Breaking News

ကိုအောင်မှိုင်း - တုံးမောင်းခေါက်သံ


ကိုအောင်မှိုင်း - တုံးမောင်းခေါက်သံ

(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၂


ခြေတလှမ်း ရှေ့ကိုတိုးလိုက်ပါ

အဲဒီခြေလှမ်းဟာ အနာဂတ်ကို

ပိုင်ဆိုင်နိုင်ဖို့ အားဖြစ်စေလိမ့်မယ်။


လက်တကမ်း ရှေ့ကိုလှမ်းလိုက်ပါ

အဲဒီလက်တကမ်းဟာ အောင်ပွဲတွေကို

ပိုင်ဆိုင်နိုင်ဖို့ အားဖြစ်စေလိမ့်မယ်။


ဘရိုင်ယန် ဘီလ်စတန်ရဲ့

ဒုက္ခသည်များကဗျာကို ဖတ်ပြီး

ခန်းဆောင်နီအိပ်မက်ကို

မေခမေလိခပေါ် သွန်ချပစ်လိုက်တယ်။

ဧရာဝတီမြစ်ဟာ

လူသားဆန်လာတယ်

သံလွင်နဲ့စစ်တောင်းဟာ

ညီအကိုဆန်လာတယ်

အလံကိုယ်စီ ထောင်ရင်း

ရိုးမဟာ သက်ဝင်လှုပ်ရှားလာတယ်။

လူကိုလူလို

တန်ဘိုးထားတဲ့ ခေတ်။

တရားမျှတမှုကို

အာမခံနိုင်တဲ့ ဥပဒေ။

တန်းတူညီမျှမှုကို

အခြေခံတဲ့ လူ့အဖွဲ့အစည်း။

လူ့အခွင့်အရေးကို

တန်ဘိုးထားတဲ့ ပတ်ဝန်းကျင်။

ဖိနှိပ်မှုတိုင်းကို

အံတုနိုင်ခွင့်ရှိတဲ့ စနစ်။


ဟောင်းနွမ်းစုတ်ပြတ်နေတဲ့

အတွေးအခေါ်ဟောင်းတွေကို

ရိုက်ချိူးပစ်လိုက်ခြင်းဟာ

ဘဝသစ်တခု ရရှိခြင်းရဲ့အစပါပဲ။

အတွေးအခေါ်သစ်ဆိုတာ

လောကသစ်ကို တည်ဆောက်ဖို့

မျိုးဆက်တွေကို နေရာချထားဖို့

လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့တွေပေါ့။


လောကကြီးရဲ့

တဖက်စောင်းနင်းဖြစ်မှုတွေဟာ

နေရာတိုင်းလိုလိုမှာ ရုပ်ဆိုးကျည်းတန်စွာ

ပန်းပန်လျက် နန်းဆန်လျက်ပါဘဲ။

အသိတရားတွေ စာနာမှုတွေ

လူသားဆန်မှုတွေ ပြသဖို့

လူတွေဟာ မျက်ရည်တွေနဲ့

အနာဂတ်ကို ထုဆစ်နေကြရတယ်။


အသိတရားတွေ စာနာမှုတွေ

လူသားဆန်မှုတွေရရှိဖို့

လူတွေဟာ အသက်တွေကို

ချနင်းပြီး စတေးခံနေကြရတယ်။


ရွာဦးမှာတော့

တုန်းမောင်းခေါက်နေပြီ

တုံးမောင်းသံကို နာခံကြစို့ရဲ့ ။

ကိုအောင်မှိုင်း



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar