ကိုအောင်မှိုင်း - တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ပေါ်လစီများအတွက် အကျိုးဆက်များ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂
ICJ တရားရုံးကနေ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိတယ်လို့ ဇူလိုင် ၂၂ ရက်ကအမိန့်ချမှတ် လိုက်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အ ပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်ကတင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက် ၄ ချက်စလုံးကို ICJ တရားသူကြီးတွေက ပယ်ချလိုက်တာပါ။ တရားရုံးအမိန့်ကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ အမှုဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီတရားစွဲဆိုမှုအပေါ် အကြမ်းဖက်စစ်ကောင်စီဘက်က ကန့်ကွက်ချက်တွေတင်သွင်းခဲ့ပြီး အဲဒီကန့်ကွက်ချက်တွေအပေါ် မနေ့ ဇူလိုင် ၂၂ ရက်နေ့မှာ ICJ တရားရုံးကအပြီးသတ် အမိန့်ချပါတယ်။ စစ်ကောင် စီရဲ့ ကန့်ကွက်ချက်တွေကိုပယ်ချပြီး ဆက်လက်တရားစီရင်ဖို့ ICJ က ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလို ICJ တရား ရုံးက မြန်မာအပေါ် အမိန့်ချပေမယ့်လည်း ICJ တရားသူကြီး ၁၆ ဦးလုံးက တညီတညွတ်တည်း သဘော တူတာမဟုတ်ဘဲ ICJ တရားသူကြီး တစ်ဦးဖြစ်တဲ့ တရုတ်နိုင်ငံသူ တရားသူကြီး XUE Hanqin က စစ်တပ်ရဲ့ ကန့်ကွက်ချက်ကို လက်ခံခဲ့ပြီး ICJ တရားရုံးက မြန်မာအပေါ် ဆက်လက်တရားစီရင်မယ်ဆိုတဲ့ အမိန့်ကိုလက်မခံဘဲ ကန့်ကွက်ခဲ့ပါတယ်။
ICJ တရားရုံးမှ တရုတ်တရားသူကြီး XUE Hanqin က ဘယ်လိုတရားသူကြီးမျိူးလဲဆိုတာ လေ့လာ ကြည့်သင့်ပါတယ်။
ICJ တရားရုံးဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ တရားစီရင်ရေး တရားရုံးဖြစ်တာမို့ ကုလသမဂ္ဂ အထွေထွေညီ လာခံနဲ့ လုံခြုံရေးကောင်စီက တရားသူကြီး ၁၅ ဦးတွေကို ရွေးကောက်တင်မြှောက်ပါတယ်။ ICJ တရား ရုံးတရားသူကြီးတွေအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးရင် ၉ နှစ်တိတိတာဝန်ထမ်းဆောင်ရပါတယ်။
ICJ တရားရုံးရဲ့ မနေ့က အမှုစီရင်မှုမှာ စစ်ကောင်စီဘက်က နှစ်ကြိမ်တိုင် ဘက်လိုက်မဲပေးခဲ့တဲ့ တရုတ်တရားသူကြီး XUE Hanqin ဟာ တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံတမန်၊ ဌာနဆိုင်ရာအကြီးအကဲရာထူးတွေထမ်းဆောင်ခဲ့တဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ၊ တရုတ်အစိုးရ ဘက်တော်သားစစ်စစ် ဖြစ်ပါတယ်။
သူက ၂၀၁၀ ခုနှစ် ဇွန်လ ၂၉ ရက်ကတည်းက ICJ တရားရုံးအဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။ ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီလမှ ၂၀၂၁ ခုနှစ်အထိ ICJတရားသူကြီးအဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။ ICJ တရားရုံးရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ ICJ တရားသူကြီးအဖြစ် ပြန်လည်ထပ် မံရွေးချယ်ခံရတာမို့ ICJ တရားရုံးရဲ့ တရုတ်တရားသူကြီးအဖြစ် XUE Hanqinက ၂၀၃၀ ခုနှစ် ဖေဖော် ဝါရီလအထိ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
တရုတ် တရားသူကြီး XUE Hanqin ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဥပဒေရေးရာကျွမ်းကျင်သူ၊ အတိုင်ပင်ခံ၊ သံတမန် စသည်ဖြင့် ရာထူးနေရာပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်ပါတယ်။ သူဟာ ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၆၆ နှစ်ရှိနေ ပြီဖြစ်ပါတယ်။ ဘေဂျင်းနိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ ဘေဂျင်းတက္ကသိုလ်ကနေ ဘာသာစကားဆိုင်ရာ ဘွဲ့၊ နိုင်ငံတကာဥပဒေဒီပလိုမာဘွဲ့တွေရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ကိုလံဘီယာတက္ကသိုလ် ဥပဒေကျောင်းကနေ ဥပဒေမာစတာဘွဲ့ အပါအဝင် ဥပဒေဆိုင်ရာဘွဲ့တွေ ရယူခဲ့ပါတယ်။
အဲဒီနောက် တရုတ် Wuhan University School of Law ရဲ့ ပါမောက္ခနဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းခဲ့ပါတယ်။ ၁၉၈၀ မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာအမှုထမ်းခဲ့ပြီး ဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် အမှုထမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ချုပ်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက် နယ်သာလန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ ပါသေးတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ICJ တရားရုံးရဲ့ တရားသူကြီးအဖြစ် ရွေးကောက်ခံခဲ့ရတာပါ။
ICJ တရားရုံးမှာ တရားသူကြီး ၁၆ ယောက်ရှိတဲ့အနက် သူတယောက်ထဲကန့်ကွက်လို့လဲ ဆုံးဖြတ်ချက်ကို ပြင်ဆင်နိုင်မှာမဟုတ်မှန်းသူလဲ သိမှာပါ။ ဒါပေမဲ့ မျက်နှာပြောင်ပြောင်နဲ့ ဗြောင်ဘဲကန့်ကွက်ခဲ့ပါတယ်။ ဆိုလိုချင်တာက တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ပေါ်လစီအောက်မှာ ဘယ်သူတဦးတယောက်မှ ဂုဏ်သိက္ခာကို ထိမ်းသိမ်းဘို့ဆိုတာ အကန့်အသတ်အလွန်ကြီးကြောင်းတွေ့ရမှာ ဖြစ်ပါတယ်။
ဂျူလိုင်လ ၂၃ ရက်နေ့မှာ ဗမာပြည်မှာရှိတဲ့ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီပစ်ခတ်တိုက်ခိုက်တာခံရပါတယ်။ ဒီဖြစ်စဉ်တွေဟာ မြန်မာပြည်မှာရှိတဲ့ တရုတ်အစိုးရပိုင်အကျိုးစီးပွါးတွေကို မြန်မာနိုင်ငံသားများအနေနဲ့ ကာကွယ်လိုစိတ်မရှိတော့ကြောင်း ဖေါ်ပြလာတာဘဲဖြစ်ပါတယ်။ သေချာတာက ဗမာစစ်တပ်အနေနဲ့ တရုတ်နိုင်ငံပိုင်စက်ရုံ အလုပ်ရုံ လုပ်ငန်းကုမ္ပဏီ ဓါတ်ငွေ့ပိုက်လိုင်း ရေနက်ဆိပ်ကမ်း စီမံကိန်း အပြင် ထောင်ချီနေတဲ့လုပ်ငန်းများကို ကာကွယ်ဘို့ရန် လုံးဝမဖြစ်နိုင်မှန်း သိသာပါတယ်။ ကာကွယ်နိုင်မယ်ဆိုရင်လဲ ခေတ္တခဏသာကာကွယ်ပေးနိုင်မှာပါ။ အားလုံးက မြန်မာလူထုလက်ထဲမှာသာရှိကြောင်း ကို တရုတ်အစိုးရသိရှိနားလည်ဘို့ အလွန်အရေးကြီးပါတယ်။
တရုတ်အစိုးရရဲ့မှားယွင်းတဲ့ ပေါ်လစီတွေကြောင့် ဖြစ်ပေါ်လာတဲ့ တရုတ်နိုင်ငံအကျိုးစီးပွါး ထိခိုက်ဆုံး ရှုံးမှုတွေအားလုံးဟာ လက်ရှိ တရုတ်အစိုးရမှာသာ တာဝန်ရှိကြောင်း ပြောရတော့မှာဖြစ်ပါတယ်။
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar