Breaking News

ရာမွန် - နွေဦးတော်လှန်ရေးနှင့် ခေတ်သစ်မြန်မာပြည်

နွေဦးတော်လှန်ရေးနှင့် ခေတ်သစ်မြန်မာပြည်
ရာမွန်
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၂

နွေဦးတော်လှန်ရေးဟာ ခေတ်သစ်မြန်မာပြည်ကိုပုံဖော်နေတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ 

မြန်မာပြည်သမိုင်းမှာ စစ်တပ်ရဲ့ဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ တော်လှန်ရေးတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ၈၈၈၈ တော်လှန်ရေးမှာ နေဝင်းနဲ့ သူ့ရဲ့ မဆလပါတီရဲ့အုပ်ချုပ်ရေးကို လူထုကဖြုတ်ချပစ်နိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းမှု တကျော့ပြန်ခဲ့ပြီး ပြည်သူတွေကတော့ လွတ်လပ်တဲ့ခေတ်ကို မရောက်ခဲ့ကြပါဘူး။ ဒါပေမယ့် အခု ကျနော်တို့ရဲ့နွေဦးတော်လှန်ရေးကတော့ မအလရဲ့ မတရားအာဏာလုစစ်ကောင်စီကို ဖြုတ်ချပစ်ရုံမျှမက လွတ်လပ်တဲ့ခေတ်သစ်မြန်မာပြည်ကို ပုံဖော်နေတဲ့တော်လှန်ရေးလည်း ဖြစ်ပါတယ်။

မတူကွဲပြားမှုတွေကို လက်ခံတဲ့ပြည်သူလူထု

စစ်တပ်ရဲ့အခြေခံဟာ လူမျိုးကြီးဝါဒဖြစ်ပါတယ်။ လူမျိုးကြီးဝါဒဆိုတာ တနည်းပြောရရင် ကိုယ်သာအကောင်းဆုံး အမြတ်ဆုံး၊ ကိုယ်နဲ့မတူသမျှ အညံ့စားဆိုတဲ့ ဝါဒမျိုး ဖြစ်ပါတယ်။ ကိုယ်နဲ့မတူ ကွဲပြားတဲ့အရာတွေကို သဘောမကျတဲ့ ဝါဒဖြစ်ပါတယ်။ စစ်တပ်ဟာ လူမျိုးကြီးဝါဒကိုလက်ကိုင်ပြုပြီး လူများစုကို စည်းရုံးတယ်၊ လူနည်းစုကို ဖိနှိပ်တယ်။ ဒီလိုနည်းနဲ့ ရာစုနှစ်တဝက်ကျော်ကြာပြီဖြစ်တဲ့ အားကောင်းတဲ့ Institution ကို တည် ဆောက်ခဲ့တာ ဖြစ်ပါတယ်။

၂၁ ရာစုလူထုဟာ မတူကွဲပြားမှုတွေကိုလက်ခံပြီး အကျိုးဖြစ်အောင်နေမယ်ဆိုတဲ့လူထုဖြစ်နေပါပြီ။ နွေဦးတော် လှန်ရေးရဲ့ ကနဦးနေ့ရက်တွေကတည်းက လူတွေဟာ စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုနဲ့ ဖိနှိပ်အုပ်ချုပ်မှုကိုဆန့်ကျင်ကြရုံသာမက လူမှုအဖွဲ့အစည်းအတွင်းက လွဲမှားနေတဲ့စံနှုန်းတွေကိုပြောင်းလဲပစ်ဖို့၊ ဘာသာရေးနဲ့လူမျိုးစု လွတ်လပ်ခွင့်တွေ၊ အမျိုးသမီးအခွင့်အရေး၊ Gender အခွင့်အရေး စတာတွေအတွက်ပါ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ မတူကွဲပြားတဲ့ လူမှုအလွှာအသီးသီးဟာ တော်လှန်ရေးမှာ တသားတည်း ပါဝင်ခဲ့ကြတယ်။ တယောက်ကိုတယောက် တဖွဲ့ကိုတဖွဲ့  အရင်ကထက်ပိုပြီး အသိအမှတ်ပြုလာကြတယ်။ စစ်တပ်ရဲ့ ဖိနှိပ်ရေးယန္တယားကို မတူညီတဲ့ဘက်ပေါင်းစုံက ထိုးနှက်ကြတယ်။ ဒါဟာ စစ်တပ်ရဲ့အခြေခံဖြစ်တဲ့ လူမျိုးကြီးဝါဒကို ထိရောက်အောက်တိုက်ခိုက်နိုင်ပြီး နှစ်ပေါင်းများစွာ လူတွေကိုဖိနှိပ်ခဲ့တဲ့စစ်တပ်ရဲ့ institution ကို အရှိုက်ထိအောင် ထိုးလိုက်သလိုပါပဲ။

ညီညွတ်ရေးပုံစံသစ်

နွေဦးတော်လှန်ရေးဟာ မြန်မာပြည်သမိုင်းမှာ နောက်ခံနဲ့ အသွင်မတူညီတဲ့အဖွဲ့၊ အင်အားစုတွေအများဆုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ အရင်က အဖွဲ့အစည်း၊ အင်အားစုတွေကြားမှာ မဟာမိတ်တွေဖွဲ့ကြတဲ့အခါ မူအပေါ်မှာအခြေခံတဲ့ ညီညွတ်ရေးပုံစံနဲ့ ဖွဲ့ခဲ့ကြတယ်။ အခုနွေဦးတော်လှန်ရေးမှာတော့ အဖွဲ့အစည်း၊ အင်အားစုတွေက အလုပ်အပေါ်မှာအခြေခံတဲ့ ညီညွတ်ရေးပုံစံနဲ့ မဟာမိတ်တွေဖွဲ့ကြပါတယ်။ ဒီပုံစံဟာ မြန်မာပြည်အဖွဲ့အစည်းတွေကြားမှာ မကျယ်ပြန့်သေးတဲ့ ညီညွတ်ရေးပုံစံသစ်ဖြစ်ပါတယ်။

မူအပေါ်မှာအခြေခံတဲ့ညီညွတ်ရေးဟာ နိုင်ငံရေးမူဘောင် စစ်ရေးမူဘောင်နဲ့ ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေကိုအခြေခံပြီး တည်ဆောက်ရပါတယ်။ အင်အားကြီးတဲ့အဖွဲ့၊ အင်အားစုတွေကို မှီခိုရတဲ့သဘောသဘာဝလည်း ရှိပါတယ်။ အလုပ်အပေါ်မှာ အခြေခံတဲ့ညီညွတ်ရေးမူကတော့ ရေတိုညီညွတ်ရေး ဖြစ်ပါတယ်။ အင်အားနည်းတဲ့ အဖွဲ့ငယ်တွေကြားမှာ အလုပ်ဖြစ်ရေးကိုအဓိကထားတဲ့ ညီညွတ်ရေးပုံစံပါ။ အလုပ်အပေါ်မှာ အခြေခံတဲ့ညီ ညွတ်ရေးမှာ ဦးဆောင်မှုကို မဟာ မိတ်အဖွဲ့၊ အင်အားစုအားလုံးက ခွဲဝေယူရတယ်။ ဒီခွဲဝေမှုဟာလည်း လှုပ်ရှား မှုအစီအစဉ်ကိုအခြေခံတယ်။ မူအရ ဝါဒအရ အင်အားအရ လွှမ်းမိုးမှုကိုအားမပေးဘူး။ အလုပ်ဖြစ်ရေးသာအဓိကဖြစ်တယ်။

နွေဦးတော်လှန်ရေးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေး၊ စစ်ရေးအရ လိုအပ်တဲ့လှုပ်ရှားမှုတွေဖော်နိုင်အောင် နိုင်ငံရေးဦးဆောင်မှုကို မြေပြင်မှာကျယ်ကျယ်ပြန်ပြန့်ပေးနိုင်ဖို့ လိုအပ်ချက်တွေရှိနေတုန်းပါ။ ဒီအခြေ အနေမှာ မြေပြင်ကအဖွဲ့တွေဟာ သူတို့ရဲ့ ဒေသအပေါ်မှာအခြေပြုတဲ့ အလုပ်အပေါ်မှာအခြေခံတဲ့ ညီညွတ်ရေးကို အချင်းချင်းကြားမှာ တည်ဆောက်ခဲ့ကြပါတယ်။ ဒီပုံစံနဲ့ စစ်တပ်ကိုအထိနာစေမယ့် မဟာမိတ်လှုပ်ရှားမှုတွေကို မတူညီတဲ့အဖွဲ့၊ အင်အားစုတွေ အများကြီးက တိုင်းပြည်အနှံ့မှာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

 ဒီ အလုပ်အပေါ်မှာအခြေခံတဲ့ ညီညွတ်ရေးပုံစံဟာ ခေတ်သစ်မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်အရေးကိစ္စတွေကို ဆွေးနွေးကြတဲ့အခါ ပိုပီး လွတ်လပ်ပွင့်လင်းတဲ့၊ ကိုယ့်ဖြစ်တည်မှုကိုအခြေခံတဲ့ ဆွေးနွေးမှုတွေဖြစ်ဖို့ အခြေခံကောင်းပါပဲ။ 

စစ်တပ်အလွန်ခေတ် မြန်မာပြည်ကို မတူညီတဲ့နောက်ခံနဲ့ လူမျိုးစုတွေ၊ ကွဲပြားတဲ့ ယုံကြည်မှုအယူဝါဒတွေ၊ ပြီးတော့ လူမှုအလွှာအသီးသီးက ပြည်သူတွေ အားလုံးအတွက် လွတ်လပ်ပြီးမျှတတဲ့ နိုင်ငံတခုဖြစ်အောင် တည် ဆောက်ရမှာပါ။ နွေဦးတော်လှန်ရေးမှတဆင့်ကျယ်ပြန့်လာတဲ့ မတူကွဲပြားမှုတွေကို အရင်ကထက်ပိုပီးလက်ခံလာကြတဲ့ ပြည်သူလူထုနဲ့ မတူညီတဲ့အဖွဲ့၊ အင်အားစုတွေကြားက အလုပ်အပေါ်မှာအခြေခံတဲ့ ညီညွတ်ရေးပုံစံသစ်ဟာ ပြည်သူတိုင်းအတွက် လွတ်လပ်ပြီးမျှတတဲ့ ခေတ်သစ်မြန်မာပြည်အတွက်အခြေခံကောင်းတွေပဲ ဖြစ်ပါတယ်။

ရာမွန်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar