Breaking News

ကောင်းဇေလူ - ကိုယ့်အားကိုယ်ကိုးကြရမယ့် မြန်မာနိုင်ငံတော်သစ်ရဲ့ အနာဂတ်


ကိုယ့်အားကိုယ်ကိုးကြရမယ့် မြန်မာနိုင်ငံတော်သစ်ရဲ့ အနာဂတ်
ကောင်းဇေလူ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၂

နေမြင့်လေ အရူးရင့်လေဆိုတဲ့ ဆိုရိုးစကားကို ကြားဖူးသူ များပါလိမ့်မယ်။ ဒီကနေ့ မြန်မာ့နိုင်ငံရေးအခြေ အနေဟာ အရူးရင့်လာနေတဲ့ အာဏာရူးသူတသိုက်ကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေရဆဲပါပဲ။ အထူးသဖြင့် အကြမ်းဖက် စစ်ကောင်စီ ရဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မျက်လှည့်ပွဲကို ယုံစားနေဆဲ နိုင်ငံရေးလုပ်စားနေသူတွေကြောင့် စစ်ခေါင်းဆောင်ဟာ သူ့ကိုယ်သူ အဟုတ်ကြီးထင်နေဆဲ ဖြစ်တယ်။ ဒါတင်မက နိုင်ငံရေးအချောင်သမားတချို့ကလည်း စစ်ခေါင်းဆောင်ရဲ့၂၀၂၃ သြဂုတ်လ ရွေးကောက်ပွဲဆိုတဲ့ ကလိန်စေ့ ငြမ်းဆင်ပွဲကို နဝေတိမ်တောင်နဲ့ထောက်ခံနေ ကြပြန်တယ်။ အာဏာရူးသူ အချင်းချင်း ရွေးကောက်ပွဲအတု ကျင်းပပြီး အာဏာအရိုးအရင်းလေးများ ကိုက်ရမလားလို့ မျှော်လင့်နေကြပုံ မြင်နေရတယ်။
 
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အလိမ်အညာသာဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မထောက်ခံကြဖို့ ကြေညာပြောဆိုထားပြီးဖြစ်တယ်။ စစ်ကောင်စီခေါင်း ဆောင်ဟာ ဉာဏ်ရည်နိမ့်တဲ့အလျောက် လက်ရှိနိုင်ငံရေးအကျပ် အတည်းကနေ ထွက်ပေါက်ရှာရာမှာ ရွေး ကောက်ပွဲနည်းလမ်းဟောင်းကို သူ့ထွက်ပေါက်လို့ ယူဆနေတယ်။ ပြည်သူလူထုကမကြည်ဖြူရင် ဘယ်နည်းနဲ့မှ ထွက်ပေါက်ရှာတွေ့နိုင်စရာ လမ်း မမြင်ပါဘူး။

မြန်မာ့အရေးနဲ့ပတ်သက်လာရင် ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုပါပဲ။ တိုင်းရင်းသား ပြည် သူလူထုလိုလားတောင့်တနေတဲ့ လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးဆိုတဲ့ နိုင်ငံ ရေးမျှော်မှန်းချက်ကို ထောက်ခံမှာလား။ အကြမ်းဖက် အာ ဏာရှင်ဘက်ကနေပြီး စစ်အာဏာရှင်မိသားစုတွေကိုကာကွယ်မှာလား- ဆိုတဲ့မေးခွန်းကို တိ တိကျကျဖြေရမှာ ဖြစ်တယ်။ လက်ငင်းအခြေအနေမှာ စစ်အာဏာ ရှင်အုပ်စုနဲ့သူနောက်လိုက် အမည်ခံ နိုင်ငံရေးပါတီတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကြောက်လွန်တဲ့ ရောဂါရနေကြတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကထဲရှိနေသမျှ သူတို့ပါတီတွေ လူထုမဲဆန္ဒ မရနိုင်ဘူးဆိုတာ သိနေကြတယ်။
 
ဒီစိတ်ရောဂါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဖြစ်စဉ်ကနေ ဖယ်ရှားသင့်ကြောင်း သေဖော်ညှိကြတယ်။ ဒီတော့ အာဏာရူးစစ််ခေါင်းဆောင်ရဲ့အကြိုက်ဖြစ်သွားတယ်။ ရှေ့နောက်မြော်မြင် ဆင်ခြင်စဉ်းစားနိုင်စွမ်းမရှိတဲ့အာဏာရူးဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရအုပ်ချုပ်နေတဲ့ တည်ငြိမ်တိုးတက်စနိုင်ငံကို အာ ဏာသိမ်းလိုက်ရင် ဘာတွေဖြစ်လာနိုင် သလဲဆိုတာကို ဆင်ခြင်သုံးသပ်မကြည့်ပဲ ဆင်ကန်းတောတိုး အာဏာ သိမ်းယူခဲ့တယ်။ အာဏာရဲ့ တကယ့်ပိုင်ရှင်အစစ်က ပြည်သူဖြစ်တယ်ဆိုတာကို မယုံကြည်ခဲ့တာကြောင့် အာ ဏာဆိုတာ သေနတ်ရှိရင် သိမ်းလို့ရတယ်လို့ ထင်နေပုံပါပဲ။ လက်တွေ့မှာ အာဏာသိမ်းလိုက်တော့ ဘာတွေဖြစ်လာသလဲ။ လူငယ်သန်းသုံးဆယ်ရဲ့ အနာဂတ်အိပ်မက်တွေ ရိုက်ချိုးခံလိုက်ရပြီး အညွန့်တလူလူတက်စ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ ဂုဏ်သိက္ခာလည်း ရစရာမရှိအောင် ကျိုးကြေပြိုကျခဲ့ရတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တာနယ်လ်တို့အပါအဝင် အမှုတွဲအဖြစ် တရားစွဲဆိုခံထားရတဲ့ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒု-ဝန်ကြီးဟောင်း)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အားလုံး ၅ ဦးကို နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက ၂၀၂၂ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင် ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်းကြားရတယ်။ ၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၁၉ မှုရှိခဲ့တယ်။ အဲ့ဒီအထဲက ၁၁ မှုအတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် အနှစ်၂၀ ချမှတ်ထားပြီး ဖြစ်တယ်။ အခုမစ္စတာရှောင်တာနယ်အမှုတွဲနဲ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ချမှတ်ခံရတဲ့ထောင်ဒဏ်ဟာ ၂၃ နှစ်အထိရှိ တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ် ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အဂတိအမှု ၂ မှု၊ စုစု ပေါင်း ရ မှုရင်ဆိုင်ဖို့ကျန်နေသေးကြောင်း သိရတယ်။

ဒီလို ဒေါ်အောင်ဆန်းစုကြည်အပေါ် အငြိုးအတေးကြီးကြီးနဲ့ အမှုတွေဆင်ပြီး ထောင်ဒဏ်တွေ ချမှတ်နေတာကိုကြည့်ရင် အကြောက်လွန်တဲ့စိတ်ရောဂါကြောင့်ဆိုတာ မြင်သာတယ်။ ပြည်သူလူထုက နိုင်ငံရေးခေါင်းဆောင်တဦးကို ဘာကြောင့် လေးစားချစ်ခင်ကြည်ညိုသလဲဆိုတဲ့မေးခွန်းကို စစ်အာဏာရှင်အနေနဲ့ သူ့ကိုယ်သူပြန်မေးကြည့်ဖို့လိုတယ်။ လိုရင်းတိုရှင်းက တော့ ပြည်သူကို ရင်ဝယ်သားလိုသဘောထားသလား၊ ကျေးကျွန်တွေလို သဘောထားသလား၊ တန်းတူရည်တူ ကိုယ်ချင်းစာစိတ်ထားရဲ့လား၊ ပြည်သူတွေကို ဖိနှိပ်ညှဉ်းပမ်းသတ်ဖြတ်ဖို့ လက်မရွံ့ဘူးလား။ အဖြေနဲ့အညီ အကျိုးသက်ရောက်မှု ရရှိပါလိမ့်မယ်။
 
ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးကိုမျှော်မှန်းနေမယ့်အစား မိမိတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူချစ်အောင် ဘယ်လိုနေထိုင် ပြုမူကျင့်ကြံသင့်သလဲဆိုတာကိုသာ စဉ်းစားတတ်ဖို့အရေးကြီးပါတယ်။
စစ်အာဏာသိမ်းလိုက်လို့ မြန်မာပြည် ကြီးပွားတိုးတက် တည်ငြိမ်အေးချမ်းနေပြီလား။ ပြည်သူက ထောက်ခံသလား။ ကန့်ကွက်သလား။ လူသားပီပီသသ စဉ်းစားဆင်ခြင်တတ်ရင် အဖြစ်မှန်အရှိတရားကို လက်ခံနိုင်မှာမလွဲပါဘူး။ အမှားကိုဝန်ခံပြီး အမှန်ကိုလက်ခံနိုင်မှသာ လူသားပီသသူ ဖြစ်ပါလိမ့်မယ်။ အရှိတရားကို မျက်စိပိတ်နားပိတ်ပြီး ဇွတ်ငြင်းဆန်နေရင်တော့ ပုံမှန်စိတ်မဟုတ်တော့ဘူးလို့ ဆိုရမှာဖြစ်တယ်။ လက်တွေ့ဘာတွေဖြစ်ကုန်ပြီလဲ၊ အမှန်ကို မြင်အောင်ကြည့်ဖို့ လိုတယ်။

စစ်အာဏာသိမ်းမှု လပေါင်း ၂၀ ရှိလာချိန်မှာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက် ခိုက်မှုတွေနဲ့ ကမ္ဘာပျက်သလို ဆိုးဝါးလှတဲ့အခြေအနေတွေကို ရပ်တန့်ပြီး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေတွေဆီကို ပြန်ရောက်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေကြောင်း ကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ကုလသမဂ္ဂရဲ့ကိန်း ဂဏန်းတွေကို ထောက်ပြပြီး စက်တင်ဘာ ၂၆ ရက်နေ့ ကလူ့အခွင့်အရေးညီလာခံမှာပြောသွားတယ်လို့ အာအက်ဖ်အေ သတင်းအရ သိရတယ်။

အခုဆိုရင် မြန်မာစစ်တပ်ဟာ သူတို့ပစ်မှတ်ထားတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေတင်မကဘဲ ဒီအင်အားစုတွေကို ထောက်ခံတယ်လို့ သူတို့ယူဆတဲ့ အရပ်သားလူ့အဖွဲ့ အစည်းတွေကိုပါ ရက်ရက်စက်စက် တိုက်ခိုက်ဖြိုခွင်းတာတွေလုပ်နေတဲ့အကြောင်း၊ အခုမိုးရာသီကာလအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက် ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေနဲ့ လူနေအိမ်တွေထိခိုက်ပျက်စီးရပြီး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ စုစုပေါင်း အရပ်သား နေအိမ် ၃၀၀၀ လောက်နဲ့ စာသင်ကျောင်းတွေ မီးရှီု့ဖျက်ဆီးခံခဲ့ရတယ် လို့ သူက ပြောသွားတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက ကလေးငယ် ၁၈၈ ဦးအပါအဝင် လူပေါင်း ၂၃၁၅ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာတဲ့ လူပေါင်းလေးသောင်းခွဲလောက် အပါအဝင် အရပ်သား ပြည်သူတစ်သန်းလောက်အထိ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အစားအစာ၊ သောက်သုံးရေနဲ့ ဆေးဝါးကုသမှုတွေမရှိဘဲနေရတဲ့အကြောင်း၊ အခုအချိန်မှာ စစ်တပ်ကရခိုင်ပြည်နယ်မြောက်ပိုင်းကို အကူအညီပေးရေး အဖွဲ့တွေ သွားရောက်ခွင့်မပြုတော့တာ အပါအဝင် စစ်တပ်ရဲ့ ကန့်သတ်မှုတွေကြောင့် ငတ်မွတ် ခေါင်းပါးမှုတွေ ကြုံလာရမယ့် အလားအလာရှိနေတဲ့အကြောင်းလည်း ပြောတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်းတစ်သောင်းခွဲလောက် ဖမ်းဆီးခံထားခဲ့ရတဲ့ အထဲက ၁၂၀၀၀ ကျော်လောက်ဟာ အကျဉ်းထောင်တွေထဲမှာပဲရှိနေပြီး၊ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် အသက်သေဆုံးသူ အရေအတွက် ၂၇၃ ဦး ရှိပြီး တစထက်တစ တိုးလာနေတဲ့အကြောင်း၊ နေအိမ်တွေ၊ ကျေးရွာတွေထဲကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ သေဆုံးခဲ့သူ ၂၆၆ဦး အထိ ရှိနေပြီး၊ ဒီအထဲက ၄၀ ဦးဟာ ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားသူတွေရဲ့ခန္ဓာကိုယ်မှာ ညှဉ်း ပန်းနှိပ် စက်ထားတဲ့ အထောက်အထားတွေတွေ့ရပြီး၊ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အထောက်အထားတွေ အစ ဖျောက်ဖို့ သေဆုံးသွားပြီးမှ ဖြစ်စေ၊ မသေသေးပဲ ဖြစ်စေ မီးရှို့အစဖျောက်ပစ်ခဲ့တဲ့ ဖြစ် စဉ် ၁၁၁ ခု ရှိတယ်လို့လည်း ဆိုတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကထိန်းချုပ်ထားတဲ့ တရားစီရင်ရေးစနစ်ကနေ နိုင်ငံရေးအရ အတိုက် အခံတွေကို သေဒဏ်စီရင်တာကို လက်နက်တစ်ခုလို အသုံးပြုနေပြီး၊ ဒီမိုကရေစီအရေးလှုပ် ရှားသူလေးဦးကို တရားမျှတတဲ့ စစ်ဆေးမှုမရှိပဲ သေဒဏ်စီရင်လိုက်တာဟာ နိုင်ငံတကာဥပဒေတွေ ကို မထီမဲ့မြင်ပြုတာဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်ဟာ မတရားဖမ်းဆီး ထောင်ချခံနေသူတွေအတွက် အမှုလိုက်ပေးနေတဲ့ရှေ့နေတွေကို တရားစွဲ ဆိုထောင်ချတဲ့အမှု ၁၀ မှုအထိ ရှိကြောင်း မှတ်တမ်းတင်ထားတယ်လို့ ဆိုတယ်။

၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးကတည်းက အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်ကို ပိုပြီး တင်းကြပ်လာခဲ့တယ်။ မိုဘိုင်းဖုန်းအသုံးပြုမှုတွေကို မှတ်ပုံတင်ဖို့နဲ့ အခွန်အကောက် အသစ်တွေ တိုးပြီး စည်းကြပ်ဖို့ ကြိုးပမ်းမှုတွေဟာ သာမန်ပြည်သူတွေရဲ့ ဖုန်းနဲ့ အင်တာနက်အသုံးပြုနိုင်မှုလျော့ကျအောင်လုပ်ရာရောက်တယ်။ ဒါ့ အပြင် အင်တာနက်သုံးသူတွေကို စောင့်ကြည့်ထောက်လှမ်းတာတွေ တိုးလာမှာ ဖြစ်တယ်။ NUG နဲ့ PDF တပ်ဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို Like လုပ်တာ၊ အီမိုဂျီနဲ့ထောက်ခံကြောင်း ပြသတာတွေလုပ်ရုံနဲ့ ထောင် 
ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်တယ်လို့ဆိုတယ်။ ဒါကြောင့်လည်း လွတ်လပ်စွာပြောဆိုခွင့်တွေ တင်းကြပ်လာတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီးက ဆိုတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးသွမ်းသံသရာလည်နေတာကို ရပ်တန့်သင့်ပြီ ဖြစ်ပေမယ့် သံ တမန်ရေးအရ ကြိုးပမ်းမှုတွေဟာ အကန့်အသတ်နဲ့ဖြစ်နေတယ်လို့ လူ့အခွင့် အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြောသွားကြောင်း အာအက်ဖ်အေသတင်းအရ သိရတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ အထွေထွေညီလာခံ ကျင်း ပနေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၇)ဦး အပါအဝင် ၁၃ ဦးသေဆုံးသွားခဲ့တဲ့ လက်ယက်ကုန်းရွာ ဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ထင်ရှားတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို လက်ပိုက်ကြည့်မနေသင့်ဘဲ ပိုမိုပြင်းထန်တဲ့ အရေး ယူမှုလုပ်သင့်ပြီလို့ “အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့”   APHR က ညီလာခံမတိုင်ခင် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားတယ်။

"နိုင်ငံတကာအနေနဲ့ မြန်မာပြည်ရဲ့ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံဖို့ ပျက်ကွက်နေပါတယ်။ ကုလသမဂ္ဂကလည်း မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ဖို့ ပျက်ကွက်နေပါတယ်။ အခုအချိန်မှာမြန်မာပြည်သူတွေနဲ့အတူရပ်ရမယ့်အချိန်ပါပဲ။ ကုလသမဂ္ဂအနေနဲ့မြန်မာပြည်သူတွေအတွက် ကုလကိုယ်စားလှယ်နေရာကို ကာကွယ်ပေးရပါမယ်။ မြန်မာ့ဒီမိုကရေစီရေး ရှေ့ဆက်သွားနိုင်အောင်ကူညီပေးရပါမယ်။ ကျနော်တို့တဖက်ကို ပြန်ကြည့်ရင် တရုတ်နဲ့ ရုရှားဟာ မြန်မာစစ်ကောင်စီကို ထောက်ခံပံ့ပိုးနေပါတယ်။ သူတို့တွေဟာ မြန်မာ့ဒီမိုကရေစီရေးကို မထောက်ခံဘဲ စစ်ကောင်စီရဲ့ဘက်က ၁ဝဝ % မကကာကွယ်ထောက်ခံနေတာပါ။ ဒါဟာ နိုင်ငံ တကာကို သတိ ပေးနေတာပဲ။ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ အခုမရပ်ဘူးဆိုရင် အဲဒီနိုင်ငံတွေကဝါးမျိုသွားပါလိမ့်မယ်" လို့ APHR အဖွဲ့ ဥက္ကဋ္ဌတဦးဖြစ်တဲ့ မစ္စတာ Charles Santiago က ဆိုပါတယ်။

Charles Santiago ရဲ့ ဝေဖန်သုံးသပ်ချက်ဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးကြီးပါတယ်။ မြန်မာ့အရေးမှာ တရုတ်နဲ့ရုရှားရဲ့ဝင်ရောက်စွက်ဖက်မှု တွေကြောင့် အကြမ်းဖက်စစ်အာဏာရှင်အုပ်စုဟာ တနေ့ထက်တနေ့ပိုပြီး လက်ရဲဇက်ရဲ စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတာဖြစ်တယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် တောင်းဆို နေတဲ့ကြားကပဲ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်မသွားတာဟာ  တရုတ်နဲ့ရုရှားက လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာနဲ့ စစ်အုပ်စုကို အကာအကွယ်ပေးနေခြင်းကြောင့်ဖြစ်တယ်။ ဒီတော့ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့ ကုလသမဂ္ဂ နဲ့ အာဆီယံကို အားကိုးရင် အချိန်ကုန်ရုံပဲ ဖြစ်မယ်လို့ထင်လာကြပုံရတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ နည်းဗျူဟာက စေ့စပ် ကျေအေးရေးပဲဖြစ်ဖို့များတယ်။ ရွှေပြည်အေးဝါဒ ကျင့်သုံးမယ့်သဘောပဲ။ ဒါကြောင့် ကုလသမဂ္ဂ မှာ မြန်မာနိုင်ငံ ကိုယ်စားပြုမှု ကိစ္စမှာ တောင် မြန်မာလူထုရဲ့ဆန္ဒကို ပစ်ပယ်ထားတယ်လို့ ထင်ရတယ်။
 
မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် အရေးယူတာ မတွေ့ရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က စက်တင်ဘာ ၂၃ ရက်နေ့က နယူးရောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေ တွေကို ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ပျက် ကွက်မှုအပေါ် အလွန်ဝမ်း နည်းစရာ ကောင်းတယ်လို့ သူက ဆိုတယ်။ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ် နဲ့ အမေရိကန် ၅ နိုင်ငံက သူတို့ရဲ့ ဗီတိုအာဏာကို မကြာခဏ အလွဲသုံးစားလုပ်ခြင်းကြောင့် ပဋိပက္ခတွေကိုဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့လည်း ဝေဖန်ခဲ့တာ တွေ့ရတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လုပ်ဆောင်ရမယ့် သဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည် မဖော်ခဲ့တဲ့အတွက် အာဆီယံအဖွဲ့အနေနဲ့ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို ဖျက်သိမ်းဖို့ လိုအပ်နေတယ်လို့လည်း မလေးရှားဝန် ကြီးချုပ်က ဆိုတယ်။  

မြန်မာနိုင်ငံကပြည်သူတွေကို ယူကရိန်းလို ဘာကြောင့် မကူညီသလဲဆိုပြီး အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ(José Ramos-Horta) ကလည်း စက်တင်ဘာ ၂၃ ရက် ကုလ သမဂ္ဂညီလာခံမှာပဲ မေးခွန်းထုတ်ခဲ့ပါသေးတယ်။

"မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းခံထားရတယ် သစ္စာဖောက်ခံထားရတယ်လို့ ခံစားနေကြပါ တယ်။ ကမ္ဘာကြီးက ယူကရိန်းနိုင်ငံကို ခေတ်မီစစ်လက်နက် ပစ္စည်းတွေ၊ ဒုက္ခသည် အရပ်သားတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ရက်ရက်ရောရော ကူညီပေးနေတာကို မြန်မာပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။ ဘာကြောင့် မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုကြတော့ တိတ်ဆိတ်နေသလဲဆိုတာ မေးနေကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ ဆက်လက်အသေခံနေကြပါတယ်" လို့ အရှေ့တီမောနိုင်ငံ သမ္မတ က ပြောကြားခဲ့ကြောင်း အာအက်အေသတင်းမှာ တွေ့ရတယ်။
 
မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေး တည်ငြိမ်ရေးကိုလည်း ထိခိုက်လာနိုင်သလို ပိုမို အခြေအနေ ဆိုးလာနိုင်တယ်လို့လည်း အရှေ့တီမောနိုင်ငံ သမ္မတ က ညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာ တွေ့ရ တယ်။  မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob နဲ့ အရှေ့တီမောနိုင်ငံ သမ္မတ Ramos-Horta တို့ရဲ့ စာနာမှုအပေါ် ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဒါပေမယ့် လက်ရှိမြန်မာ့အရေး အခင်းအကျင်းအရတော့ ရွှေပြည်အေးဝါဒအရ စားပွဲဝိုင်းမှာ ထိုင်ခိုင်းလို့ရနိုင်ဖွယ် မမြင်ရပါဘူး။
 
ဂျန်ဇီးလူငယ်မျိုးဆက်တွေဦးဆောင်တဲ့ People’s Defense Forces (PDF) တွေနဲ့ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့တွေ ရဲ့ နွေဦးတော်လှန်ရေးအရှိန်အဟုန်က အတော်မြင့်နေခဲ့ပါပြီ။ သူတို့မျှော်မှန်းချက်က အခွင့်ထူးခံ စစ်အာဏာရှင်အုပ်စုကို အမြစ်လှန်ဖျက်သိမ်းရေးဖြစ်နေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို လုံးဝပြန်မသွားတော့ဘူးလို့လည်း သန္နိဋ္ဌာန်ချထားကြတယ်။ ဒါကြောင့် ဂျန်ဇီးလူငယ်မျိုးဆက်တွေရဲ့အနာဂတ်အိပ်မက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA မူအရ လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမပါတော့ဘူးလို့ အခိုင်အမာဆိုထားပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်အုပ်စုပါဝင်လာမယ့် ဘယ်လိုတွေ့ဆုံဆွေးနွေးပွဲမျိုးမဆို အလုပ်မဖြစ်နိုင်တော့ပါဘူး။

မြန်မာ့ အနာဂတ်နိုင်ငံတော်ကို တိုင်းရင်းသားပေါင်းစုံပါ၀င်တဲ့ ဂျန်ဇီးလူငယ်မျိုးဆက်သစ်တွေ ကိုယ်တိုင် သူတို့ စိတ်တိုင်းကျ ဖော်ဆောင်ဖန်တီးကြတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီမျိုးဆက်သစ်လူငယ်တွေက နိုင်ငံတကာ အကူအညီထက် ငါတို့မှာ ငါတို့ပဲရှိတယ်လို့ ကြွေးကြော်ခဲ့ကြပုံရပါတယ်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar