Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၉ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၂ 

စံနှုန်းတွေ တန်ဖိုးတွေကို တကယ်ရိုးသားစွာ နားလည် လက်ခံဖို့  
တနေ့က ဆယ်နှစ်ဝန်းကျင်အရွယ်သမီးက ခုရက်ပိုင်း LGBTQ တွေရဲ့အထိမ်းအမှတ် လဖြစ်လို့ အဲဒီအကြောင်းကို တကူးတက ပြောလာပြီး သူက ဘာလို့ပြောရမလဲ L လား B လား G လား ဆိုပြီးမေးလာတယ်။ ကျောင်းမှာ ဘယ်သူနဲ့ အခု pride month အကြောင်းကိုပြောတယ် ဘယ်ဆရာက ဒီအကြောင်းကို ပြောတယ် စသဖြင့် LGBTQ အခွင့်အရေးကိစ္စကို အတည်အတန့် အရေးတကြီး သဘောပြောလာတာ ကြားသိရသလို၊ လူမျိုးရေးခွဲခြားသူ လူမျိုးရေးခွဲခြားဆက်ဆံသူ racist ဖြစ်ခြင်းအကြောင်းကိုလည်း မကြာခဏ မေးလေ့ သူ့အမြင်ပြောလေ့ရှိတယ်။ သူက ဒေါ်နယ်ထရန့်ကို မကြိုက်ဘူးဘာလို့ဆို ဒေါ်နယ်ထရန့်က racist တယောက်ဖြစ်တယ်လို့သူကြားတယ် ဒါကြောင့် မကြိုက်ဘူးလို့ ဆိုပြီးပြောတယ်။ သူ နားလည်တဲ့ စံနှုန်း သူသင်ယူတဲ့ ကျောင်းလိုမျိုးမှာ ဒီလို LGBTQ နဲ့ပတ်သက်တဲ့အခြေခံ စံနှုန်း၊ လူမျိုးခွဲခြားမှုနဲ့ပတ်သက်တဲ့ အခြေခံစံနှုန်းကို ပြောပြသင်ပေးလိုက်တာကို သူလက်ခံထားပြီဆို နောင်သူတို့အရွယ်ရောက်လာတဲ့ခေတ်မှာ အခုထက်တော့ ပိုလွတ်လပ်ပွင့်လင်းတဲ့ လူမှုအဖွဲ့အစည်း လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားတဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာနိုင်ကောင်းတယ်လို့ မျှော်လင့်မိတယ်။ ဒီလိုတန်ဖိုးတွေကို ပညာရေးက စသင်ကြားပေးမှသာ အခြေခိုင်မယ် ကောင်းကောင်းနားလည်မယ်လို့ ယူဆမိတာပဲ။ မဟုတ်ရင် အကျိုးစီးပွားအတွက် စံနှုန်းတွေကို လိုသလို အသုံးချတာ လှည့်ဖျားတာမျိုးတွေ ဖြစ်တာမျိုး သို့မဟုတ် အဆိုးဆုံးအခြေအနေမှာတော့ စံနှုန်းတွေကို လုံးဝကို လက်မခံပဲ ပယ်ချတာတွေ ဖြစ်ပါလိမ့်မယ်။ 

တချို့က စစ်အာဏာသိမ်းလိုက်တဲ့နောက်မှာ တိုင်းရင်းသားအင်အားစုတွေနဲ့ လူများစု ဗမာလွှမ်းမိုးတဲ့နိုင်ငံရေးအင်အားစုတွေအကြား နားလည်မှု ရသွားတယ်၊ ဖက်ဒရယ် ဝါဒနဲ့ပတ်သက်လို့ တိုင်းရင်းသားနဲ့ လူများစုဗမာနိုင်ငံရေးသမားတွေ ပါတီတွေအကြား သဘောတူညီမှု ရသွားတယ် စည်းလုံးသွားတယ်လို့ ထင်မြင်ကြတယ်။ ရိုဟင်ဂျာအရေးမှာလည်း အရင်က အန်အယ်လ်ဒီပါတီက၊ အခြားသော လူအများက စစ်တပ်ကကျူးလွန်တဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုကို ထောက်ခံခဲ့ပေမယ့် အခု စစ်အာဏာသိမ်းအပြီးမှာ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အဖြစ်မှန်ကို နားလည် သဘောပေါက်လာတယ်လို့ နားလည်ကြတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၆ နောက်ပိုင်း ကနေ ၂၀၁၉ အကုန်လောက်ထိ ဖြစ်ပွားခဲ့တဲ့ အေအေ နဲ့ စစ်တပ်အကြားက တိုက်ခိုက်မှု အင်အားကြီးတဲ့ စစ်တပ်က ချေမှုန်း တိုက်ခိုက်ဖျက်ဆီးခဲ့တာ တရားဥပဒေမဲ့ ကျူးလွန်ခဲ့တဲ့ ကျူးလွန်မှုတွေကို နှုတ်ဆိတ်နေခဲ့မှုတွေအတွက် ခု စစ်အာဏာသိမ်းအပြီးမှာ နောင်တရသွားခဲ့တယ်လို့ ယူဆနားလည်ကြတယ်။ အေအေနဲ့ အန်အယ်လ်ဒီပါတီက အများစုပါဝင်တဲ့ CRPH နဲ့ NUG တို့ စကားပြောခဲ့ကြတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ကြပြီလို့ ယူဆနားလည်ကြတယ်။ 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လစ်ဘရယ်စံနှုန်းတွေကိုင်စွဲတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေက ကျားမတန်းတူအရေး၊ ဂျန်ဒါအပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှု နှိမ့်ချဆက်ဆံခံရမှုတွေ၊ လူမျိုး ဘာသာ အသားအရောင် ဓလေ့ထုံးစံအပေါ်အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ ချုပ်ငြိမ်းဖို့ နှိုးဆော်ခဲ့ကြသလို စစ်အာဏာရှင်ဆန့်ကျင် တိုက်ဖျက်ရေး တပ်ပေါင်းစုထဲ အခုလို လစ်ဘရယ်စံနှုန်းတွေ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို လေးစားဖို့ ၊တန်ဖိုးထားဖို့ နှိုးဆော်လာခဲ့ကြတယ်၊ အရင်က အဲဒီလို စံနှုန်းတွေကို အန်အယ်လ်ဒီအာဏာရစဥ်မှာ ဦစားမပေးခဲ့တာတွေ အတွက် အတိတ်က အဖြစ်အပျက်တွေအတွက် အပြစ်မဆိုကြသော်လည်း အခုအခါ အားလုံးက သဘောတထပ်တည်း ဖြစ်နေကြပြီလို့ ယူဆစရာ ရှိနေပါတယ်။ 

တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေနဲ့ အန်အယ်လ်ဒီအာဏာရှိစဥ်ကာလ အတင်းအကြပ် ရုပ်တုတွေ ၊ တံတားတွေ၊ အထိမ်းအမှတ်နာမည်တွေ ကိစ္စမှာ သဘောထားကွဲလွဲခဲ့တာ အာဏာရှိသူ အင်အားများသူက အနိုင်ယူခဲ့တာတွေကို အခုလို ဘုံရန်သူ ပေါ်ထွက်လာချိန်မှာ တိုင်းရင်းသားတွေဘက်က သင်ပုန်းချေသူက သင်ပုန်းချေခဲ့ကြပေမယ့် မကြာသေးမီနှစ်တွေက အနိုင်ယူခဲ့တဲ့ ပါတီအနေနဲ့ လူသိရှင်ကြားတော့ တောင်းပန်တာ မတွေ့ရပါဘူး။  

အဲဒါတွေကို ကြည့်ပြီး အမှန်တကယ်ပဲ နိုင်ငံရေးနောင်တ ရသွားကြလားဆိုတာ မယုံရဲသေးတဲ့ ခံစားချက်၊  အတွေး ပေါ်မိတယ်။ အကြပ်အတည်း မှာ ကျရောက်နေကြလို့ ကျောချင်းကပ်ကြတာလား၊ နိုင်ငံရေးရပ်တည်ချက် နိုင်ငံရေးယုံကြည်ချက်ကို နှစ်နှစ်ကာကာ ပြောင်းလဲနိုင်ကြပြီလားဆိုတာ မရှင်းလင်းသေးဘူးလို့ မြင်မိပါတယ်။ 

စစ်ကောင်စီရဲ့ ဖိနှိပ်မှု ရက်စက်တဲ့ ဖြိုခွဲတိုက်ခိုက်မှုတွေကို ခံစားရသူချင်း မို့ကျောချင်းကပ်ကြတာလား၊ အကျိုးစီးပွား မျှော်လင့်ချက်တွေ ရှိနေကြတာကြောင့် ယုံကြည်မှု ၊ ရပ်တည်ချက်တွေကို ခတ္တဘေးဖယ်ထားကြပြီး အကျိုးစီးပွားမပျက်ပြားအောင် အကျိုးစီးပွားရှိိဖို့အတွက် အတိတ်က ကွဲပြားမှု ရပ်တည်ချက် မတူမှု၊ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို ဘေးခဏချိတ်ထားကြတာလား ဆိုတဲ့ အတွေးလည်း ပေါ်မိပါတယ်။ 

တကယ်ဆိုရင် ခုလိုချိန်မျိုးမှာ သဘောရိုးရိုးနဲ့ အတိတ်က အဖြစ်အပျက်တွေကို ပြန်သုံးသပ်ပြီး သတ္တိရှိရှိနဲ့ ပြင်ဆင်ဖို့ တောင်းပန်သင့်တာ တောင်းပန်ဖို့ အချိန်ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ 

နို့မဟုတ်ရင် မခိုင်တဲ့ ကော်နဲ့ ကပ်ထားတဲ့ စည်းလုံးမှု ညီညွတ်မှုလို ဖြစ်နေပြီး အကျိုးရလဒ်ထွက်ပေါ်လာချိန် အာဏာရလာချိန်မျိုးမှာ သဘောထားကွဲလွဲမှုတွေ တဖန်ပြန်ပေါ်ပေါက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar