Breaking News

သားကြီးမောင်ဇေယျ - ကူညီပါရစေ



သားကြီးမောင်ဇေယျ - ကူညီပါရစေ

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၀

‘နောင်ကြီးလိုင်စင်ကလေးပြပါခင်ဗျာ့’

ကျွန်တော့်သားတော်မောင် မောင်းလာတဲ့ ကားကလေးကို ဒဂုံ(၁) ကျောင်းရှေ့မှာ ယာဉ်ထိန်းရဲတွေ က လက်ပြရပ်ခိုင်းပြီး ယဉ်ကျေးသိမ်မွေ့တဲ့ လေသံနဲ့ ပြော လိုက်တာပါ။

သားတော်မောင်ကလည်း အလိုက်တသိပါပဲ သူ့လိုင်စင်ကလေးကို ကားရှေ့ ခုံပေါ်က လှမ်းယူပြီး လက်နှစ်ဖက်နဲ့ ယာဉ်ထိန်းရဲကို ရိုရိုသေသေပေးလိုက်ပါတယ်။

ယာဉ်ထိန်းရဲ – ဒဏ်ငွေ သုံးသောင်းဆောင်ရပါမယ်
သားတော်မောင် – ဟုတ်ကဲ့ အခုဆောင်လိုက်ပါမယ်

ယာဉ်ထိန်းရဲ – ဒီမှာဆောင်လို့ မရပါဘူး၊ ရုံးမှာ သွားဆောင်ရမုှာပါ
သားတော်မောင် – ဟုတ် အခုပဲ ကျွန်တော်တို့ရုံးမှာ သွားဆောင်လိုက်ပါမယ်

ယာဉ်ထိန်းရဲ – ဒီနေ့ဆောင်လို့ မရဘူး ခင်ဗျာ့၊ မနက်ဖန်မှ သွားဆောင်ရမှာ
သားတော်မောင် – ကျွန်တော်မနက်ဖန် ရုံးတက်ရမှာမို့ပါ၊ ဒီနေ့ဆောင်ပါရစေ

ယာဉ်ထိန်းရဲ – ဒီမှာ ဆောင်လို့လဲ မရသလို၊ ဒီနေ့ဆောင်လို့လဲ မရပါဘူးခင်ဗျာ့
သားတော်မောင် – ဒုက္ခပါပဲ

ယာဉ်ထိန်းရဲ – ကျွန်တော် ဘာကူညီရမလဲ ၊ ကူညီပါရစေခင်ဗျာ

နှစ်ယောက်စလုံး အသံတိတ်သွားကြပါတယ်။ ခဏကြာမှ

ယာဉ်ထိန်းရဲ – ကျွန်တော် ဘာကူညီရမလဲခင်ဗျာ့။ ဘောက်ချာမဖွင့် ခင်ကလေးပေါ့။

သားတော်မောင် ဘက်က အသံထွက်မလာ။ ဘေးမှာ ထိုင်နေတဲ့ ကျွန်တော့်ကို လှမ်းကြည့်ပါတယ်။ ဘာလုပ်ရင် ကောင်းမလဲ ဆိုတဲ့ အကြည့်နဲ့ပါ။

ကျွန်တော်လည်း ဘာပြောရမှန်းမသိပါ။
ကျွန်တော့်စိတ်က လွန်ခဲ့တဲ့ နှစ် သုံးဆယ်ကျော်ကို လွင့်သွားပါတယ်။

‘ငါတို့ယာဉ်ထိန်းရဲတွေဟာ နေရာကောင်းကလေးတခု မှာ တာဝန်ကျဖို့ အထက်က လူကြီး ကို အလိုက်သိရတယ်ကွ။ ငါတို့ အရာရှိကြီးတည်တဲ့ဘုရားမှာ ငါတို့လည်း ကုသိုလ်တော် ပါဝင်ခွင့် ရသလို ကားသမားတွေလည်း ကုသိုလ်တော် ပါဝင်ခွင့် ရကြတာပေါ့ကွာ။ ငါတို့က ကားသမားတွေ ကို အပြစ်ရှာနေတာမဟုတ်ပါဘူး ကုသိုလ်ရှာနေတာပါ’ လို့ ပြောတဲ့စကားလေး ရုတ်တရက် ဖြတ်ကနဲ ပြန်သတိရမိပါတယ်။ 

စစ်အစိုးရခေတ်က သူငယ်ချင်း ယာဉ်ထိန်းရဲ ပြောခဲ့တာပါ။ ဒီမိုခေတ်မှာ တော့ ယာဉ်ထိန်းရဲ သူငယ်ချင်း မရှိတော့လို့ သူတို့ ရင်ဖွင့်သံကို မကြားရတာ အတော်ကြာပေါ့။ ကျွန်တော့် စိတ်ထဲက အပြုံးကလေး ဟာ ကျွန်တော်မျက်နှာပေါ်ဖြတ်ပြေးသွားသလား မသိပါဘူး။

ယာဉ်ထိန်းရဲ – ဘောက်ချာမဖွင့် ကလေး ဘာကူညီရမလဲခင်ဗျာ့

သူ့ရဲ့ သိမ်မွေ့တဲ့အသံကလေး နောက်ကွယ်က စိတ်မရှည်မှုကို အတတ်နိုင်ဆုံး ဖုံးထားတဲ့ လေသံ နဲ့ပြောပါရှာပါတယ်။

သားတော်မောင်က ကျွန်တော်ဘက်ကို ထပ်ကြည့်ပြန်ပါတယ်။

ကျွန်တော် – စည်းကမ်းအတိုင်းလုပ် ကြတာပေါ့ကွာ ၊ မနက်ဖန် မှ ရုံးမှာ ဆောင်ဆိုလည်း ဆောင်ရတာပေါ့။
ယာဉ်ထိန်းရဲ – ဘောက်ချာဖွင့်ပြီးရင်တော့ ကျွန်တော်တို့ ကူညီလို့မရတော့ပါဘူးခင်ဗျာ့။
သားတော်မောင် – ရပါတယ် အစ်ကို မနက်ဖန် ရုံးမှာ သွားဆောင်လိုက်ပါမယ်

ယာဉ်ထိန်းရဲလည်း စိတ်ပျက်တဲ့ အမူအရာနဲ့ ဘောချာကို ခတ်သွက်သွက်ဖိရေးပြီးသားတော်မောင် လက်ထဲ ဆောင့် ထည့်လိုက်ပါတယ်။

သမ္မတရုပ်ရှင်ရုံရှေ့ရောက်တော့

ကျွန်တော် – သားရယ် ကားမောင်းတဲ့ အခါ စည်းကမ်းအတိုင်းမောင်းကွ ၊ စည်းကမ်းမလိုက်နာရင် အခုလိုပဲ ဒဏ်ငွေဆောင်ရမှာပဲ

သားတော်မောင် – အခုဖမ်းတာက သားကိုဖမ်းတာမဟုတ်ဘူး၊ အဖေ က ရှေ့ခန်းမှာ ထိုင်ပြီး ခါးပတ်မပတ်လို့ ဖမ်းတာ အဖေ

တိန်

အခုမှ ကျွန်တော်ကိုယ် ကျွန်တော်ပြန်ကြည့်မိတယ်။ ခါးပတ်မပတ်ထားမိ။ YBS ဘတ်(စ) ကားယာဉ်ကျေးမှုနဲ့သာ နီးစပ်တဲ့ ကျွန်တော့် အဖို့ ကိုယ်ပိုင်ကား ယဉ်ကျေးမှု နဲ့ စည်းကမ်းကို သတိမပြုမိ။

ခုတော့ ဝါးတားတား ဒီမိုခေတ်ကြီးမှာ သူငယ်ချင်းတွေကား ကပ်စီးတဲ့ အခါ သူတို့မေတ္တာမပွားမိစေဖို့ ကိုယ်ပိုင်ကား ယာဉ်ကျေးမှုနဲ့ စည်းကမ်းတွေကို နားလည်အောင် မိမိကိုယ်မိမိ UPGRADE လုပ်ထားဖို့လိုနေပြီဆိုတာ ကျွန်တော်သတိပြုမိလာပါတယ်။

သားတော်မောင် – ရဲတွေရဲ့ ဘောက်ချာမဖွင့်ခင် ကူညီပါစေ ဆိုတာကို လက်ခံလိုက်ရင် ပိုက်ဆံလည်း ငါထောင်လောက်ပဲ ကုန်မယ်၊ အလုပ်လည်းမပျက်ဖူးပေါ့။ ခုတော့ အဖေက စည်းကမ်းတိုင်းလုပ်ပါဆိုတော့ အလုပ်လည်းပျက် ငွေလည်းပိုကုန်တာပေါ့ ဒါပေမယ့် ကျွန်တော်တို့ကုန်တဲ့ငွေက အစိုးရ ဆီရောက်တော့ တိုင်းပြည်အတွက်တော့ကောင်းတာပေါ့။ အလုပ်တော့ရှုပ်တာပေါ့။

ကျွန်တော် – ငါက လူကြီးလူကောင်းရောင်ရောင် ဘာရောင်ရောင် ဖြစ်နေလို့ ပြောမိတာပါကွာ။ ဘာရယ်မဟုတ်ပါဘူး။ ကိုယ်တိုင် ရုံးကိုသွားပြီး ဒဏ်ငွေဆောင်ရင်လည်း တိုင်းပြည်ဝင်ငွေတိုးတာပေါ့။ ဘောက်ချာမဖွင့်ခင် ကူညီပါရစေ ဆိုတာကိုလက်ခံလိုက်ရင်လည်း အရာရှိကြီးတွေ ဘုရားတည်တဲ့ အခါ ကုသိုလ်ပါဝင်ပြီးသားရတာပေါ့။ ငါ့အတွက်ကတော့ ဆောင်းပါး တပုဒ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အားလုံးကောင်းပါတယ်။

ညနေဖက်အိမ်ပြန်ရောက်လို့ အပျင်းပြေ တီဗွီသတင်းဖွင့်ကြည့်တဲ့ အခါ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရဲထိပ်တန်း အရာရှိကြီးတယောက် က ရဲမေ ဆယ်ရှစ်ယောက်ကို ရာထူးတိုးဖို့ ကိုယ်ထိလက်ရောက် ကူညီ မိလို့ ထောင်နန်းစံရတဲ့ သတင်းပါလာပါတယ်။

ကျွန်တော့်စိတ်ထဲမှာတော့ ၂၀၀၈ ဖွဲစည်းပုံကို ဦးထိပ်ထားရင်း ကူညီပါရစေ တွေကို ဘယ်လိုပြန်လည် ကူညီရမလဲ ဆိုတာ ကိုဗစ်ကာလ အလုပ်မရှိ အလုပ်ရှာ စဉ်းစားနေမိပါတယ်။

သားကြီးမောင်ဇေယျ (၈-၇-၂၀၂၀)