Breaking News

ဗေဒါညို - တို့ဘယာကြော်

တို့ဘယာကြော်
ဗေဒါညို
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၂


အပြင်ကပြန်လာတဲ့လေဒီက ဘယာကြော်တွေဝယ်လာလို့သဘောကျသွားမိတယ်။ ခွေးတောက်ရွက်နဲ့ရောပြီးချက်မလို့တဲ့ဗျ။ အံမယ်မွှေးတေးတေးလေးနဲ့ပူပူနွေးနွေးမို့ ကျွန်တော်လည်းချက်ချင်းကောက်ယူပြီး တကိုက်ဝါးလိုက်ရင်း ကောင်းတယ်ဟလို့ ချီးကြူးသမှုပြုလိုက်မိပေတယ်။
အဲဒါကို လေဒီက တစ်ခုတစ်ရာပေးရတာတော်ရဲ့ လူတွေများလွန်းလို့ တန်းစီဝယ်ရတာရယ်.. ညနေ ၅ နာရီထိုးရင်မရတော့ဘူး။ ဥပုသ်နေ့ဆိုရင် အကြော်သည်ကမထွက်ဘူးဆိုပြီး မေးစရာမလိုဘဲပြောပြလိုက်တယ်။

သူ့စကားရဲ့နောက်ကွယ်မှာ ဘယာကြော်ရဲ့တန်ဖိုးကြီးမှု ချက်ချင်းဝယ်လို့မရခြင်းနဲ့ အ‌ကြော်သည်ရဲ့ ဈေးကွက်မှာအောင်မြင်မှုစတဲ့အနက်အဓိပ္ပာယ်တွေ ပါဝင်နေပြီး ဘယာကြော်ကိုများ ပေါ့သေးသေးမှတ်နေလားလို့ ပြောချင်ဟန်ရှိသပ။

ဘယာကြော်ကို အကွင်းကြော်လို့ခေါ်တဲ့မြန်မာဘယာကြော်နဲ့ ကုလားဘယာကြော်ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကိုယ်ကြိုက်တာစားကြရုံပေါ့ဗျာ။
ကျွန်တော်တို့လူမျိုးရဲ့ ဘယာကြော်နဲ့ငပိစားတဲ့ပါးစပ်က မလွယ်ဘူးဗျ။ ဥရောပအစားအစာပေါင်မုန့်တွေ ကိတ်‌မုန့်တွေလည်းတွယ် ခေါက်ဆွဲကြော် ပေါက်ဆီ စတဲ့ တရုတ်အစားအစာတွေကိုလည်းတီးတဲ့အပြင် ထတ္တရာတို့ ပလာတာတို့လို ကုလားအစားအစာတွေကိုလည်း အလွတ်မပေး အဲသလိုဗျ။

ဒီတော့အစားအသောက်တွေမှာ ဘယ်သင်းဘယ်ဟာမှ လူမျိုးရေးစိတ်နဲ့ခွဲခြားပြီး စားမနေဘူး၊ ကြိုက်ရင်အကုန်ဆော်တာပါပဲ။ အခုနောက်ပိုင်းဆိုရင် ကိုရီးယားအစားအစာတွေရော အီတလီပီဇာတွေရော မြန်မာ့ပါးစပ်ထဲကို ရောက်လာပါပြီ။ အဲတော့ ကမ္ဘာမှ ာဘယ်လူမျိုးရဲ့အစားအစာမဆို ကြိုက်ရင် မငြင်းဆန်နင်းကန်တွယ်တာ ကျွန်တော်တို့လူမျိုးပဲရှိတယ်လို့ မှတ်တာပါပဲ။

ဒါပေသိ ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း အစားအစားတွေအမျိုးစုံအောင်ဘယ်လောက်ပေါပေါ ဘယာကြော်ကတော့ ပန်းပန်လျက်ဖြစ်တယ်။ ဘယာကြော်ဟာ သွားရေစာဆိုပေမယ့် နောက်တော့ ထမင်းပွဲမှာ ဟင်းတခွက်အဖြစ် အသုံးတော်ခံလာရတယ်။ သူ့ချည်း ခရမ်းချဉ်သီးကလေးနဲ့ အိနေအောင်ချက်လိုက်ရင် စားလို့ကောင်းသလို ခွေးတောက်ရွက်ကလေးနဲ့ ရောချက်လိုက်ရင်လည်း သဘောကျသဗျ။

ဘယာကြော်မှာ ကယ်လိုရီတွေ ပရိုတင်းတွေ ဘယ်လောက်ပါမှန်း ကျွန်တော်လည်းမသိပါဘူး။ ဘယ်သူမှလည်း အရေးလုပ်ပြီး တွက်ချက်ပြောသံတွေလည်း မကြားရပါဘူး။ နို့ပေမယ့် ဘယာကြော်ကို ကလေးဘဝကတည်းက အခုထိတွယ်နေရတုန်းဆိုတော့ ဘယာကြော်ကပေးတဲ့ခွန်အားတွေက ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းလျက်ရှိနေတယ်။

ခက်တာသူကလည်း ခေတ်နဲ့အတူတကွ ဖြတ်သန်းရင်းဈေးတွေတက်လိုက်လာပြီး ပုံသဏ္ဍာန်က ကြီးရာမှ ငယ်လိုက်လာတယ် ။နို့ပြီး ပုံမှန်ဘယာကြော်တခုရဲ့အချင်းကဘယ်လောက်ရှိမလဲ။ သူ့လုံးပတ်အတိုင်းအတာက စင်တီမီတာမည်ရွေ့မည်မျှ စသဖြင့် စံချိန်စံညွှန်းတွေမရှိတော့ သူ့ခမျာ အကြော်သည်ရဲ့လက်ထဲမှာ ထင်သလိုပြုကျင့်ခံနေရရှာတယ်။ တချို့ဘယာကြော်တွေက သူ့မူလအော်ရီဂျင်နယ် လက်မလောက်မတုတ်တော့ပဲ အကြော်သည်က တွက်ခြေကိုက်အောင် ခပ်ပြားပြားတီထွင်လိုက်လို့ ရုပ်ပျက်ဆင်းပျက်နဲ့ ဝါရှာလိုဖြစ်သွားပြီး ဘယာပြားအကွင်းကြေ ာ်ဖြစ်ကုန်ပါလေရော။

ခေတ်တွေပြောင်းလွဲနေပြီး တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်‌လမ်းစဉ်ပါတီခေတ်၊ နဝတ နအဖခေတ် ။။။ဆိုပြီးခေတ်တွေကို ပိုင်းခြားကြတယ်။ကျွန်တော်ကတော့ အဲလိုမလုပ်ချင်ပါဘူး။ ကလေးဘဝတုန်းကဘယာကြော်တစ်ခု ငါးပြားပေးပြီးဝယ်စားခဲ့ရတဲ့ဈေးနှုန်းနဲ့ပဲ စတင်တိုင်းတာလိုက်ချင်မိတယ်။

ငါးပြား တစ်မတ် တစ်ကျပ် တစ်ဆယ် ဆယ့်ငါးကျပ်မှ အခုခေတ်ဈေးနှုန်းအထိပေါ့။ အဲတော့ ဘယာကြော်တခု ဘယ်လောက်နဲ့စပြီးစားခဲ့ရဖူးသလဲလို့ တွေးလိုက်ရင် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ခေတ်ကို ကွက်ကွက်ကွင်းကွင်းကြီး မြင်တွေ့သွားရတာပဲမဟုတ်ပါလား။

ဘယာကြော်ဟာ သူ့ချည်းဒီအတိုင်းစားလို့ရတယ်။ သုံးလေးခုလောက်စားပြီး ရေအဝသောက်ထည့်လိုက်ရင် ဗိုက်တင်းသွားတယ်။ ထမင်းဖြူလေးဆီဆမ်းပြီးဘယာကြော်လေးနဲ့တွဲဖက်ပြီးစားလိုက်ရင်လည်း ဝမ်းမီးကိုငြိမ်းသွားစေတယ်။ ဒါ့ပြင် ဟင်းတခွက်အဖြစ်လည်း ချက်စားနိုင်တယ်။ နို့ပြီး ဘေးဘယာတွေကျော်လွှားစေဖို့ရည်ရွယ်ပြီး သံဃာတော်များကိုလောင်းလှူခြင်းအားဖြင့် ကုသိုလ်လည်းရ ဘေးဘယာဝေးကွာသွားစေတယ်။ ဘယ်လောက်ဟန်ကျလဲ။
ပြောရရင် ဘယာကြော်ဟာသူတတ်စွမ်းသမျှနဲ့ ဖြည့်ဆီးပေးနေလျက်ရှိတာမို့ မြန်မာမှန်ရင် ဘယာကြော်နဲ့ကင်းတဲ့သူ ခပ်ရှားရှားပေါ့။ ကျေးလက်ဒေသမှာတော့ ဘယာကြော်ကိုအဆာပြေစားစရာ နံနက်ခင်းအစားအစာတခုအဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတည်ရှိနေခဲ့တယ်။ နောက်တော့မြို့ကိုရောက်လာပြီးအားလုံးကြိုက်တဲ့တို့ဘယာကြော်အဖြစ်ရောက်သွားခဲ့တယ်။ ဒါပေတဲ့ဗျာ ဘယာကြော်တခု တစ်ရာ(၁၀၀) ဖြစ်နေတော့ နည်းနည်းတွန့်သွားပြီး ပုံမတော်ဘယာကြော်ဟာ တစ်ရာ(၁၀၀) ကျော်သွားရင် ခက်ရချည့်လို့တွေးမိလိုက်သဗျ။

ကျေးလက်တောရွာမှာနေကြတဲ့ ဒွေးကြီးတို့အရီးလေးတို့ဘထွေးကြီးနဲ့ဘထွေးလေးတို့ အခုချိန်မှာဘယာကြော်စားပြီး ဘေးဘယာဝေးကွာကြရဲ့လား မပြောတတ်ပါဘူး။ အဆက်အသွယ်တွေပြတ်နေလို့ စိတ်ပူနေမိတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော့်ချစ်မိတ်ဆွေများအားလုံး ဘယာကြော်စားပြီး ဘေးဘယာတွေဝေးကွာကြစေချင်တာပါပဲ။ ခြွင်းချက်အနေနဲ့ဈေးတက်သွားရင်တော့ ဘယ်တတ်နိုင်မလဲ။ သူ့ဈေးနဲ့သူမျက်စေ့စုံမှိတ် အုပ်ကြရုံပဲပေါ့ဗျာ။ ဒါကြောင့်မို့ ဘယာကြော်ကိုစားကြပါ။ တစ်ခုစားစား နှစ်ခုစားစား အများကြီးပဲစားစားအားပေးပါတယ်။ ဘယာကြော်စားပြီး မိုတီယူကြပါ။ လိုရင်းပြောရရင် ဘယာကြော်တွေစားပြီး ဘေးဘယာတွေ ခုန်ပျံကျော်လွှားသွားနိုင်ရင် အိုကေပေါ့။ 

ဤတွင်ကားလိပ်ချ
ချစ်မိတ်ဆွေအားလုံး ဘယာကြော်စား၍ ဘေးဘယာတွေအားလုံးကို ခုန်ပျံကျော်လွှားပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဗေဒါညို
* စာရေးသူ၏ ဖေ့ဘုတ်‌စာမျက်နှာမှ ကူး‌ယူဖော်ပြပါသည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar