Breaking News

ရုဒ - စစ်ပွဲကြီးများရဲ့ဂေဟစနစ်

စစ်ပွဲကြီးများရဲ့ဂေဟစနစ်
ရုဒ
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၂

ငါတို့ဘဝတွေဟာ
ငါတို့နေထိုင်တဲ့တိုင်းပြည်ရဲ့
အင်တာနက်လိုင်းတွေလိုပဲ့ဝလုံးတွေရေးလို့မပီးနိုင်မစီးနိုင်

ငါတို့တောင်ပံတွေဟာ
ဖြတ်တောက် တုပ်နှောင်ခြင်းခံထားရတဲ့
ဇင်ယော်ငှက်တွေလိုပဲ့ကမ်းခြေမှာမပျံနိုင်ရှာ
ယောနသံဇင်ယော်မှာခြေထိပ်တွေနဲ့မို့

အမြင့်ဆုံးကိုတက်နိုင်သူကိုဘွဲ့ပေးကြသလို
အနက်ဆုံးကိုတူးဆင်းနိုင်သူလဲဘွဲ့ရကြသတဲ့
ကမ္ဘာ့လယ်ဗယ်ဖိုးဆိုလားအက္ခရာစကားလုံးရှာမရလောက်အောင်ညံ့ဖျင်းဆုပဲ့

မြင်းကိုချို(ဂျို) တတ်ပေးခြင်းမရှိပါဘဲလျက်
ခွေးကိုခြင်သေ့လို့အခေါ်ခံချင်လွန်းသူရဲ့အတ္တနောမတိမှာ
အေးချမ်းတဲ့တောင်တန်းတွေငြိမ်းချမ်းတဲ့မြေပြန့်တွေ
မီးလောင်တိုက် ဆွမ်းကျွေးအလှူမှာ
ငရဲကြီးရှစ်ထပ်ကိုကျခဲ့ရပေါ့

လွန်ခဲ့သောနှစ်ပေါင်း(၇၀၀၀၀)လောက်က
သိမြင်အာရုံတော်လှန်ရေးဟာမွေးဖွားလာခဲ့တယ်

အရာအားလုံးဟာတောင်းဆိုမှုတွေဆီကလာခဲ့ကြ
အနိစ္စဟာမမြဲခြင်းပင်
ပြောင်းလဲနေခြင်းသည်ပင်လျှင်မြဲမြံခြင်းဖြစ်တော့သည်

ပြောင်းလဲခြင်းကိုကြောက်ရွံ့ထိတ်လန့်သူများနဲ့
မပြောင်းလဲခြင်းကိုကျောက်သားကျောက်စိုင်လိုချစ်သူများ

ကိုယ့်ဒဏ်ရာကို ကိုယ့်လျာနဲ့ပြန်လျက်
ကိုယ့်အသွေးအသားကိုကိုယ်တိုင်လှီးဖြတ်စားသောက်
ရိုင်းစိုင်းရက်စက်မှုများကတောရိုင်းတိရစ္ဆာန်အလား
ပြောစရာစကားလုံးမဲ့ပြစရာသက်သေမဲ့သောတောအုပ်များ
ဘီးလူးစီးနေသောနှစ်ကာလများ

စစ်ပွဲကြီးများရဲ့ဂေဟစနစ်သည်
မိမိကိုယ်ကိုကာကွယ်လိုစိတ်နဲ့ကြောက်လန့်စိတ်တို့မှမြစ်ဖျားခံသတဲ့

ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့တဲ့
ဘယ်သူဆင်ဖြူလဲဘယ်သူဆင်မည်းလဲမဲခွဲစရာမလို

အားလုံးကိုမျှမျှတတနေရာပြောင်းကြည့်ခြင်းကိုကိုယ်ချင်းစာခြင်းဟုခေါ်သည်
ဝဋ်ကြွေးများကိုပြုသူကသာဆပ်ရစမြဲ

မြဲမြံခိုင်ကြည် သောစိတ်တို့ဖြစ်
လင်းအာရုဏ်ကိုစောင့်စားယုံသာ
ကျေးငှက်သာရကာတို့ရဲ့တွန်ကျူးသံကိုမျှော်ယုံသာ
မိုးစင်စင်လင်းမှာကတော့မြေကြီးလက်ခတ်မလွှဲ။         ။

22.7.2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar