ကိုသန်းလွင် - စောင့်ကြည့်ခံကြရသူများ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၂
(၁)
တရုတ်ပြည်တွင်နေထိုင်ကြသော ၁ ဒသမ ၄ ဘီလီယံမျှသော လူတို့သည် အမြဲတစေစောင့်ကြည့်ခြင်း ကိုခံကြရပါသည်။ သူတို့အပြုအမှုများကို ရဲ၏စောင့်ကြည့်နေသောကင်မရာများကနေရာပေါင်းစုံမှမှတ်တမ်းတင် နေကြပါသည်။ လမ်းဘေး၊ လမ်းဆုံများ၊ မြေအောက်မီးရထားဘူတာရုံမှမျက်နှာကြက်များ၊ ဟိုတယ်လော်ဘီများ နေအိမ်များ၊ နေရာပေါင်းစုံတွင်ကင်မရာများရှိနေကြပါသည်။ သူတို့လက်ကိုင်ဖုံးများမှာ ဘယ်ရောက်နေသည်ကို မှတ်တမ်းတင်ခံရပြီးစျေးဝယ်လျင်မော်နီတာလုပ်ခါ သူတို့အွန်လိုင်းမှဆက်သွယ်မှုများ ကိုလည်းအမြဲစောင့်ကြည့် နေပါသည်။
ယခုအခါ သူတို့အနာဂါတ်သည်လည်း စောင့်ကြည့်ခြင်းခံနေရပါပြီ။
(၂)
နောက်ဆုံးပေါ်နည်းပညာများက သူတို့ အပြုအမှုများ၊ သူတို့လှုပ်ရှားမှုများကို စောင့်ကြည့်ရာဝယ် သူတို့ ဆန္ဒပြမည်လား၊ ရာဇဝတ်မှုကျူးလွန်မည်လားဆိုသည်ကိုမဖြစ်မှီကကြိုတင်ခန့်မှန်းနေကြပါသည်။ တရုတ်အစိုးရ ၏အမြင်တွင်ဒုက္ခကိုဖန်တီးသူများ၊ အတိတ်ကာလကပြစ်မှုကျူးလွန်ဘူးသူများ၊ လူနည်းစု (ethnic minorities) များ၊ ရွှေ့ပြောင်းလာပြီး အလုပ်လုပ်နေသူများ၊ စိတ်ရောဂါဖြစ်ခဲ့ဘူးသူများ ပါဝင်ပါသည်။
သူတို့သည် လိမ်လည်ဘူးသူတစ်ဦး ဘေဂျင်းသို့သွားသည်မည်ဆိုလျှင် ရဲကို သတိပေးပါသည်။ အစိုးရ ထံ အသနားခံစာတင်ရန်၊ အစိုးရထံမှ ငွေတောင်းခံရန် ဖြစ်စေ၊ ဆေးစွဲသူတစ်ဦးက တယ်လီဖုန်းနံပါတ်တခုသို့ဖုံး အကြိမ်ကြိမ်ဆက်လျင်လည်း သတိပြုမိနိုင်ပါသည်။ အကယ်၍ စိတ်ရောဂါရှိသူတစ်ဦးက ကျောင်းနားသို့ ကပ် လာလျင်လည်း ရဲကိုသတိပေးနိုင်ပြန်ပါသည်။
လူတို့၏ဘဝများကို နက်နက်ရှိုင်းရှိုင်းဝင်ရောက်စူးစမ်းပြီး သူတို့၏ နိုင်ငံရေးဘဝ၊ လူမှုရေးဘဝတို့ကိုပါ စည်းကမ်းဘောင်မဲ့စွာဖြင့် ဝင်ရောက်နှောင့်ယှက်နိုင်ကြပါသည်။ စနစ်က များသောအားဖြင့် အော်တိုမစ်တစ်ဖြစ် ပြီး စောင့်ကြည့်ခြင်းမှာ လူတို့၏လွတ်လပ်ခွင့်ကို အမြဲထိခိုက်သည့်အပြင် ခြွဲခားဆက်ဆံခြင်း၊ နိုင်ငံရေးအရ ဖိနိပ် ခြင်းတို့ကိုပါ ဆောင်ရွက်လေ့ရှိပါသည်။
အစိုးရအတွက်မှု လူထုသည် ငြိမ်သက်၍ အနှောင့်အယှက်ကင်းကင်းနေနိုင်ခြင်းသည် အရေးကြီးဆုံး လိုလားချက်ဖြစ်ပါသည်။ အနှောင့်အယှက်ပေးမည့်အန္တရာယ်မှန်သမျှပပျောက်အောင် ဆောင်ရွက်မှာသေချာ ပါသည်။ ရှီကျင်ဖျင့် ၏လက်ထက်တွင် တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး နိုင်ငံတော်လုံခြုံရေးကိစ္စများကို ဗဟိုမှ ချုပ်ကိုင်ခဲ့ပြီးနောက် နည်းပညာများကို အသုံးချ၍ အာဏာရှင်စနစ်ခိုင်မြဲစေရန် ပေါ်လစီများချမှတ်ခဲ့ပါသည်။ အနောက်ပိုင်း ဇင်ဂျင်း (Xinjiang) နယ်တွင်မငြိမ်သက်မှုများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်ကာကွယ် ရေးလုပ်ငန်းများကိုလည်း တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့ပါသည်။ အစိုးရအပေါ် မကျေမနပ်ပြောဆိုသံများ မှာလည်း တစတစ ပျောက်ကွယ်သွားခဲ့ပါသည်။
တရုတ်တို့၏ သုတေသန စာတမ်းများတွင် လုံခြုံရေးဆိုင်ရာနည်းပညာများ ပါဝင်ပါသည်။ လူတို့ကို စောင့်ကြည့်ရေးအတက်ပညာမှာလည်း တိုးတက်လာခဲ့ပါသည်။ တရုတ်တို့သည် အမေရိကန်နှင့် ဥရောပတိုက် တို့တွင် သုံးသည့် ဆော့ဝဲယား များကိုဝယ်ယူပြီး သူတို့အတွေ့အကြုံများကို လှိုင်လှိုင်ကြီး အသုံးပြု၍ လူတို့ကို စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ များသောအားဖြင့် လူထုသည် သူတို့စောင့်ကြည့် ခံနေရသည်ကိုမသိကြပါ။ သူတို့ လုပ်ငန်းကို ပြင်ပမှ နှောင့်ယှက်ခံရသည်မှာ နည်းပါးပါသည်။ တရုတ်ပြည်တွင် လူတစ်ယောက်၏ ပုဂ္ဂိုလ် ရေးရာ အချက်အလက်များကို စုယူခြင်၊ စုဆောင်းခြင်းလုပ်ရန်အတွက် ဝရမ်း (သို့) ခွင့်ပြုချက်တစ်စုံ တရာမလိုပါ။ ဆန္ဒ ပြမှုနှင့် မငြိမ်သက်မှုများ ကိုဆော့ဝဲယားကစောင့်ကြည့်၍ ကြိုတင်သိရှိနိုင်ပြီး ရဲကထိုဖြစ်ရပ်များကို ကာကွယ်နိုင် သည်ဟုယုံကြည်ကြပါသည်။ အကယ်၍ ဆော့ဝဲယားက ထိုမငြိမ်သက်မှုနှင့် ဆန္ဒပြမှုများကို ကြိုတင်မသိနိုင် ဘူး ဆိုစေ၊ အစိုးရက ဤသို့စောင့်ကြည့်သည်ကို အမှားပါဟု မယူဆပါ။ အဘယ့်ကြောင့်ဆိုသော် စောင့်ကြည့် ခြင်း ကြောင့် ထိုအရာများကို အကာအကွယ်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်တွင် တရုတ်ပညာရှင် ရင်ချီ (Yin Qi) က အနာဂတ်တွင်ဖြစ်ပေါ်မည့် ပြစ်မှုများကို ကြိုတင် သိနိုင်သည်ဟုဆိုခဲ့သည်။ သူသည် Megvil ခေါ် AI-Artitcial intellegent ကုမ္ပဏီကိုထူထောင်ပြီး သူ့လုပ်ငန်း ကို အကောင်အထည်ဖော်ခဲ့သည်။ သူ့ဆော့ဝဲယား သည် ဒေတာများ၊ ဗီဒီယို ရီကော့များကို ကြည့်ရှုပြီး အာဏာ ပိုင်များကို ပြစ်မှု ဖြစ်မြောက်နိုင်သည့် အချင်းအရာများကို သတိပေးခြင်းဖြစ်သည်။ လူတစ်ယောက်ကို ဘူတာရုံ ၏အနီးတဝိုက်တွင် မကြာခဏတွေ့ရလျှင် ခါးပိုက်နှိုက်ပြစ်မှုကို ကျူးလွန်တော့မည်ဟု သတိပေးသည်။ ကင်မရာ များနောက်ကွယ်တွင် စောင့်ကြည့်သူရှိသည်ဆိုခြင်းမှာ လူထုအတွက် ကောင်းသောသတင်းမဟုတ်ပါ။ အင်တာ နက်ကို စောင့်ကြည့်ခြင်းသည် လူတို့၏ မရိုးနိုင်သော အပြုအမှုသာဖြစ်ပြီး ဘာမှမထူးဆန်းပါဟု ယူဆ သူလည်း ရှိပါသည်။
ထိုသို့စောင့်ကြည့်မှုများရှိနေပါက ပြစ်မှုကျူးလွန်မည့် လူတစ်ဦးအဖို့ ပုန်းစရာနေရာမရှိနိုင်ပါဟုဆိုသည်။ ဤကုမ္ပဏီသည် တည်ထောင်ပြီး ၅ နှစ်အတွင်းမှာပင် လူထု၏လှုပ်ရှားမှု (Dossier) မှတ်တမ်းအဖြစ် မှတ်တမ်း ဖြစ်လာခဲ့သည်။ ကုမ္ပဏီကထုတ်ပြန်သော စာတစ်စောင်တွင်ကုမ္ပဏီအနေဖြင့် လူတို့၏ အပြုအမှုများကို AI ဖြင့် မှတ်တမ်းတင်ခြင်းသာဖြစ်သည်။ လူတို့၏ ဘဝကို ပိုမိုလုံခြုံစေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ စောင့်ကြည့် ခြင်းမဟုတ်ပါဟုဆိုသည်။
အလားတူဆော့ဝဲယား မျိုးကို ၂၀၂၂ ခုနှစ်တွင်တန်ဂျင်း (Tian Jian) ၌အသုံးပြုခဲ့ပြန်ပါသည်။ တန်ဂျင်း ရဲအဖွဲ့က Megvil ၏ပြိုင်ဘက်ဖြစ်သူ Hikuiston မှဆော့ဝဲယားကိုအသုံးပြုပြီးဆန္ဒပြခြင်းကိုကြိုတင်၍သိနိုင်သည် ဟုဆိုပြန်သည်။ တန်ဂျင်းတွင် လူထုကမိမိတို့ လိုလားချက်များကို အွန်လိုင်းမှဖော်ပြလေ့ရှိကြသည်။ လူအများ စုပေါင်း၍ ဘေဂျင်းသို့သွားပြီဆိုလျင် မကောင်းတာတွေဖြစ်ဖို့ များသည်ဟု ယူဆဟန်ရှိသည်။
ဖူဂျင်း (Fujian) နယ်တွင် ရဲက ၂၀၁၈ ခုနှစ်၌ ကင်မရာအသစ် ၄၃၉ လုံးဝယ်ခဲ့သည်။ ကင်မရာ တပ် ဆင်မည့်ကိုသြဒိနိတ်များမှသိရသည်မှာလမ်းဆုံများ၊ စာသင်ကျောင်းများအနီးတွင်တပ်ဆင်ပါလိမ့်မည်။ကင်မရာ ကိုးလုံးမှာ စိတ်ရောဂါဖြစ်နေသော မိသားစု၏အိမ်အနီးတွင် ဖြစ်သည်။ ထို့နောက်အမည်ဆိုးဖြင့်ကျော် ကြားနေ သော (black Listed) လူများ၊ အဓိကကျသောသူများ၊ ၄င်းတို့အထဲတွင်စိတ်ရောဂါဖြစ်နေသူများ၊ ပြစ်ဒဏ်ခံရ ဘူးသူများ၊ တရားဥပဒေကိုရှောင်လွှဲ၍ ပြေးနေသူများ၊ ဆေးသုံးစွဲသူများ၊ အစိုးရထံ အသနား ခံစာတင်မည့်သူ များ၊ အကြမ်းဖက်သမားများ၊ နိုင်ငံရေးလှုံဆော်သူများ၊ လူအုပ်စုအတွက် အန္တရာယ်ရှိသူများပါဝင်သည်။
ထိုကဲ့သို့ လူအများကိုစောင့်ကြည့်ရန် အာဏာပိုင်တို့က အမိန့်ပေးပြီး စောင့်ကြည့်ခံနေရသူများကိုသတိ ပေးရန် စနစ်ကမရှိဘဲဖြစ်နေသည်။ ထိုစာရင်းထဲသို့ ဝင်သွားပြီဆိုလျင် ထိုစာရင်းမှ ဖယ်ရှားရန်မဖြစ်နိုင်တော့ ဘဲ အမြဲတစေ စောင့်ကြည့်ခံဖြစ်သွားပေတော့သည်။ နည်းပညာအသစ် ပေါ်လာတိုင်း လူစာရင်းအဟောင်း အတိုင်း သာရှိမြဲရှိနေပြီး အမြဲတမ်းစောင့်ကြည့်ခံရတော့မည်ဖြစ်သည်။
ရဲတို့တွင် ကွက်လပ်ဖြည့်စနစ်ဖြင့် ဆော့ဝဲယား တခုရှိသည်။ အမဲစာရင်းဝင် လူတစ်ယောက်က အခြား စာရင်းမဲဝင်တစ်ယောက်ကိုတွေ့သည်။ သူတို့သည်မကြာခဏတွေ့ဆုံနေကြသည်ဆိုပါစို့၊ သူတို့ဘာမှမလုပ်သည့် တိုင် စနစ်ကရဲကို သတိပေးနေသည်။ သူတို့သည် ဆေးသုံးစွဲကြရန် ဟိုတယ်တခုထဲသို့ အတူတူဝင်ရောက်သွား ကြမည်။ သို့မဟုတ်ဆန္ဒပြမည့်လူ ၄ ဦးသည်ဥယျာဉ်တခုထဲသို့အတူတူဝင်ရောက်သွားကြမည်။ ထိုအဖြစ်အပျက် များသည် ရဲတို့၏ စနစ်တွင် သတိပြုစရာအဖြစ် အချက်ပေးတော့မည်ဖြစ်သည်။
(၃)
မစ္စတာဇန်း (Mr. Zrang) ဆိုသူသည် သူ၏မိသားစုယဉ်ကျေးမှုတော်လှန်ရေးကာလတုန်းက အနစ်နာခံခဲ့ရသည်များနှင့် ပါတ်သတ်၍ အစိုးရထံမကြာခဏ အသနားခံစာတင်လေ့ရှိသည်။ သူသည် စောင့်ကြည့်ခံရ သည့် လူစာရင်းဝင်ဖြစ်လာသည်။ သူ၏ ဖုန်းကို ပိတ်လိုက်သည်။ အစိုးရအရာရှိတစ်ဦးပေါ်လာပြီး သူရှိမရှိ မေးမြန်းတော့သည်။ သူဘေဂျင်းသို့ သွားတော့မည်ဆိုလျှင် ရထားဘူတာရုံရှိ အမှတ်အသားမကျန်စေရန် ငွေစက္ကူ များနှင့်လက်မှတ်ဝယ်သည်။ တစ်ခါတရံ နောက်မှလိုက်သူများ လမ်းလွဲစေရန် အခြားမြို့တစ် မြို့သို့သွားမည်ဟု ဝယ်ရသည်။ ပရိုက်ဗိတ်ဒရိုင်ဘာများကို ငှါး၍ လမ်းဖျောက််ရသည်။ သူ၏ ID ကိုယ်ပိုင် ကဒ်ပြားသည်သတိပေး ဘဲလ်များကို မြည်စေသည်။
ဤကဲ့သို့ အပြုအမှုမျိုးကို အစိုးရအရာရှိများက အောင်မြင်သည်ဟုသာယူဆကြပါသည်။ တကယ့်လက် တွေ့တွင် ဆန္ဒပြမှုမငြိမ်သက်မှုများကိုကာကွယ်နိုင်ခြင်းရှိမရှိကိုမစဉ်းစားဘဲ လူအများအပေါ်စောင့်ကြည့်နေသည့် စနစ်ရှိခြင်းကိုက အောင်မြင်မှုတခုဟု ယူဆသူများလည်းရှိပါသည်။ နည်းပညာရပ်များမှာအများပြည်သူတို့ကို အများကြီးကောင်းအောင် လုပ်ပေးနိုင်ပါသည်။ သို့သော် အသုံးစွဲမတက်သူတို့၏ လက်ထဲတွင်မှု အန္တရာယ် အများဆုံးပေးနိုင်ပါသည်။
ကိုသန်းလွင်
Ref: In China, an Invisible Cage. By Paul Mozar, N. Y. Times June 28, 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar