လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ အရင်းအနှီးတွေ စီးထွက်နေတဲ့ မြန်မာနိုင်ငံ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၆ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၂
လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ အရင်းအနှီးတွေ စီးထွက်နေတဲ့ မြန်မာနိုင်ငံ
တပိုင်းတစ ပြည်တွင်းစစ် နှုတ်ခမ်းဝကနေ တစတစနဲ့ ပိုမိုကျယ်ပြန့်တဲ့ ပြည်တွင်းစစ် ချောက်ထဲ လျောကျနေတဲ့ မြန်မာနိုင်ငံက လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ ငွေကြေး အရင်းအနှီးတွေ တဖြည်းဖြည်း ပြည်ပကို စီးထွက်လာနေတာကို သတိမပြုဘဲ မနေနိုင်အောင် မြင်တွေ့နေရပါတယ်။ ယခင်နှစ်စပိုင်း စစ်အာဏာသိမ်းလိုက်ပြီး လအနည်းငယ်အတွင်း မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြတဲ့ သူတွေအထဲ နိုင်ငံရေးအရ စစ်တပ်က ဖမ်းဆီး အပြစ်ပေးခံရနိုင်ခြေရှိသူတွေ၊ နိုင်ငံရေးအရသာမကတော့ပဲ လက်နက်ကိုင်နည်းလမ်းနဲ့ ဆန့်ကျင်မယ်လို့ ပိုင်းဖြတ်ပြီး နယ်စပ်ကို ထွက်ခွာသွားသူတွေ ရှိသလို အချို့က အိမ်နီးချင်း နိုင်ငံရဲ့ နယ်နိမိတ်ကိုကျော်ပြီး တဖက်နိုင်ငံရဲ့ နယ်စပ်မြို့တွေမှာ နေထိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်မယ်လို့ ပိုင်းဖြတ်ကာ နေထိုင်ကြသူတွေ တတ်နိုင်တဲ့ဘက်က လုပ်ကိုင်နေသူတွေလည်း တွေ့ရပါတယ်။ အချို့ကတော့ အိမ်နီးချင်းနိုင်ငံမှာလည်း အထောက်အထား စာရွက်စာတမ်း မရှိတာ၊ တရားဝင်ဗီဇာ မရှိတာကြောင့် နေထိုင်ရေး ရေရှည်မှာမလွယ်ဘူးဆိုပြီး တတိယနိုင်ငံအထိ သွားရောက်ကြတာတွေလည်း တွေ့ရပါတယ်။
နိုင်ငံရေးသမား၊ အရပ်ဘက် အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြသူတွေ အများအပြား အိမ်နီးချင်းနိုင်ငံနဲ့ တတိယနိုင်ငံတို့ဆီ ရောက်ရှိကုန်ကြသလို ဆရာဝန်၊ ပညာရေးနယ်ပယ်က ဆရာ၊ ဆရာမ၊ အစိုးရဝန်ထမ်းတွေထဲက စီဒီအမ်မှာ တက်ကြွစွာပါဝင်ကြပြီး စစ်ကောင်စီက ဖမ်းဆီးဖို့ လိုက်လံစုံစမ်း ရှာဖွေခံရတဲ့နောက် အိမ်နီးချင်းနိုင်ငံကို တိမ်းရှောင်နေထိုင်ရသူတွေလည်း ရှိပါတယ်။ အနည်းငယ်မျှကတော့ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာပဲ အခြေချပြီး နေထိုင်ကြတာလည်း တွေ့ရပါတယ်။ အဆိုပါ စီဒီအမ် ဝန်ထမ်းတွေအထဲ ကျွမ်းကျင်သူတွေ အများအပြားပါဝင်ကြပါတယ်။ ဆေးပညာနယ်ပယ်က ဆရာဝန်တွေ၊ ပါမောက္ခတွေ၊ ပညာရေးနယ်ပယ်က ကထိကတွေ ပါဝင်ကြပါတယ်။
ဒီလို အတတ်ပညာရှင်တွေ၊ ပညာထပ်ဆင့်ပွားသင်ကြားပေးတဲ့ ဆရာတွေ၊ ဆရာမတွေ ဖမ်းဆီးခံရတဲ့သူ ဖမ်းခံရ၊ တိုင်းပြည်က လမ်းအသွယ်သွယ်နဲ့ ထွက်ခွာနေကြရတဲ့ အဖြစ်ကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေသာမက မဝေးတဲ့အနာဂတ်မှာလည်း ပြန်လည်ထူထောင်ဖို့ အခက်အခဲတွေ အများကြီးရင်ဆိုင်ကြရလိမ့်မယ်သဘော ဖြစ်ပါတယ်။ နောက်ရှုထောင့်တခုက ကြည့်ရင်လည်း မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံကို ဦးတည်နေတာ သို့မဟုတ် အဲဒီလမ်းကြောင်းပေါ် ရောက်နေတဲ့သဘောလို့လည်း ဆိုနိုင်ပါတယ်။
နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့သူတွေသာမကပဲ မြန်မာနိုင်ငံထဲမှာ စီးပွားရေး အခွင့်အလမ်းတွေ မိသားစုဝင်တွေရဲ့ ပညာရေးနဲ့ လူမှုရေးတွေအတွက်ပါ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် အခြေအနေမဟုတ်တော့တဲ့ အခြေအနေကြောင့် ပိုင်ဆိုင်မှုတွေ ရောင်းချပြီး အိမ်နီးချင်းနိုင်ငံမှာ လုပ်ကိုင်ရင်း နိုင်ငံအခြေအနေ ပြောင်းလဲလာတဲ့အထိ စောင့်ဆိုင်းကြမယ့် လူလတ်တန်းစားအလွှာတွေလည်းအများအပြား တွေ့လာရပါတယ်။
မြန်မာနိုင်ငံထဲကနေ ထိုင်းကို ရွှေ့ပြောင်းနေထိုင်သူတွေ ပြီးခဲ့တဲ့ ၆ လနဲ့ ၁ နှစ်တာအတွင်း တဖြည်းဖြည်း များပြားလာနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတချို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးရှေ့ အလားအလာရော တဖက်မှာ ဂုဏ်သိက္ခာအရပါ ထွက်ခွာဖို့ ဆုံးဖြတ်ပြီး ထွက်ခွာကြတာတွေလည်း တွေ့လာရပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေသာမက ပြည်တွင်းက လူလတ်တန်းစား အလွှာတွေပါ လုံခြုံရေးနဲ့ စီးပွားရေး အခွင့်အလမ်းမရေရာမှုတွေကြောင့် ယာယီအားဖြင့် စွန့်ခွာနေကြတဲ့ လမ်းကြောင်းမျိုး ဖြစ်လာနေတာပါ။
ဒီလိုအခြေအနေတွေဟာ စစ်ဖြစ်ပွားရာ ဒေသက အသက်ဆုံးရှုံးရသူတွေ၊ နေအိမ်ဆုံးရှုံးရသူတွေ ၊ ဘဝကို သုညက ပြန်စရတဲ့ အဖြစ်တွေနဲ့စာရင် ဘာမှမဟုတ်လောက်ဘူး ဆိုနိုင်ပါတယ်။ တဖက်မှာတော့ လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ အရင်းအနှီးတွေ လျော့ပါးလာနေတဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ပြဿနာတွေက ပိုမိုနက်ရှိုင်းလာနေပြီး နိုင်ငံရေးအားပြိုင်မှု အဖြေထွက်သည့်တိုင် ပြန်လည်ထူထောင်ရေးကာလ လျှောက်ရမယ့်လမ်းက ပိုပြီးခက်ခဲဝေးကွာလိမ့်မယ့် အခြေအနေမျိုး ဖြစ်လာမယ့် သဘောမျိုးဆောင်နေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar