Breaking News

လက်နက်ကိုင်ပဋိပက္ခ၊ တလွဲစီမံခန့်ခွဲမှုတွေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး၊ လူထုရဲ့ ခံနိုင်စွမ်း


မြန်မာနွေဦး ခရိုနီကယ် - မတ် ၃၁ မြင်ကွင်း

(မိုးမခ) ဧပြီ ၁ ၊ ၂၀၂၃


လက်နက်ကိုင်ပဋိပက္ခ၊ တလွဲစီမံခန့်ခွဲမှုတွေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး၊ လူထုရဲ့ ခံနိုင်စွမ်း 

၂၀၂၀ ခုနှစ် ဆန်းခါစ တကမ္ဘာလုံး လျင်မြန်စွာပျံ့နှံ့ခဲ့တဲ့ ကိုဗစ်ကူးစက်ရောဂါ ကပ်ဘေးက မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ ရပ်နားရတာ၊ ကုန်သွယ်မှု သွားလာမှုတွေအပေါ်မှာ မကြုံဖူးတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ခဲ့တာ၊ မြို့တွေမှာ သွားလာမှု ကန့်သတ်ချက်တွေ ထုတ်ပြန်ချမှတ်ခဲ့တာနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရတာတွေက စီးပွားရေးကို သိသာတဲ့ ထိခိုက်မှုတွေ ဖြစ်ပွားစေခဲ့ပြီး အဲဒီအချိန်က အစိုးရအနေနဲ့ ဘတ်ဂျက်ထဲက ဝင်ငွေနည်းတဲ့ မိသားစုတွေကို ထောက်ပံ့ကြေးပေးတဲ့ အစီအစဥ် တချို့ လုပ်ဆောင်ပေမယ့်လည်း ကုန်ကျစရိတ် မြင့်တက်လာတာ၊ ဝင်ငွေကျဆင်းလာတာတွေရဲ့ ဒဏ်ကို ကာမိလောက်တဲ့ အခြေအနေမျိုးတော့ မရောက်ရှိနိုင်ခဲ့ပါဘူး။ 

၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ဘေးထက်ကို ပိုမိုဆိုးရွားတဲ့ စီးပွားရေး ထိခိုက်မှု၊ ပျက်စီးမှုတွေက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ပိုမိုကြီးမားတဲ့ ပြဿနာတွေ သက်ရောက်မှုတွေ ဆက်တိုက်ဆိုသလို ကျရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားလာခြင်းကနေ အလုပ်အကိုင် အခွင့်အလမ်း၊ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေ ကို တိုက်ရိုက်ထိခိုက်စေတာ၊ စစ်ဘေးတိမ်းရှောင်နေရတာကြောင့် မြန်မာနိုင်ငံရဲ့ လူများစု အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့ စိုက်ပျိုးရေး မလုပ်ကိုင်နိုင်ကြတဲ့ အခြေအနေ ၊ လုပ်ကိုင်နိုင်တဲ့ ဧရိယာ ဒေသတွေက ထွက်ရှိလာတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကိုလည်း နယ်စပ်ကုန်သွယ်ရေး အတားအဆီးတွေ ခရီးလမ်း မလုံခြုံမှုတွေ ကြောင့် လွယ်ကူစွာ မတင်ပို့နိုင်တဲ့ အခက်အခဲတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းကိုလည်း ကြီးမားတဲ့ သက်ရောက်မှု ထိခိုက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

တဖန် နိုင်ငံတကာကုမ္ပဏီကြီးတွေ အနေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ တာဝန်ယူမှု၊ စီးပွားရေး ကျင့်ဝတ်သိက္ခာအရ ဖိအားပေးမှုတွေကြောင့် ရင်းနှီးမြှပ်နှံလုပ်ကိုင်ရာက ထွက်ခွာဖို့ ဆုံးဖြတ်ကြတာကြောင့် စျေးကွက်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို သက်ရောက်မှုတွေ ရှိလာခြင်း၊ လုံခြုံရေးပေါ် အခြေခံပြီး အခြေခံ ကုန်စည်ပို့ဆောင်ရေး အခြေအနေတွေ ဆိုးရွားပျက်ယွင်းလာတာ ၊ စစ်ကောင်စီရဲ့  ကပြောင်းကပြန် ပြောင်းလဲနေတဲ့ နိုင်ငံခြားငွေကြေး မူဝါဒနဲ့ အဓိက အကျဆုံးအချက်တချက်က ကောက်ယူရရှိတဲ့ အခွန်အကောက်၊ သယံဇာတ ရောင်းချရငွေတွေထဲက အများစုကို စစ်စရိတ် အဖြစ်သုံးစွဲကြတာတွေက မြန်မာနိုင်ငံစီးပွားရေးကို ယိုယွင်းပျက်စီးစေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ 

ဒီအချက်အလက်တွေက တခုပြီးတခု ဖြစ်ပွားနေတာတွေ ရှိသလို ပေါင်းစုံပြီး ဖြစ်ပွားကာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူထုရဲ့ အလုပ်အကိုင် ဝင်ငွေတွေကို သိသိသာသာ ထိခိုက်လာနေတာ လည်းဖြစ်ပါတယ်။ ဒီအချက်အလက်တွေအပြင် တရားဥပဒေစိုးမိုးမှု ကျဆင်းလာတာကြောင့် စီးပွားရေး လုပ်ငန်းတွေအပေါ် ထိခိုက် သက်ရောက်မှုတွေလည်း ထည့်သွင်းပြောဆိုရမှာ ဖြစ်ပါတယ်။ 

ကုန်သွယ်မှု၊ ရောင်းဝယ်မှု ပို့ဆောင်မှုတွေမှာ လုယက်ခံရတာ၊ ဓားပြတိုက်ခံရတာ၊ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုတွေကလည်း ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း သိသာထင်ရှားစွာ မြင့်တက်လာတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ် ဧပြီလနဲ့ သြဂုတ်လအတွင်း နိုင်ငံခြားငွေ လွှဲပြောင်းလက်ခံခြင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အမိန့်စာ ကန့်သတ်ချက်တွေ တခုပြီးတခု ထုတ်ပြန်ခဲ့ရာက တဒေါ်လာ ကျပ် ၁၈၀၀ နဲ့ ၂၀၀၀ ကြားရှိတဲ့ ငွေလဲနှုန်းက ကျပ် ၃၀၀၀ ကျော်အထိ ၂ လနီးပါးကာလအတွင်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေကြေးကို အာဏာနဲ့ လဲလှယ်ချုပ်ကိုင်လိုတာအပြင် ပြည်ပမှ ပေးပို့လာတဲ့ငွေကြေးတွေအနက် အတိုက်အခံ အဖွဲ့အစည်းတွေကို ထောက်ပံ့မယ့် ငွေကြေးတွေကို တားဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့လည်း အမိန့်တွေ စည်းမျဥ်းတွေ ထုတ်ပြန်ပြီး ပိတ်ပင်ခဲ့ရာက မြန်မာကျပ်ငွေ မကြုံဖူးလောက်တဲ့ ဈေးနှုန်းတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေ အောက်မှာ လူထုအနေနဲ့ ရှင်သန်ရေးအတွက် တခုသော ထွက်ပေါက်က ပြည်ပထွက်ပြီး ဝင်ငွေရတဲ့ အလုပ်အကိုင်ဆို ဘယ်အလုပ်မျိုးမဆို လုပ်ကိုင်ကြဖို့ ထွက်ခွာကြတဲ့ အခြေအနေ ဆီရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်က စလို့ လက်ရှိ အချိန်ထိ တရားဝင်လမ်းကြောင်းကနေ   တလကို ၄/၅ သောင်းဝန်းကျင် အလုပ်လုပ်ဖို့ ပြည်ပထွက်ခွာ နေကြတာ ဖြစ်ပြီး တရားမဝင်လမ်းကြောင်းကလည်း ဒိထက်မနည်းတဲ့ အရေအတွက်ရှိတဲ့ လုပ်သားတွေ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက နိုင်ငံရေးအရ ပြည်တွင်းစစ်ကျယ်ပြန့်စွာ ဖြစ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို စီးပွားရေးအရလည်း တပိုင်းတစ ကျရှုံးနိုင်ငံ တနိုင်ငံ ဖြစ်နှင့်နေပြီး ဖြစ်ပါတယ်။ လက်ရှိ အခြေအနေက အဆိုးဆုံး ရောက်နေပြီလားလို့ မေးရင် ဘယ်သူမှ တိတိကျကျ မဖြေဆိုနိုင်တဲ့ အနေအထားမျိုးလို့သာဆိုရမှာပါ။ နောက်လာမယ့် လတွေ နှစ်တွေထဲ ဒီထက် ဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့နိုင်ရချေရှိနေသေးပြီး လူထုရဲ့ ခံနိုင်စွမ်းရည်က ဘယ်လောက်ထပ်ရှိဦးမလဲ ဆိုတာ ပြောဖို့ခက်တဲ့အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar