လှကျော်ဇော - တရုတ်ရဲ့ စီးပွားရေးအမြင်
လှကျော်ဇော - တရုတ်ရဲ့ စီးပွားရေးအမြင်
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၂
တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ကွန်ဂရက်ရဲ့ (နောက်ဆုံး)သတ္တမအကြိမ်မြောက် ဗဟိုကော်မတီစုံညီအစည်းအဝေးကို ပီကင်းမှာ အောက်တိုဘာလ (၉-၁၂) ရက်က ကျင်းပခဲ့ပြီး ကြေညာချက်တစောင် ထွက်လာပါတယ်။
အဲဒီထဲမှာ အခုကျင်းပတော့မယ့် ၂၀ ကြိမ်မြောက်ကွန်ဂရက်အတွက် ပြင်ဆင်ချက်လုပ်ငန်းတွေကို အသေးစိတ် ဖော်ပြထားပါတယ်။
စိတ်ဝင်စားဖွယ်အကောင်းဆုံးကတော့ပါတီရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ရေးပါ။
သေချာတာကတော့ အခုလက်ရှိသမ္မတနဲ့ ပါတီအထွေထွေအတွင်းမှူး ရှီကျင့်ပင်ရဲ့ အခန်းကဏ္ဍနဲ့ သူရဲ့အတွေးအမြင်တွေဟာ ပါတီရဲ့လမ်းညွှန်ချက်တွေ ဖြစ်လာနိုင်ပါတယ်။
'ခေတ်သစ်ကာလမှာ-တရုတ်ထူးခြားချက်နဲ့အညီ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးဆိုင်ရာ ရှီကျင့်ပင်ရဲ့ အတွေးအခေါ်များ' ဆိုတာ တရားဝင်ဖြစ်လာပါလိမ့်မယ်။
တကယ်တော့ ဒီရှီအတွေးအခေါ်များဟာ အထူးအဆန်းတွေတော့ မဟုတ်လှပါဘူး။ အရင်အစိုးရအဆက်ဆက်က လုပ်ဆောင်ချက်တွေအပေါ် သိပွံနည်းကျ ခွဲခြမ်းစိတ်ဖြာပြီး အားနည်းချက်တွေ၊မပြည့်ဝတာတွေကို ပြုပြင်ပြီး အခုကာလနဲ့ ကိုက်ညီတဲ့ နည်းနာသစ်တွေကိုဖော်ဆောင်ပြီးလုပ်ဆောင်ထားတာတွေပါပဲ။ အဲဒီ နည်းနာသစ်တွေကိုလည်း ဥက္ကဋ္ဌမော် ချမှတ်ပေးထားတဲ့ 'ပြည်သူ့အကျိုးဆောင်ကြး ဆိုတဲ့ဆောင်ပုဒ်ပေါ်မှာ အခြေပြုထားတယ်လို့ ဆိုကြပါတယ်။ ဒီနည်းတွေကို လက်တွေ့စမ်းသပ်လုပ်ဆောင်ကြပြီး အဲဒီက ပေါ်ထွက်လာတဲ့ ရရှိချက်တွေကို နိဂုံးချုပ်ပြီး သဘောတရားများအဖြစ် မြှင့်တင်လိုက်ထာပါပဲ။
ဒီအတွေးအမြင်သစ်တွေဟာ နယ်ပယ်ပေါင်းစုံမှာ ရှိပါတယ်။
တရုတ်ပြည်ရဲ့ အခု အအောင်မြင်ဆုံးအဖြစ်ရှိနေတဲ့ စီးပွားရေးကဏ္ဍမှာ ဒီရှီကျင့်ပင်ရဲ့ အမြင်တွေကို လေ့လာကြည့်ရအောင်ပါ။ (တရုတ်ရဲ့စီးပွားရေးဟာ တကမ္ဘာလုံး- ထွက်ကုန်အစုစုရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်နေပြီး၊ ကမ္ဘာ့ ဒုတိယအင်အားအကြီးဆုံး စီးပွားရေးနဲ့ နိုင်ငံပေါင်း ၁၃၀ ကျော်ရဲ့ အများဆုံးစီးပွားဖက်နိုင်ငံ ဖြစ်နေတာပါ။)
၁။ တရုတ်စီးပွားရေးရဲ့ ဦးတည်ချက်များ။
က။ တရုတ်ပြည်ကို ပြန်လည်နိုးကြားစေပြီး အပြည့်အ၀ခေတ်မီတဲ့ ဆိုရှယ်လစ်နိုင်ငံ ပေါ် ထွက်ရေး။
ခ။ (ဘုံ)အားလုံးအတွက် အဆင့်မြင့်တဲ့ ကြီးပွားချမ်းသာရေး။ ဆင်းရဲ-ချမ်းသာ ကွာခြားမှု ကျဉ်းမြောင်းလာရေး။
ဂ။ သိပွံဘာသာရပ်၊ နည်းပညာများ၊ တီထွင်ဖန်တီးမှုများနဲ့ ထုတ်လုပ်ရေးများမှာ ကမ္ဘာခေါင်းဆောင် ဖြစ်လာရေး။
၂။ တရုတ်စီးပွားရေးရဲ့ မူဝါဒများ။
က။ စီးပွားရေးမှာ ပါတီခေါင်းဆောင်မှု ခံယူရမယ်။
စီးပွားရေးဟာ ပါတီရဲ့ အဓိက ဗဟိုလုပ်ငန်း ဖြစ်တယ်။
ခ။ သဘောတရားအရ ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ရမယ်။ ဒါမှသာ ပြည်သူတွေဟာ စိတ်ကျေနပ်မှုရှိမယ်။ ပျော်ရွှင်မယ်။ လုံခြုံမယ်။
ဂ။ ခေတ်သစ်ကာလမှာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်ဖြစ်တဲ့အတွက် စဉ်းစားတွေးခေါ် မြော်မြင်မှုအသစ်များ လိုအပ်ပါတယ်။ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုကနေ အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြောင်းလဲလုပ်ဆောင်ရမယ်။
ဃ။ ဆိုရှယ်လစ်ဈေးကွက် စီးပွားရေးစနစ်မှာ အရင်းအမြစ်များကို ခွဲတမ်းချတဲ့အခါ ဈေးကွက်က အဆုံးအဖြတ်အခန်းမှ ပါဝင်ရမှာဖြစ်ပြီး အစိုးရအနေနဲ့ ကြီးကြပ်ရာမှာ ပါးနပ်မှုရှိဖို့ လိုအပ်ပါတယ်။(smart role)
င။ အရင်းအနှီးရဲ့ စွမ်းအားကို ထုတ်လုပ်ရေးအင်အားစုများအတွက် အသုံးပြုရမှာ ဖြစ်ပြီး၊ အရင်းအနှီးရဲ့ ပရမ်းပတာ ချဲ့ထွင်မှုကို ထိန်းချုပ်ပေးရမယ်။
စ။ လုပ်ငန်းများရဲ့ ပိုင်ဆိုင်မှုဟာ ရောနှောမှုများ(Mix ownership) ရှိနိုင်တယ်။ နိုင်ငံတော်ပိုင် ကဏ္ဍများဟာ သန်မာအားကောင်းရမှာဖြစ်ပြီး ခေတ်မီ အုပ်ချုပ်ရေးစနစ်များ ရှိရမယ်။
ဆ။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ့်ဟာကိုယ်တိုးတက်စေရမယ်။
၃။ တရုတ်စီးပွားရေးရဲ့ ဗျူဟာများ။
အရင်းခံက- ဖွံ့ဖြိုးတိုးတက်မှု အယူအဆသစ် (ရှီရဲ့ စီးပွားရေးအပေါ် အမြင်လို့လည်း ခေါ်ပါတယ်။) မှာ အဓိက ၅ မျိုးပါ။
က။ တီထွင်ဖန်တီးမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး။
သိပွံနဲ့နည်းပညာအပြင် ကဏ္ဍစုံ(၀န်ဆောင်မှု၊အုပ်ချုပ်မှု၊အချောကိုင်မှု--စသဖြင့်။)
ခ။ ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု။
ဒေသအချင်းချင်းကြား ဆက်စပ်သွားရေး။
ဂ။ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းနိုင်သမျှနည်းရေး။
ဃ။ ပွင့်လင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု။
လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်များ။
ပိုးလမ်းမစီမံကိန်းများ။
င။ မျှဝေထားတဲ့ ဖွံ့ဖြိုးတိုးတက်မှု။
(ဒါကတော့ ရှေ့က ဖွံ့ဖြိုးမှု ၄ မျိုး အောင်မြင်မှ ဖြစ်နိုင်ပါလိမ့်မယ်။)
မြို့နဲ့ ကျေးလက်အကြား ကွာခြားမှု၊
ကမ်းရိုးတန်းဒေသများနဲ့ ကုန်းတွင်းဒေသများအကြား ကွာခြားမှု၊
စတာတွေကို ပြန်လည်ထိန်းညှိပေးရပါလိမ့်မယ်။
ဒါတွေကတော့ ရှီကျင့်ပင်ရဲ့ စီးပွားရေးအပေါ်အမြင်များဖြစ်ပြီး ဒါတွေကို ဆက်လက် လုပ်ဆောင်နေရာမှာ စိန်ခေါ်မှုတွေဖြစ်တဲ့ နိုင်ငံတကာ အခြေအနေ တင်းမာမှုတွေ၊ လူဦးရေကျဆင်းလာပြီး လူအိုတွေ အချိုးအစားအရ များလာတာ ဆိုတာတွေကလည်း ရေတိုမှာရောရေရှည်မှာပါကြုံတွေ့လာနိုင်ပါသေးတယ်။
လှကျော်ဇော
၁၆-၁၀-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar