Breaking News

သစ်ငြိမ်း - အိပ်မက် မဟုတ်တဲ့ အိပ်မက်

အိပ်မက် မဟုတ်တဲ့ အိပ်မက်
သစ်ငြိမ်း
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၂

သူ သေသွားတယ် 
တညထဲ 

သူက အပေါင်းသင်းအားလုံးကို 
ယုံတယ် 

သူသေသွားတယ် 
တညထဲ 

သူသွား မဲ့ လမ်း  
သူငယ်ချင်းတွေကို ခင်းပြသတဲ့ 

သူ သေ သွား တယ် 
တညထဲ 

သူက ခေါင်းမာတယ် 
နူးညံ့စွာ မာကျောတယ် 
သူ ချစ်ခင်သူတွေကို
သူ ယုံလွယ်ခဲ့မိတာ သူ့အမှားပဲ 

သူ သေ သွား တယ် 
တညထဲ 

ဖော်ကောင်ဘညွန့်ဟာ
သူ့သူငယ်ချင်း အရင်းခေါက်ခေါက် တဲ့

ပြီးတော့
သူ့ဆွေမျိုးထဲကလဲ ပါသတဲ့ 

သူ သေ သွား တယ် 
တညထဲ 

သူက ကမ္ဘာကျော်သွားတယ် 
သူ သေသွားမှ
သူ့ ကဗျာတွေ ပြန်ရှင် လာ တယ် 
သူ့ကို ရှောင်တိမ်းဖို့ ပြောသူဟာ
သူ့ ရန်သူပဲ 

အဲ့ဒီကာလမှာ
သူဟာ .....
ပြောရ ဆိုရ အတော် ခက်သူ 

သူ သေ သွား တယ် 

မာရေကျောရော မထေမဲ့မြင်
သူ သေ သွားတယ် 
 တည ထဲပဲ 

အခု ..... 
သူ ရှိနေတဲ့နေရာကို ဘယ်သူမှ မသိဘူး
သူ ရှိနေတယ် 
သူ မသေဘူး 
သူဟာ ....
ယောနယ်ထဲမှာပဲ ရှိ နေသေးတယ် 
သေသွားသူဟာ
သူ မဟုတ်ဘူး 

အုတ်ဂူထဲက အလောင်းကောင်ဟာ
သူ မဟုတ်ဘူး 

သူက 
ယောနယ်တခွင် ပြဲပြဲဆင်အောင်
လျှောက်သွားနေတယ် 

အဲ့ဒီမှာ ....
သူ့ကိုချစ်တဲ့ ငယ်သူငယ်ချင်းနဲ့
သူ့ကိုချစ်တဲ့ ကဗျာဆရာညီငယ်တွေကို
သူ တွေ့ ဆုံတယ် 

သူဟာ ....
ခုချိန်မှာ ...
သူဖြစ်ချင်တာတွေ 
ဖြစ်ခွင့်ရခဲ့လို့
သူ့ငယ်သူငယ်ချင်းကို 
လက်ဆွဲနူတ်ဆက်တယ်
အလေးပြုခံတယ် 

သူ့ညီငယ် ကဗျာဆရာတွေကို 
ပွေ့ဖက်နမ်းပြီး ဂုဏ်ပြုတယ်
အလေးပြု ခံတယ် ။

ပြီးတော့
ယောနယ်ထဲက နောက်တနေရာကို
သူ ဆက်သွားတယ် ။

တောင်စွယ်အစွန်တခုရဲ့
စေတီဖြူဖြူလေးအနီးက
ဇရပ်အိုလေးထဲမှာ 
မောင်းပြန်တလက် ဘေးမှာထားရင်း
အင်ကြင်းနီနီဆိုတဲ့ 
ဂန္တဝင်မြောက်
အလံနီခေတ် နောက်ခံဝတ္ထုရှည်ကြီးကို
ဆက် ရေး နေ လေ ရဲ့ ။

သစ်ငြိမ်း
11:10 PM
 27,Sep:2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar