ဝေးနေခဲ့ပါ တယ်။ တချိန်တုန်းက အမေရိကန်အုပ်စုဘက်ကို ရပ်ပြီး ၁၉၆၀-၁၉၉၇ ခုနှစ်တွေမှာ ထိုင်းက စီးပွားရေး အကျိုးအမြတ် ထွက်ခဲ့တာပါ။ နောက်ပိုင်းEU- ဂျပန်တို့နဲ့လည်း နီးခဲ့ပါတယ်။ 

ခုတော့ ထိုင်းနိုင်ငံက ဝင်ငွေအလယ်အလတ်ကနေ မတက်နိုင်ဘဲ ထောင်ချောက်ထဲ ကျနေရပါတယ်။ (middle income trap) ဆယ်မီကွန်ဒတ်တာနဲ့ နည်းပညာ ဆန်းသစ်မှုမှာ နောက်ကျနေပါတယ်။ အခု အချိန် အမေရိကန်- တရုတ် ကုန်သွယ်ရေး တင်းမာမှုကြောင့် ထွက်လာတဲ့ ကုမ္ပဏီတွေကို ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယတို့လို ပြိုင်ဆိုင် မဆွဲဆောင်နိုင်ပါဘူး။ ထိုင်းနိုင်ငံက ပိုလို့ ဒီမိုကရေစီကျ၊ သံတမန်ရေးမှာ ပိုလို့ မျှမျှတတနဲ့ ဘက်စုံကို လှမ်းရမှာပါ။ အာဏာရှင်စနစ်ဘက်ကို သွားလေလေ၊ တရားဝင်မှုအတွက် တရုတ်ကို ပိုမှီ၊ ထောက်ခံမှု ပိုယူရမယ်လို့ ဆိုပါတယ်။ 

ပါမောက္ခ သစ်ထိနန်က “ထိုင်းနိုင်ငံရေးအတွက် အချိန်ဖြုန်းခဲ့သော နှစ်နှစ်ဆယ်”ဆိုပြီး ရေးတော့ ကျနော်တို့ မြန်မာတွေအတွက်ဆို ဘယ်လိုရေးရမှန်းတောင် မသိတော့ပါဘူး။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar