Breaking News

ဖားကန့် တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၅ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၂

 ဖားကန့် တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ 

ဖားကန့်ဒေသက ကေအိုင်အေ တပ်မဟာတခုက စီစဥ်ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုရဲ့ ဂယက်က ပြည်တွင်းတွင်သာမက နိုင်ငံတကာ သံတမန်တွေ သံရုံးတွေက ထုတ်ပြန်ချက်ထုတ်ပြီး ကန့်ကွက်ကြတဲ့အထိ ဂယက်ရိုက်ခတ်ခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီကလည်း အဲဒီလိုထုတ်ပြန်ချက်တွေကို ချက်ချင်း ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေတုံ့ပြန်ကြေညာချက် ထုတ်ပြီးတုံ့ပြန်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြေပြင်ပေါ်က စစ်ပွဲကို မြေပြင်နဲ့တင် တိုက်ခိုက်တာမဟုတ်တော့ပဲ လေကြောင်းအကူအညီနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး အသာစီးရယူတာတွေ သိသိသာသာ လုပ်ဆောင်လာတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်ကို ကြည့်ရင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ဆက်စပ်နေတဲ့ ဒေသတွေမှာ KIA က စစ်ကောင်စီတပ်တွေကို မကြာခဏ တိုက်ခိုက်တာ စခန်းသိမ်းယူတာတွေ လုပ်နေတာကြောင့် အခုလို အရေးယူလက်တုံ့ပြန်တာလို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေဟာ  လက်နက်ကိုင်တပ်ဖွဲ့ရော အရပ်သားတွေပါ ရောပြီးထိခိုက်မှုတွေရှိတာကြောင့် အခု အဖြစ်အပျက်မှာ လက်နက်ကိုင် အဖွဲ့ကသူတွေအပြင် ဂီတဖျော်ဖြေပွဲကို ဖိတ်ကြားလို့လာရောက် ကြတဲ့ ကချင်အနုပညာရှင်တွေနဲ့ အခြားအရပ်သား၊ ဒေသခံတွေပါ ထိခိုက်သေဆုံးကြရတာ ဖြစ်ပါတယ်။ 

ကေအိုင်အေ ရဲ့ အကြီးအကဲ တဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က အခုဗုံးကြဲခံရတဲ့ အနန်ပါ စခန်းဟာ ကားလမ်းပေါ်က စျေးဆိုင်တန်းသာဖြစ်ပြီး စစ်စခန်းမဟုတ်ကြောင်း ရှင်းလင်းရေးသားခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီစခန်းကို တပ်မဟာ ၉ ရဲ့ ဌာနချုပ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ဒီဗုံးကြဲမှုက ကေအိုင်အေ အပေါ် စစ်ကောင်စီက စစ်ရေးအရ ဖိအားပေးမှုတွေ ထိခိုက်မှုများအောင် ရတဲ့နည်းနဲ့ တိုက်ခိုက်မှုတွေ လုပ်ဦးမယ့်သဘောကို ထင်ရှားစွာပြသနေတာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကေအိုင်အေအနေနဲ့ စစ်ကောင်စီဘက်က ဖိတ်ကြားတဲ့ ဆွေးနွေးပွဲတခုကိုမှ ပါဝင်ခဲ့ခြင်း မရှိတဲ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို စစ်သင်တန်းပေးခြင်း နဲ့ လက်နက်ထောက်ပံ့ခြင်းတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ခုခံတိုက်ခိုက်မှုတွေမှာ ကေအိုင်အေက အကြံဥာဏ်ပေးတာ လူအင်အား လက်နက်အင်အားနဲ့ ကူညီတာတွေရှိတယ်လို့ စစ်ကောင်စီက စွပ်စွဲတာ ဖြစ်ပါတယ်။

 ဖေ့စ်ဘွတ်ပေါ်မှာ စစ်ကောင်စီဘက်က ရပ်တည်ရေးသားတဲ့ ပို့စ်တွေမှာ စစ်အာဏာသိမ်းအပြီးမှာ  KIA အနေနဲ့ ၄င်းတို့ လှုပ်ရှားရာ ကချင်ပြည်နယ်ကို စစ်ကောင်စီအနေနဲ့ ထိုးစစ်ဆင်တာတွေ မလုပ်နိုင်အောင် စစ်ကိုင်းတိုင်းကို ကြားခံဇုန်အဖြစ် ရည်ရွယ်ချက်ရှိစွာ ဖန်တီးခဲ့တယ်ဆိုတဲ့ အယူအဆက လူပြောများပြီး ကေအိုင်အေ အနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးမြောက်ပိုင်းကို လက်နက်တွေ ထောက်ပံ့ပေးခြင်းအားဖြင့် စစ်ကောင်စီအနေနဲ့ အဲဒီဒေသတွေကနေ ကျော်လွန်ပြီး ကချင်ပြည်နယ်ကို ကြီးကြီးမားမား ထိုးစစ်ဆင်နိုင်မှာမဟုတ်ဘူးလို့ ယူဆထားကြောင်း ဖေါ်ပြကြတာ ဖြစ်ပါတယ်။ 

လက်တွေ့ ဖြစ်ရပ်တွေမှာလည်း စစ်ကောင်စီအနေနဲ့ ရှမ်းပြည်နယ်ပြီးရင် အကျယ်ဆုံး တိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းတခုလုံးနီးပါးမှာ စစ်ရေး ဆင်နွှဲနေရတာကြောင့် ကချင်ပြည်နယ်ကို ကြီးမားတဲ့ ထိုးစစ် တွေ မဆင်နိုင်တဲ့ အနေအထားရောက်သွားတဲ့ အနေအထားဖြစ်နေတာပါ။ 

ဒီအကြောင်းတွေက ကေအိုင်အေကို စစ်ကောင်စီအနေနဲ့ ထိခိုက်နစ်နာမှုဖြစ်အောင် ရတဲ့နည်းနဲ့ လက်တုံ့ပြန်တဲ့ သဘောလို့ ယူဆစရာရှိလာတာဖြစ်ပါတယ်။ 

သို့ပေမယ့် အခုလို အရပ်သားနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ရောနှောနေတဲ့ ဂီတဖျော်ဖြေပွဲကို တိုက်လေယာဥ်တွေ သုံးပြီးအလွန်အကျွံ တိုက်ခိုက်မှုက တဖက်မှာ KIA နဲ့ စစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသား လက်နက်ကိုင်တွေ အဖို့ နိုင်ငံရေးအရ ထောက်ခံမှုပိုမိုမြင့်တက်လာစေမှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အလွန်အကျွံအင်အားသုံးမှုတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအဖို့ စည်းရုံးရေး အရပိုမိုအားကောင်းလာစေ နိုင်တာလည်း ဖြစ်ပါတယ်။ 

အခုလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုင်ငံတကာက စစ်ရေးအကူအညီပေးတော့မလား ၊ R2P လို အရပ်သားတွေကို အကာအကွယ်ပေးမယ့် ကုလတပ်တွေ လာတော့မလားဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ မမျှော်လင့်နိုင်သင့်သေးဘူးလို့ပဲ ဆိုရမှာပါ။

မြန်မာ့အရေး နဲ့ ယူကရိန်းမတူတဲ့ ကွဲပြားမှုက ယူကရိန်းစစ်ပွဲက နိုင်ငံခြားကျူးကျော်မှု ဖြစ်ခြင်းနဲ့ ဥရောပတိုက်မှာ ဖြစ်နေတဲ့ ဥရောပစစ်ပွဲလို့ ဆိုနိုင်တဲ့ အနောက်အုပ်စုနဲ့ ရုရှားရဲ့ အားပြိုင်မှု ဖြစ်တာကြောင့် ပြည်တွင်းစစ်ဖြစ်တဲ့ မြန်မာ့အရေးကို တန်းတူစဥ်းစားကြစရာ အကြောင်းမမြင်တာကြောင့် အဲဒီလို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေထက်ကို ပြည်တွင်းက စည်းလုံးမှုနဲ့ ညီညွတ်မှုကိုသာ အားပြုကြဖို့ အရေးကြီးတယ်လို့ မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar