Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၃ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၂


စစ်ကောင်စီရဲ့ ရုရှားကို ချဥ်းကပ်တဲ့ ဗျူဟာ

စစ်ကောင်စီခေါင်းဆောင် ဇူလိုင်လ ၁၀ ရက်နေ့ကတည်းက ရုရှားနိုင်ငံကို ပုဂ္ဂိုလ်ရေးခရီးစဥ်အဖြစ် သွားရောက်ခဲ့ပြီး ဝါဆိုလပြည့်နေ့မှာ ရုရှားမှာတည်ထားတဲ့ ရွှေစည်းခုံပုံတူစေတီ ထီးတင်ပွဲသွားရောက်တဲ့ အကြောင်းခံပြီး ရုရှားနဲ့ ဆက်ဆံရေး ပိုနီးကပ်အောင် ကြိုးစားတဲ့ သဘောမျိုး နိုင်ငံရေးနယ်ပယ်က နားလည်ကြပါတယ်။ 

ဝါဆိုလပြည်နေ့မှာ စေတီထီးတင်တာကို ကျင်းပရင်း ရုရှား နိုင်ငံအနုမြူစွမ်းအင်အေဂျင်စီ နဲ့တွေ့ဆုံတာ အာကာသအေဂျင်စီနဲ့ တွေ့ဆုံတာတွေ ရှိတဲ့အကြောင်း သတင်းတွေထဲဖော်ပြထားပါတယ်။ စစ်ကောင်စီပိုင် သတင်းစာမှာတော့ မနေ့က ရုရှားဖက်ဒရေးရှင်းထဲက တာတာကစ္စတန်နိုင်ငံကိုလည်း ဝင်ပြီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ အိုင်တီတက္ကသိုလ်သွားရောက်တာတွေ လုပ်ဆောင်ကြောင်း သတင်းဖော်ပြထားပါတယ်။ 

ဒီခရီးစဥ်အတွင်း ရုရှားနိုင်ငံရဲ့ အမြင့်ဆုံး ရာထူးရှိသူဆိုရင် ကာကွယ်ရေးဒုဝန်ကြီးဖြစ်သူနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး အဆိုပါ ဒုဝန်ကြီးက စေတီထီးတင်ပွဲကိုလည်း တက်ရောက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဒီခရီးစဥ်ရဲ့ ရည်ရွယ်ချက်ကိုကြည့်ရင် စေတီထီးတင်တာကို အကြောင်းပြုပြီး ရုရှားထံမှ လက်နက်ဝယ်ယူဖို့ နဲ့ နိုင်ငံတကာ သံတမန်အရေးမှာ ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ပြသချင်တဲ့ ရည်ရွယ်ချက်ရှိတာ ထင်ရှားပါတယ်။ 

ယူကရိန်း-ရုရှား စစ်ပွဲမဖြစ်ခင် ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေ မလုပ်ကြမီ ယမန်နှစ်ကတည်းက ရုရှားမီဒီယာရဲ့ အင်တာဗျူးမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနဲ့ နယ်မြေအရ အလှမ်းဝေးသော်လည်း ဆက်ဆံရေးအရ နီးကပ်ကြောင်း မဟာဗျူဟာအရ မိတ်ဆွေနိုင်ငံအဖြစ် ရည်ညွှန်းပြောဆိုခဲ့ဖူးပါတယ်။ ရုရှားဘက်ကတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အချက်၊ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက ရုရှားအတွက် မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံအဖြစ် ရည်ရွယ်ထားတာ ရှိပုံမပေါ်တာကြောင့် အရေးတယူ နိုင်ငံခေါင်းဆောင် အဆင့်တူချင်း တွေ့ဆုံတာ၊ အရေးတယူ ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။ 

လက်နက်ရောင်းချဖို့ နိုင်ငံတနိုင်ငံအနေနဲ့ ဆက်ဆံရေးမျိုးသာ သဘောထားပုံရပြီး မြန်မာနိုင်ငံအနေနဲ့လည်း ပြောပလောက်တဲ့ ပမာဏမျိုး ဝယ်ယူနိုင်တဲ့နိုင်ငံ မဟုတ်တာကြောင့် အလေးထားအရေးတယူပြုဆက်ဆံတဲ့ နိုင်ငံတနိုင်ငံ အနေအထားမျိုး မရောက်ရှိခဲ့တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

ယူကရိန်း-ရုရှားစစ်ပွဲမတိုင်မီက ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးကို ပြသခြင်းဟာ ကမ္ဘာ့အလယ်မှာ သိပ်မထူးခြားပေမယ့် အခုလို ယူကရိန်းကို ရုရှားကျူးကျော် တိုက်ခိုက်ပြီးနောက်ကာလတွေမှာ ရုရှားနဲ့ ဆက်ဆံရေး ရင်းနှီးကြောင်း ပြသလိုတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတကာသံရေးတမန်ရေးဗျူဟာ က အပေါင်းလက္ခဏာထက် အနုတ်လက္ခဏာဘက်သာ ရဖို့များတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာမှာ ရုရှားက ဗီလိန်ဖြစ်နေချိန်မှာ ရုရှားကို အရေးတယူလုပ်တာ ရုရှားရဲ့ နည်းပညာ၊ စစ်လက်နက်၊ လောင်စာဆီ စတာတွေ ဝယ်ယူနိုင်ဖို့ ကြိုးစားတာတွေဟာ အင်အားကြီးနိုင်ငံတနိုင်ငံမဟုတ်တဲ့ မြန်မာလို နိုင်ငံအဖို့ နာမည်ပျက်တဲ့ အကျိုးကျေးဇူးပဲ ရရှိမယ့်သဘော ဖြစ်ပါတယ်။ 

အတိုက်အခံ NUG အစိုးရအပေါ် အမေရိကန်ရဲ့ သံတမန်ရေးအရ ပွဲထုတ်တာတွေကို စစ်ကောင်စီက မခံချင်တာ မကျေနပ်ရာက ရုရှားကို ပိုမှီခိုလိုကြောင်း ပြသလာတာမျိုးလို့လည်း နားလည်ရပြီး အရင် စစ်အစိုးရလက်ထက်ကလို တရုတ်နိုင်ငံကို သံတမန်ရေးနဲ့ စစ်လက်နက် ရရှိရေးတွေမှာ အားကိုးခဲ့တာမျိုး အလားတူ အခုအခါမှာ ရုရှားကို အားကိုးတဲ့သဏ္ဌာန်ဖြစ်လာပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အာရှမှာရော ကမ္ဘာမှာပါ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံရေးပထဝီအနေအထားမှာ တတ်နိုင်သမျှ အားပြိုင်မှုရဲ့ ကြားခံနိုင်ငံမဖြစ်ဖို့ ၊ proxy war လို နိုင်ငံမျိုးမဖြစ်ဖို့ ပြည်တွင်းက နိုင်ငံရေးအားပြိုင်မှု အာဏာဆုပ်ကိုင်လိုမှုတခုတည်းနဲ့ အန္တရာယ်များတဲ့ နိုင်ငံတကာ မဟာဗျူဟာ ကစားပွဲမှာ ဝင်မကစားသင့်ဘူးလို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar