Breaking News

ကိုသန်းလွင် - တရုတ်ပြည်မှ ကြွယ်ဝချမ်းသာသူများ

ကိုသန်းလွင် - တရုတ်ပြည်မှ ကြွယ်ဝချမ်းသာသူများ

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၂


( ၁ )

ချမ်းသာကြွယ်ဝသော တရုတ်ပြည်၏ ရဲဝင့်စွန့်စား တီထွင်သူတို့မှာ တချိန်က လူထုမှ ချစ်ခင် လေးစားမှုကို ခံယူခဲ့ကြပါသည်။ အစိုးရကလည်း ဦးစားပေးပြီး ရင်းနှီးမြှုပ်နှံချင်သူတို့ကလည်း သူတို့ နောက်မှ လိုက်နေကြပါသည်။ သူတို့သည် အင်အားရှိပြီး ကောင်းစွာလည်ပတ်နိုင်သည့် တရုတ်စီးပွားရေးအင်ပိုင်ယာကြီးကို တည်ဆောက်ပြီး တရုတ်ပြည်အတွက် ဘီလီယံပေါင်းများစွာ ငွေရှာပေးခဲ့ကြပါသည်။ ပြည်ပတွင် နေစရာ ပိုင်ဆိုင်မှုများ ဝယ်ယူကြပြီး နိုင်ငံတကာ အစည်းအဝေးများတွင်လည်း မျက်နှာပွင့်လင်းခဲ့ကြပါသည်။ 

သို့သော် ယခုအခါ စီးပွားရေးတွင် ဖွံ့ဖြိုးတိုးတက်မှုထက် နိုင်ငံတော်၏ နိုင်ငံရေးနှင့်အမျိုးသား လုံခြုံရေးကို ဦးစားပေးသည့် အစိုးရလက်အောက်တွင် ယခင်က ကဲ့သို့ လုံခြုံစိတ်ချစွာ မနေနိုင်ကြ တော့ဘဲ တဖြည်းဖြည်းပြည်ပသို့ရောက်ရှိ ကုန်ကြပါသည်။ အစိုးရကစီးပွားရေး၏ ပျော့ကွက်များကို ရှာဖွေလျက် ဖိနင်းလျက်ရှိရာ သူတို့သည်ပြည်တွင်းမှာမထင်မရှားနေ၍ဖြစ်စေ၊ ကုမ္ပဏီအကြီးအကဲအဖြစ် မှ နုတ်ထွက်လျက်ဖြစ်စေ တဖြည်းဖြည်းနှင့် ပြည်ပသို့ ထွက်ပြေးနေကြရပါသည်။

( ၂ )

နောက်ဆုံးအနေဖြင့် တရုတ်ပြည်၏ ထင်ရှားသော အိမ်ရာ (Real estate) လုပ်ငန်းကို လုပ် ဆောင်သူနှစ်ဦးဖြစ်သည့် ပန်ရှီရီ (Pan Shiyi)နှင့် ဇန်ရှင်း (Zhang Xin) တို့မှာဆိုဟိုချိုင်းနား (Soho China) ကုမ္ပဏီမှ ယခင်အပါတ်က မိမိတို့ ရာထူးများမှ နုတ်ထွက်လိုက်ကြပါသည်။ ပင်ဒဲမစ် မဖြစ်မီ က စတင်၍ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသောသူတို့သည် ကုမ္ပဏီလုပ်ငန်းများကို ညပိုင်း တွင် တယ်လီဖုန်းခေါ်၍ ဆက်လက်လုပ်ကိုင်ခဲ့ကြပါသေးသည်။ သူတို့၏ကုမ္ပဏီကို Backstone Group အား ရောင်းချရန်ကိစ္စမှာ အုပ်ချုပ်သူတို့၏ ခွင့်ပြုချက်ကို မရခဲ့ပါ။ ဆိုဟိုချိုင်းနား၏ စတော့ ရှယ်ယာတန်ဖိုးမှာ ထက်ဝက်ခန့် လျော့နည်းသွားခဲ့ပါသည်။

သူတို့သည် ၂၁ ရာစုနှစ်အစက လွန်စွာအောင်မြင်ခဲ့ကြပြီး ယခုအခါ တရုတ်ပြည်၌ နေထိုင်ခြင်းသည် စီးပွားရေးလုပ်ဆောင်ရန်အတွက် အကောင်းဆုံးအခြေအနေ ဟုတ်ရဲ့လားဟု မေးစရာဖြစ်လာပါသည်။ လင်မယားနှစ်ယောက်၏ လုပ်ငန်းမှာ ဆင်းရဲသား အောက်ခြေမှစပြီး ချမ်းသာခဲ့ကြခြင်း ဖြစ်သည်။ မစ္စတာပန်းမှာ ဂန်စူ (Gansu) အရပ်မှ ဆင်းရဲသား မိဘနှစ်ပါးက မွေးဖွားခဲ့ပြီး မစ္စဇန်ရှင်းမှာ ဟောင်ကောင်အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်ခဲ့ရသူ ဖြစ်ပါသည်။

သူတို့သည် သူတို့အိမ်ရာရောင်းဝယ်ရေးလုပ်ငန်းကို တရုတ်ပြည်တောင်ဘက်ဆုံး ဟိုင်နန်ကျွန်းမှ အစပြုခဲ့သည်။ ထိုမှတဖန် တရုတ်ပြည်၏မြို့ကြီးများဖြစ်သော ဘေဂျင်းနှင့် ရှန်ဟိုင်းမှ လွန်စွာ ဈေးကြီးသော နေရာများတွင်ဇိမ်ခံအိမ်များ၊ လူနေအိမ်များကို ဆောက်လုပ်နိုင်ခဲ့ကြပါသည်။ သူတို့ အိမ်များကို အနောက်နိုင်ငံများ၏ ဒီဇိုင်းကို ယူကာ ဆောက်လုပ်သည်က များပါသည်။  မစ္စဇန်ရှင်း၏ ၏ မိတ်ဆွေ ဇာဟာဟာဒစ် (Zaha Hadid) ကို၏ ဒီဇိုင်းများအတိုင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ 

သူတို့ နုတ်ထွက်သွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တရုတ်တို့ တိန့်ရှောက်ဖိန် နှင့် ဇူရောင်ဂျီ (Zhou Rongi) တို့၏ လွတ်လပ်စွာ စီးပွားရေးလုပ်ပိုင်ခွင့်များကို စွန့်ပယ်လိုက်ပြီး သူတို့ကို လွတ်လပ်သော တိုးတက်တီထွင်သူများဖြစ်အောင် ပြောင်းလဲပေးသောစနစ်ကို စွန့်လွှတ်လိုက်ပြီဟု ယူဆကြရပါသည်။ 

မစ္စတာတိန့် က ၁၉၇၀ ပြည့်နှစ်များတွင် မော်စီတုံး၏ ယဉ်ကျေးမှု တော်လှန်ရေးကို ဖျက်ဆီးခဲ့သော ပေါ်လစီများကို ပစ်ပယ်၍ တရုတ်ပြည် စီးပွားရေးကို ပြုပြင်ခဲ့ပါသည်။ ဇူရောင်ဂျီက တရုတ်ပြည် ကို ကမ္ဘာ့ကုန်သွယ်ရေးအသင်းဝင်ဖြစ်အောင် လုပ်ပြီး ကမ္ဘာ၏ အကြီးဆုံးပို့ကုန်နိုင်ငံ ဖြစ်အောင် အသွင်ပြောင်းခဲ့ပါသည်။

မစ္စတာ ရှီကျင်ဖျင့်က နိုင်ငံတော်ကို ဦးဆောင်ခဲ့သော စီးပွားရေးဖြစ်စေခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုထက် အမျိုးသားလုံခြုံရေးကို ဦးစားပေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်နှင့် လူ့အခွင့်အရေး ဦးစားပေးသူများက မစ္စတာရှီကို မေးခွန်းထုတ်ခဲ့လျှင် ထိုသူများကို ထောင်သွင်း အကျဉ်းချပြီး ပြည်သူလူထု၏ လုပ်ပိုင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို ချုပ်ခြယ်ခဲ့ပါသည်။

 လွန်စွာကြွယ်ဝချမ်းသာသော လုပ်ငန်းရှင်များသည် တရုတ်ပြည်နိုင်ငံရေးကို မထိခိုက်သ၍ လုပ်လိုရာကို လုပ်ကိုင်ခွင့်ရှိကြပြီး သူတို့လုပ်နိုင်သော နယ်နိမိတ်မှာ အလျှော့အတင်းရှိသည့် ကြိုးကွင်းပမာ ဖြစ်ခဲ့ရပါသည်။ ရှီကျင်းဖျင့်၏ ပထမသက်တမ်းကုန်ဆုံးသည့်  ၂၀၁၇ တွင် တရုတ်ပြည်၌ သူ့ကို ဆန့်ကျင်သူ များများစားစားမရှိတော့ဘဲ တဖြည်းဖြည်း ပျောက်ကွယ် တိမ်မြှုပ်သွားကြပါသည်။ 

ဂျက်မား (Jack Ma)သည် တရုတ်ပြည်၏ e-commerce ကုမ္ပဏီ အလီဘာဘာ၏ ဦးဆောင်နေရာမှ နုတ်ထွက်ခဲ့ပါသည်။ ဟောင်း (Colin Haung) သည် (Pinduoduo) ခေါ် အလီဘာဘာ၏ ပြိုင်ဘက်ကုမ္ပဏီ ကို အုပ်ချုပ်သူဖြစ်ပြီး ယခုနှစ်စောစောပိုင်းက ရာထူးမှ နုတ်ထွက်ခဲ့ပါသည်။

လွန်ခဲ့သော နှစ်ကပင် တစ်တော့ (Tiktok) ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သည့် Byte Dance ကုမ္ပဏီတည်ထောင်သူ ဇန်ရီမင်း (Zhang Yiming) သည်ကုမ္ပဏီ၏ ရှေ့ရေးလုပ်စရာရှိသည်တို့ကို ကြည့်ရှု့ရန်ဟုဆိုကာ လက်ရှိရာထူးမှ နုတ်ထွက်သွားခဲ့ပါသည်။ ရှန်ဟိုင်းမြို့တော်ကို လုံးဝ ကိုဗစ် မဖြစ်ရေး Zero Covid ပေါ်လစီအရ နှစ်လအကြာ လော့ဒေါင်းလုပ်စဉ်တွင် ဇူဟင်း (Zhou Hang) ခေါ် စီအီးအိုက ကနေဒါနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး တရုတ်တို့၏ လက်ရှိ ပေါ်လစီကို ဝေဖန်သော စာတစောင် ရေးသားထုတ်ဝေခဲ့ပါသည်။ 

ဆိုဟိုကုမ္ပဏီ၏ပြဿနာများမှာ ဇူလိုင်လ ၇ ရက်နေ့က ပေါ်လာခဲ့ပါသည်။ အဓိကဘဏ္ဍာရေးကို တာဝန်ယူထားရသူများသည် (Insider Trading) ပြစ်မှုများကြောင့် ရဲက စစ်ဆေးနေသည်ဟု ဝန်ခံခဲ့ပါသည်။ ဆိုဟို သည်မိမိ အိမ်ငှားနေထိုင်သူများကို လျှပ်စစ်သုံးစွဲခ ပိုမိုကောက်ခံခဲ့သည့် အတွက် အစိုးရကို ဖိုင်းဒေါ်လာသန်း ၃၀ ပေးဆောင်ရသည်။ ဆိုဟိုက ကြေညာရာတွင် ဇွန်လ ၃၀ ရက်နေ့အထိ သူတို့အိမ်ရာများကို ငှားရမ်းနေထိုင်သူများမှာ ၈၀% လျော့နည်းခဲ့သည်ဟု ဆိုပါသည်။  

သူတို့ နုတ်ထွက်ခဲ့သည့် သတင်းထွက်ပေါ်လာချိန်မှာ တရုတ်ပြည် ကွန်မြူနစ်ပါတီက သူ၏ ပါတီကွန်ဂရက်ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပ၍ ထိုကွန်ဂရက်တွင် မစ္စတာ ရှီ က သူ၏ တတိယ ၅ နှစ်သက်တမ်းတိုးရန်အစီအစဉ်ရှိပါသည်။ ပါတီ၏ချာတာမှာတိုင်းသူပြည်သားများ ၏ လွတ်လပ်ခွင့်ကိုချုပ်ကိုင်ရန် ပိုမိုတင်းကြပ်လာမည်ဟု ခန့်မှန်းကြပါသည်။ တရုတ်ပြည်၏ စီးပွား ရေးမှာဆုတ်ယုတ်သည့်အပိုင်းသို့ရောက်ရှိနေပြီးအမေရိကန် နိုင်ငံနှင့်ဆက်ဆံရေးမှာလည်းတင်းမာ နေသည့်သဘောရှိပါသည်။ ထို့ကြောင့် မစ္စတာ ရှီ အနေဖြင့် သူ့ လုပ်ငန်းများအောင်မြင်လျက်ရှိပါ သည်ဟုကွန်ဂရက်ကိုတင်ပြရန်အခက်အခဲများရှိပါသည်။

တရုတ်ပြည်လျင်မြန်စွာပြောင်းလဲမှုသည်မစ္စတာပန်း တို့ကို ချမ်းသာကြွယ်ဝစေခဲ့သည်။ သူ တို့ဆိုဟို ကိုစခဲ့စဉ်က ၁၉၉၅ ခုနှစ်တွင်မြို့နေလူဦးရေမှာ ၃၅၂ သန်းရှိခဲ့ပြီး ယခုအခါထို လူဦးရေ မှာ ၂ ဆ မျှ တိုးလာခဲ့ပါသည်။ သူတို့က တရုတ်ပြည်၏ ချမ်းသာသော လူတန်းစားကို ရည်ရွယ်ပြီး ပရောဂျက်များစ၍ လုပ်ဆောင်ခဲ့ရာ Galaxy Soho and  Wangjing Soho ပရောဂျက်များသည် ဘေဂျင်း၌ ရှိပါသည်။ ရှန်ဟိုင်းတွင် Sky Soho ရှိပြီး အားလုံးမှာ သူတို့ အာခီတက် ဟာဒစ် ၏ဒီဇိုင်း များပင်ဖြစ်ပါသည်။ မစ္စဇန်းမှာ ကိန်းဘရစ်တက္ကသိုလ်မှစီးပွားရေးမာစတာဘွဲ့ရခဲ့ပြီး ဂိုမင်ဆာ့ချ တွင် အလုပ်ဝင်ခါ ဒဲဗိုမြို့ စီးပွားရေးဖိုရန်တွင် စကားပြောသူ ဖြစ်သည်။

( ၃ )

သို့သော် မစ္စတာရှီ၏ Common Prosperity ပုံစံစီမံကိန်းအရ ချမ်းသာသူတို့က လူဆင်းရဲများနှင့် ခွဲဝေ၍ လူတန်းစားမညီမျှမှုကို ပပျောက်စေရန် ကြံရွယ်ခဲ့ပါလိမ့်မည်။ သူ၏ဖိအားကို သက်ရောက်စေပြီး လူထု၏သစ္စာရှိမှုကို တောင်းဆိုခဲ့ပါသည်။ 

ဇီချန်း (Ren Zhiqiang)ခေါ် မစ္စတာပန်း၏ မိတ်ဆွေ အိမ်ရာလုပ်ငန်းကို လုပ်ကိုင်သူတစ်ယောက်မှာ ရှီ ကို ဝေဖန်မှုဖြင့်ထောင်ဒဏ် ၁၈ နှစ် အပြစ်ပေးခံခဲ့ရပါသည်။ တရုတ်ပြည်တွင် မိသားစု၏ ကိုယ်ပိုင်ချမ်းသာမှုမှာ တဖြည်းဖြည်း နိုင်ငံတော်၏လိုလားချက်နှင့် ကွဲလွဲလျက်ရှိပါသည်။

ကိုသန်းလွင်

Ref: Tycoons Step away as Beijing Pushes in, By Keith Bradsher N.Y. Times Sep 12 2022




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar