Breaking News

စစ်ကောင်စီက ဗမာပြည်နယ် လက်မခံ၊ ကြားနေတဲ့ လူသားချင်းစာနာမှု၊ နိုင်ကျဉ်းတွေ နယ်ပြောင်းနဲ့ ဒေါ်လာဈေး လကုန်ဆိုကျ



မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၂


စစ်ကောင်စီက ဗမာပြည်နယ် လက်မခံ၊ ကြားနေတဲ့ လူသားချင်းစာနာမှု၊ နိုင်ကျဉ်းတွေ နယ်ပြောင်းနဲ့ ဒေါ်လာဈေး လကုန်ဆိုကျ

စက်တင်ဘာလကုန်မှာ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့ ဆွေးနွေးနေတဲ့ အကြောင်းအရာတချို့ကို သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုကြပါတယ်။

အဓိကအချက်ကတော့ “ဝ” ပြည်နယ်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ အရေးကို စိတ်ဝင်စားကြပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တင်ပြခဲ့တဲ့ အမျိုးသားတန်းတူရေးကို ဖော်ဆောင်နိုင်ဖို့ ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြချက်အပေါ် စစ်ခေါင်းဆောင်က လက်မခံဘူးလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက သံလွင်တိုင်းမ်ကို ပြောပါတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။

လက်ရှိမှာ မြန်မာပြည်တွင်းမှာ လူသားချင်းစာနာထောက်ထားကူညီမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကန့်အသတ်ရှိနေတာကို ထောက်ပြကြတဲ့ အစီရင်ခံစာတွေ သတင်းတွေ ထွက်လာပါတယ်။ 

စစ်ကောင်စီ၏ ထိန်းချုပ်ကန့်သတ်မှုတွေကို မလွန်ဆန်နိုင်တဲ့ နိုင်ငံတကာပရဟိတအဖွဲ့အစည်းတွေက တကယ်လိုအပ်တဲ့ နေရာတွေကို မရောက်ရှိနိုင်ဘူးလို့ ဆိုကြပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေ၊ ကြက်ခြေနီ လခြမ်းနီလို အဖွဲ့အစည်းတွေနဲ့ NGO ပေါင်းများစွာဟာ ဘက်မလိုက်ရဘူးဆိုတဲ့ မူကို ကိုင်စွဲထားကြတယ်။ 

မတရားမှုကို တွန်းလှန်နေရတဲ့သူတွေနဲ့အတူ ရပ်တည်နေတဲ့ ဒေသန္တရ အကူအညီပေးရေးအဖွဲ့တွေ၊ တော်လှန်ရေးနဲ့ ကျွဲကူးရေပါပါလာတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကို အသိအမှတ်ပြုလိုက်ရင်ကိုပဲ နိုင်ငံရေးအရ အန္တရာယ်ရှိသလို ခံယူထားကြတယ်လို့ ဆိုကြပါတယ်။

NUG ဝန်ကြီး ဦးဝင်းမြတ်အေးရဲ့ ရေဒီယိုအင်တာဗျုးအဆိုအရဆိုရင်တော့ - လူသားချင်းစာနာမှု အကူအညီတွေကို ဒေသခံ အဖွဲ့အစည်းတွေ၊ တော်လှန်ရေးကို ထောက်ခံတဲ့ အစုအဖွဲ့တွေကနေ တဆင့် ပြည်သူတွေကို ကူညီနေတယ်လို့ ဆိုပါတယ်။ နောက်တခုကတော့ ERO တော်လှန်သော တိုင်းရင်းသားအဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေတွေမှာ ERO တွေ၏ ဝိုင်းဝန်း ပူးပေါင်းမှုတွေနဲ့ လုပ်ကိုင်ရတယ်လို့ ဖြေခဲ့ပါတယ်။ ဘက်မလိုက်ဘဲ ကြားနေတဲ့ နိုင်ငံတကာအကူအညီပေးအဖွဲ့တွေကတော့ ခုထိ အလုပ်မဖြစ်သေးဘူးဆိုတဲ့ သဘောဖြစ်နေပါတယ်။

သြဂုတ်လမှ စက်တင်ဘာလ ၂၆ ရက်ထိ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၇၉၄ ဦးကို နယ်ထောင်များသို့ ပြောင်းရွှေ့ခဲ့တယ်လို့ နွေဦးနိုင်ငံရေးအကျဥ်းသားများကို ကူညီပေးနေသည့် Eat My Heart အဖွဲ့၏ အချက်အလက်အရ သိရပါတယ်။ စက်တင်ဘာလ ၂၄ ရက် တရက်တည်းမှာပင် အမျိုးသမီး ၅၀ ဦးအပါအဝင် နိုင်ငံရေးအကျဥ်းသားပေါင်း ၂၅၀ ကို သာ ယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့တယ်လို့ BAP သတင်းမှာ ဖော်ပြထားပါတယ်။ 

ဗိုလ်သန်းရွှေ စစ်ခေါင်းဆောင်အဖြစ် အုပ်ချုပ်နေစဉ် ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံကာလအတွင်းမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ရွှေဝါရောင် သံဃာတော်များ၊ ၂၀၀၇ မျိုးဆက်ကျောင်းသားများကို ဖမ်းဆီး အကျဉ်းချထားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားထောင်နဲ့ချီပြီး မိသားစုနဲ့ ဝေးရာ ထောင်များဆီသို့ ပေးပို့ခဲ့ပါတယ်။ အခုချိန်မှာလည်း နိုင်ငံတကာနဲ့ အာဆီယံကတောင်းဆိုချက်ထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးဆိုတာကို စစ်ကောင်စီက ကျောခိုင်းထားတာ ထင်ရှားလာတာ ဖြစ်ပါတယ်။

စက်တင်ဘာလကုန်ပိုင်းတပတ်မှာ မြန်မာကျပ်ငွေဟာ တဒေါ်လာကို ကျပ် ၃၀၀၀ ပေါက်နေရာက ကျပ် ၂၆၀၀ အထိ စျေးကျသွားတယ်လို့ ဆိုကြပါတယ်။ စစ်ကောင်စီက နိုင်ငံခြားငွေနဲ့ တရားဝင်ကျပ်လဲလှယ်တဲ့ သင်္ဘောသားတွေ နိုင်ငံခြားငွေကိုင်ဆောင်သူတွေကို တဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ပြီး လဲလှယ်နေတယ်လို့လည်း သတင်းများက ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒေါ်လာအရောင်းအဝယ်ကို ဖိနှိပ်ထားတာကတကြောင်း၊ လက်ရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးစီးဆင်းမှုများ ကျဆင်းလာတာကတကြောင်း ငွေလှဲနှုန်းတွေ အတက်အကျ မငြိမ်မသက်ဖြစ်နေတယ်လို့ သတင်းများက ခန့်မှန်းပါတယ်။ 

လကုန်ရက် ပြည်ပရောက် မြန်မာတွေက မိသားစုတွေဆီ နိုင်ငံခြားငွေ ပို့နေကျအချိန် ဖြစ်တာမို့လည်း ဒေါ်လာဈေးကျတယ်လို့လည်း ပြောကြပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar