ရုရှားခရီးစဥ် အဏုမြူစွမ်းအားဆိုင်ရာ စာချုပ်၊ ၂၀၂၃ မှာ ကျင်းပမယ့်ရွေးကောက်ပွဲ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၉ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၂
ရုရှားခရီးစဥ် အဏုမြူစွမ်းအားဆိုင်ရာ စာချုပ်၊ ၂၀၂၃ မှာ ကျင်းပမယ့်ရွေးကောက်ပွဲ
စစ်ကောင်စီခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် စစ်ကောင်စီဘက်အနေနဲ့ အားရဝမ်းသာဖြစ်နေတာ သတင်းဓာတ်ပုံ ၊ ဗီဒီယိုတွေထဲ ထင်ထင်ရှားရှား မြင်ရပါတယ်။ နိုင်ငံတကာ သံတမန်နယ်ပယ်မှာ အသိအမှတ်ပြုမခံရဘူးဆိုတဲ့ ပြောဆိုမှုတွေကို ချေဖျက်ချင်တာကြောင့် အခုလို ရုရှားမှာ ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ်ကို ကိုယ်တိုင်တက်ရောက်ပြီး ရုရှားသမ္မတနဲ့ တွေ့ဆုံဖို့ အခွင့်အလမ်း၊ သံတမန်ရေးအရ ဖယ်ကျဥ်ခံနေရတာမဟုတ်ဘူးဆိုတာမျိုး ပြသချင်တာ၊ လောင်စာဆီ၊ နိုင်ငံခြားငွေကြေး သုံးစွဲမှုမှာ ကန့်သတ်ပိတ်ဆို့မှု ခံရနိုင်ခြေ အနေအထား၊ လက်နက်ဝယ်ယူမှု စတဲ့ အကြောင်းအရာတွေကို ရုရှားနဲ့ ဆွေးနွေးဖို့ အကူအညီတောင်းခံဖို့ အတွက် တခုမကတဲ့ ရည်ရွယ်ချက်တွေနဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာမှာ လောင်စာဆီ စျေးနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းမှာလည်း လောင်စာဆီစျေးတွေ မြင့်တက်လာတဲ့ ဂယက် နဲ့ အခုလပိုင်းတွေမှာတော့ နိင်ငံခြားငွေ လှည့်လည်သုံးစွဲမှုကို ကန့်သတ်ထိန်းချုပ်တာ ၊ သို့မဟုတ် စစ်ပွဲတွေရဲ့ အသုံးစရိတ်တွေကြောင့် နိုင်ငံခြားငွေနည်းပါးလာရာက မြန်မာငွေတန်ဖိုး သိသိသာသာ ထိုးဆင်းလာပါတယ်။ အဲသည်မှာ လောင်စာဆီ စျေးတွေကို ပိုမိုမြင့်တက်စေတာကြောင့် ပြည်တွင်းက ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေး စိုက်ပျိုးရေး ရေလုပ်ငန်း လုပ်ငန်းတွေအားလုံးအပေါ် သက်ရောက်မှုတွေ ဖြစ်လာပါတယ်။ သည်တော့ လက်ရှိဝယ်နေကျ ရေနံထက် စျေးအနည်းငယ် သက်သာမယ့် ရုရှားက ရေနံဝယ်ယူပြီး ဒီစီးပွားရေး သက်ရောက်မှုကို လျော့ချဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
သို့ပေမယ့် အကြောင်းရင်းဖြစ်တဲ့ နိုင်ငံခြားငွေ ဝင်ရောက်မှု လျော့နည်းလာတဲ့ အချက် နဲ့ စစ်ပွဲတွေမှာ လက်နက် လောင်စာဆီတွေ အတွက် နိုင်ငံခြားငွေပိုမိုသုံးစွဲနေရတဲ့အခြေအနေကို မပြင်ဆင် နိုင်တာကြောင့် လက်ရှိ မြန်မာကျပ်ငွေ တန်ဖိုးကျမှုက လွယ်လွယ်နဲ့ သက်သာသွားမယ့် အနေအထားမတွေ့ရပါဘူး။
တဖက်မှာ မြန်မာနိုင်ငံရဲ့ ဒေသအများအပြား ရဲ့ လုံခြုံရေး အခြေအနေက မတည်ငြိမ်တာကြောင့် စစ်ကောင်စီနဲ့ လက်နက်ကိုင် အဖွဲ့အချို့က ခရီးသွားလမ်းကြောင်းကန့်သတ်ပိတ်ဆို့မှုတွေလုပ်လာတဲ့အခါ ကုန်စည်သယ်ဆောင်ရောင်းဝယ်ရေးကို ထိခိုက်လာပြီး စားဝတ်နေရေး ကုန်ကျစရိတ်တွေ မြင့်တက်လာတာနေတာ၊ ကုန်ပစ္စည်းတွေ မတန်တဆစျေးမြင့်တက်နေတာတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ချင်းပြည်နယ် ဒေသအချို့၊ ကယားပြည်နယ် ရဲ့ ဒေသအများအပြား၊ စစ်ကိုင်းတိုင်း ရဲ့ဒေသအများအပြားမှာ အခြေခံစားသောက်ကုန်၊ ဆေးဝါး ၊ လောင်စာဆီတို့ကို မကြုံဖူးတဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူနေကြရတာ ဖြစ်ပါတယ်။ ဒီအရာတွေက စစ်အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ လုံခြုံရေး လက်နက်နဲ့ ထိန်းချုပ်ရေးကိုသာ ဦးစားပေးပြီး မြေလှန်စနစ် ပိတ်ဆို့ ဖြတ်တောက်တဲ့ လုပ်ဆောင်မှုတွေကြောင့် ကုန်စျေးနှုန်းတွေ လူနေမှုစရိတ်တွေပိုမို မြင့်တက်လာတာတွေ ဖြစ်ပါတယ်။
ဒေါ်လာနဲ့ ရူဘယ် ငွေကြေး ရွေးချယ်မှုကြောင့်မဟုတ် နိုင်ငံတကာ အသိအမှတ်ပြုမှု မပြုမှုကြောင့် မဟုတ်ပါဘူး။ အာဏာကိုသာ ပထမ ဦးစားပေးတဲ့ အာဏာရှင်တွေရဲ့ စဥ်းစားဆုံးဖြတ်မှု အမိန့်တွေ ကန့်သတ်ချက်တွေရဲ့ အကျိုးသက်ရောက်မှုတွေသာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်ဟာ နိုင်ငံတကာ သံတမန်ရေးနယ်ပယ်မှာ ထူးထူးခြားခြား ဂုဏ်သိက္ခာတက်လာဖို့ မရှိတဲ့အပြင် အနောက်ဥရောပနိုင်ငံတွေကို စစ်ရေးအရ ခြိမ်းခြောက်နေတဲ့ ရုရှားနိုင်ငံနဲ့ ပိုမိုနီးစပ်မှု ပြသခြင်းဟာ မြန်မာနိုင်ငံအဖို့ မကောင်းတဲ့ အကျိုးဆက်တွေသာ သက်ရောက်ဖွယ်ရှိပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုက တော့ ရုရှားခရီးစဥ်အတွင်း စစ်ကောင်စီခေါင်းဆောင်က နောင်နှစ် မှာ အထွေထွေရွေးကောက်ပွဲ လုပ်ဖြစ်ဖို့ကြိုးစားနေတယ်လို့ ဖြေကြားခဲ့ပါတယ်။ လုပ်ကိုလုပ်မယ်ဆိုတဲ့ အသုံးအနှုန်းမသုံးသော်လည်း ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်လို့ ဆိုလိုက်ပါတယ်။
ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် နိုင်ငံရေးအရ ထွက်ပေါက် တခု ဖြစ်တယ်လို့ အချို့သော လေ့လာသူတွေက အကဲဖြတ်ကြပါတယ်။ စစ်တပ်က နိုင်ငံရေးအာဏာကို ၂၅ ရာနှုန်းထက်မက ပိုပြီးထိန်းချုပ်ထားနိုင်မယ့် စစ်တပ်ရဲ့ အကျိုးစီးပွားကို ဖေါ်ဆောင်မယ့် နိုင်ငံရေးပါတီတခုခုက အနိုင်ရအောင် လုပ်ပြီး ရွေးကောက်ခံ အစိုးရဆိုတဲ့ နာမည်နဲ့ ကမ္ဘာကိုပြသကာ အာဏာကိုဆက်လက် ထိန်းချုပ်မယ့် ရည်ရွယ်ချက်လို့ ယူဆတဲ့ သဘောဖြစ်ပါတယ်။ တနည်းအားဖြင့် ၂၀၁၀ခုနှစ် အခင်းအကျင်းမျိုးလို့ ဆိုရင် အတိုင်းအတာတခုထိ နှိုင်းယှဥ်ပြောဆိုလို့ရပါလိမ့်မယ်။
နိုင်စေချင်တဲ့ ပါတီကြီးတခုကို နိုင်အောင်အခြေအနေတွေ ပံ့ပိုးပြီး အခြား မဟာမိတ်လုပ်ထားတဲ့ ပါတီတွေက ရံပြီး ရွေးကောက်ခံ အစိုးရဆိုတဲ့ အမည်ကို ရအောင်ကြိုးစားဖန်တီးကြတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်။
အဲဒီလို အခြေအနေကို မဖန်တီးနိုင်ခဲ့ရင် လက်နက်ကိုင် တိုက်ပွဲတွေက ခုထက်ကိုပိုပြီး ပြင်းထန်လာနေတာမျိုး တိုင်းရင်းသား ပြည်နယ်အချို့မှာ စစ်ကောင်စီက အုပ်ချုပ်ရေးရော နယ်မြေထိန်းချုပ်မှုပါ စွန့်လွှတ်ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရင် စစ်ကောင်စီက အခြေခံဥပဒေကို အသုံးချပြီး အရပ်သား နာမည်ခံအစိုးရ ဖွဲ့တာမျိုး နည်းလမ်းကိုတောင် မရွေးချယ်တော့ပဲ စစ်တပ်က လိုအပ်ချက်အရ အာဏာကို ဆက်လက်ချုပ်ကိုင် အုပ်ချုပ်ထားမယ်ဆိုတဲ့ လမ်းကြောင်းမျိုးလည်း ရောက်ကောင်းရောက်နိုင်ပါတယ်။
စစ်ကောင်စီအနေနဲ့ အခု ၂၀၂၃ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဥ်ပြီး လိုချင်တဲ့အခြေအနေ အခင်းအကျင်းတရပ်ကို ဖန်တီးဖို့ ယူဆကောင်းယူဆပေမယ့် လက်တွေ့အခြေအနေက ၂၀၂၃ ဟာ ၂၀၁၀ တုန်းကလို တင်းကြပ်တဲ့ စစ်အစိုးရလက်အောင်က ဖြေလျော့မှုကို အကောာင်းမြင် ရှုထောင့်ကနေ လက်ခံပေးကြတဲ့ အနေအထားမဟုတ်တော့ပါဘူး။ တနိုင်ငံလုံးနေရာအနှံ့အပြား လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ အခြေအနေမျိုးအောက်ကနေ ရွေးကောက်ပွဲနည်းလမ်းကို ယုံကြည်မှု အနိမ့်ဆုံးကျဆင်းနေကြတဲ့အချိန်အခါ ဖြစ်တာမို့ ၂၀၁၀ နဲ့ အဓိက မတူညီတဲ့ အနေအထားဖြစ်နေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar