မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၂ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၂
ရခိုင်ပြည်နယ် လူမျိုးတုံးသတ်ဖြတ်မှုရဲ့ ICJ ကြားနာမှု
အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ရင်ဆိုင်နေရတဲ့ ICJ ခုံရုံးရောက် မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံ အမှုကိစ္စအပေါ် စစ်ကောင်စီဘက်က ကန့်ကွက်မှုကို ရုံးစိုက်ရာ သဟေ့ဂ်မြို့ မှာ ယနေ့ ကြားဖြတ်ဆုံးဖြတ်ချက် တခု ချမှတ်ခဲ့ပါတယ်။ အမှုဆိုင်ရာ စွဲဆိုမှုကို အကျုံးမဝင်ကြောင်း မြန်မာစစ်ကောင်စီဘက်က ကန့်ကွက်ချက်ကို တရားရုံးက ပယ်ချခဲ့ပြီး ဆက်လက်ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ အရပ်သားပေါင်း ထောင်နဲ့ချီ သတ်ဖြတ်ခံရမှုတွေအတွက် အိုအိုင်စီ Organization of Islamic Country အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့ မှာ ရုံးစိုက်တဲ့ ICJ တရားရုံးမှာ လျှောက်ထားခဲ့ရာက တရားရုံးက လက်ခံကြားနာပြီး မြန်မာနိုင်ငံက ၂၀၁၉ခုနှစ်မှာ စတင်ရင်ဆိုင်ဖြေရှင်းခဲ့ရတာဖြစ်ပါတယ်။
အဲဒီအချိန်က NLD အစိုးရလက်ထက် အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာနိုင်ငံဘက်က ရင်ဆိုင်ဖြေရှင်းဖို့ နယ်သာလန်နိုင်ငံကို ဦးဆောင် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းမှာ ဒါဇင်နဲ့ချီတဲ့ ရဲကင်းစခန်းတွေကို ARSA လို့ ခေါ်ဆိုတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေက အလစ်အငိုက်တိုက်ခိုက်ခဲ့တာကို ရှင်းလင်းချေမှုန်းရာမှာ အလွန်အကျွံအင်အားသုံးခဲ့တာတွေ ကျေးရွာတွေကို ဖျက်ဆီးမီးရှို့ခဲ့တာတွေ မြန်မာအစိုးရတပ်တွေက အမျိုးသမီး၊ ကလေးသူငယ်ပါမကျန် အရပ်သား ရာနဲ့ချီ သတ်ဖြတ်ခဲ့တာတွေအတွက် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက ICJ မှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီအစိုးရအနေနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရှင်းလင်းရေး လုပ်ဆောင်မှုတွေ၊ ကျေးရွာတွေမှာ ပြန်လည်နေထိုင်ဖို့ မလွယ်ကူအောင် မီးရှို့ဖျက်ဆီးခဲ့တဲ့ အဖြစ်အပျက်တွေကို ထိုစဥ်က သေသေချာချာ မသိခဲ့ဘူးဆိုတဲ့ ပြောဆိုမှုတွေ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းက မကြာခင်လများတုန်းက အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
ထိုစဥ်က ပြည်ထောင်စုအဆင့် လွှတ်တော်ဥက္ကဋ္ဌလို ပုဂ္ဂိုလ်မျိုးတောင် ရခိုင်ပြည်နယ်မှ စစ်တပ်က ရိုဟင်ဂျာ အရပ်သားတွေကို ဘယ်လို ရက်စက်စွာသတ်ဖြတ်ခဲ့သလဲဆိုတာ ကောင်းစွာမသိရှိခဲ့ပဲ ARSA အဖွဲ့ရဲ့ လုပ်ရပ်အချို့ကို စစ်တပ်က မှတ်တမ်းယူပြီး ၄င်းတို့ကို ပြသတာကိုသာ သိရပြီး စစ်တပ်က ပြောဆိုမှုကို ရိုးရိုးသားသား ယုံကြည်ခဲ့တယ်လို့ လွှတ်တော် ဥက္ကဋ္ဌက သတင်းမီဒီယာ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အချို့သော ပြည်တွင်းက နိုင်ငံရေးသမားတွေက အန်အယ်လ်ဒီအစိုးရအနေနဲ့ စစ်တပ်ကို လုပ်ချင်ရာ လုပ်ခွင့်ပေးခဲ့တယ်ဆိုတဲ့ သဘောမျိုး ယူဆကြတာ ရှိသလို အချို့သော နိုင်ငံရေးသမားတွေကတော့ အင်အားသုံးတာ လွန်ကျွံတာမျိုး ရှိကောင်းရှိနိုင်ပေမယ့် အမျိုးသားလုံခြုံရေး အမျိုးသားအကျိုးစီးပွားတွက် လုပ်သင့်တာ လုပ်ခဲ့တာဆိုတဲ့ အမြင်မျိုးရှိသူတွေလည်း ကြားခဲ့ရ သိခဲ့ရဖူးပါတယ်။
ဒီနေရာမှာ အနောက်နိုင်ငံတွေ တန်ဖိုးထားကြတဲ့ လူ့အခွင့်အရေး၊ နိုင်ငံသားဖြစ်ခွင့်၊ ဒီမြေမှာ မွေးဖွားပြီး ဒီမြေမှာကြီးပြင်းသူတွေကို မနေနိုင်အောင် ညှဉ်းဆဲတာ သတ်ဖြတ်တာ ပိုင်ဆိုင်မှု လုယူတာ၊ ရပ်ရွာတွေဖျက်ဆီးပြီး မောင်းထုတ်တာတွေအတွက် ဘယ်လိုအကြောင်းနဲ့မှ လုပ်သင့်တယ်လို့ လက်ခံလို့မရဘူးဆိုတဲ့ လူ့အခွင့်အရေး လူသားဖြစ်တည်မှုအပေါ် ရပ်တည်ကြတဲ့သူတွေရဲ့အမြင် စသဖြင့် ပြည်တွင်းက အဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေအကြားမှာတင် အမြင်ကွဲလွဲခဲ့ကြတာတွေ ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကာကွယ် ပြောဆိုတာ၊ ICJ အထိ ကိုယ်တိုင်သွားရောက် ခုခံကာကွယ်တာတွေကြောင့် နိုင်ငံတကာက အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပေါ် ထားရှိခဲ့တဲ့ လေးစားအသိအမှတ်ပြုမှု အများအပြား ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ စစ်တပ်ကတော့ ထိုစဥ်က အစိုးရဖြစ်တဲ့ အန်အယ်လ်ဒီရဲ့ လက်အောက်က တပ်မတော်သဖွယ် ဟန်ပြခဲ့ပြီး လက်တွေ့ မြေပြင်မှာ ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာကို ထိုဖြစ်ပျက်နေစဥ်ကာလတွေမှာ အန်အယ်လ်ဒီအစိုးရအနေနဲ့ သေသေချာချာ သိရှိခဲ့ပုံမရဘဲ ဖြစ်ပြီးနောက်မှာ ဆက်လက်ကာကွယ်ဖို့သာ ဆုံးဖြတ်ခဲ့ကြတဲ့ အနေအထားလို့ အကဲခတ် ကောက်ချက်ချရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကျူးလွန်သူနဲ့ ခုခံကာကွယ်သူဟာ တဖွဲ့တည်းဖြစ်သွားပြီလို့ဆိုနိုင်ပြီး ICJ စွဲဆိုတဲ့အမှုကို စစ်ကောင်စီက တာဝန်ပေးတဲ့ ဝန်ကြီးအဆင့်ရှိသူ ၂ ဦးက သွားရောက်ရင်ဆိုင် လျှောက်လဲကြတာ ဖြစ်ပါတယ်။ ၄င်းတို့ လျှောက်လဲချက် ကြားဖြတ်ကန့်ကွက်မှုကို ဒီနေ့မှာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဆက်လက်ကြားနာဖို့ ဖြစ်လာခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ စစ်အာဏာသိမ်းမှုမတိုင်ခင် စစ်တပ်ရဲ့ လူမျိုးရေးအစွန်းရောက်တဲ့ ရပ်တည်ချက် မြန်မာနိုင်ငံမှာ လူများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအပေါ် အခြေခံထားတဲ့ နိုင်ငံရေးရပ်တည်ချက်ကို ဖော်ပြခဲ့တာဖြစ်ပြီး လူသားဝါဒအပေါ် လေးစားတန်ဖိုးထားမှုမရှိတာ၊ လူမျိုးကြီး အယူအဆအပေါ် အခြေခံတဲ့ ရပ်တည်ချက်တွေကို ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံ လူထုတွေထဲက အလားတူ အမြင်မျိုး အယူအဆမျိုး ကိုင်စွဲတဲ့သူတွေကို နိုင်ငံရေးအရ စည်းရုံးဖို့ နိုင်ငံရေးလက်နက်တခုလည်း ဖြစ်ပါတယ်။ အများ နားလည်လွယ်တဲ့ စကားလုံးနဲ့ဆိုရရင် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်သူအဖြစ်နဲ့ ပုံဖော်လိုပြီး နိုင်ငံရေးအာဏာကို ဒီအခြေခံနဲ့ စည်းရုံးမယ့် ရပ်တည်ချက်လည်း ဖြစ်ပါတယ်။
ဒီမိုကရေစီလိုလားသူ အင်အားစုတွေအနေနဲ့ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူစရာတွေ အများအပြားရှိတယ်လို့ ထင်ပါတယ်။ တန်ဖိုးတွေ၊ စံနှုန်းတွေကို ဘာအကြောင်းကြောင့်မှ စွန့်လွှတ်ဖို့ မသင့်သလို၊ နိုင်ငံရေးအာဏာ မြန်မြန်ဆန်ဆန် ရယူနိုင်ဖို့အတွက် ဖြစ်စေ၊ အာဏာထိန်းသိမ်းထားဖို့ လိုက်လျောရတာကြောင့် ဖြစ်စေ မိမိတို့ တန်ဖိုးထားတဲ့ စံနှုန်းတွေကို မစွန့်လွှတ်လိုက်မိဖို့ အရေးကြီးတယ်ဆိုတဲ့ သင်ခန်းစာကို အခုဖြစ်ရပ်ကနေ ယူနိုင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar