မင်းမင်း - လေအန်ကုန်းကို လွမ်းမိသည်
မင်းမင်း - လေအန်ကုန်းကို လွမ်းမိသည်
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၂
ရန်ကုန်မြို့ ၃၈ လမ်းထိပ် စာပေဗိမာန်ရဲ့ ဘေးတနေရာတွင် သက်ရှိ ဘုံဗိမာန်လေးတနေရာ ရှိခဲ့သည်။ သက္ကရာဇ်၂၀၀၀ခု နှစ်အကျော်က ထိုနေရာလေးမှာပင် ကဗျာသမား၊ စာသမားတွေမွေးဖွားသည်။ ထိုနေရာလေးမှာပင် ကဗျာကို ကဗျာလို၊ စာကို စာလို စောကြော စစ်ဆေးကြသည်။ ဇင်မင်းမောင် လက်ဖက်ရည်ဆိုင်တဖြစ်လဲ လေအန်ကုန်းတွင် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ အများစု ထိုင်ကြလေသည်။
များသောအားဖြင့် လေအန်ကုန်းတွင် ထိုင်ကြသည်မှာ စာရေးဆရာ နန္ဒမိုးကြယ်တို့ အုပ်စုပင်ဖြစ်သည်။ တခါတလေ ကာတွန်းဆရာ အောက်တိုဘာအောင်ကြီးကို တွေ့ရသည်။ တစ်ခါ တစ်ခါ ဖိုးလပြည့်၊ ကာတွန်းဆရာ မောင်ကိုယုကို တွေ့ရသည်။ တခါတလေမှာတော့ စာရေးဆရာမ မြမြဝင်းကို တွေ့ရသည်။ တခါတလေမှာ ဝေဖန်ရေးဆရာ ဖြိုးထိန်ကို တွေ့ရသည်။ လေအန်ကုန်းတွင်ထိုင်ကြသည့်အုပ်စုမှာ ခေတ်ပေါ် မော်ဒန်အုပ်စုထက် ဂန္ထဝင်သမားအုပ်စုက များပြားလှသည်။
မနက်ဆို ရုံးချိန် ၉ နာရီဆို လေအန်ကုန်းမှာ လူစုံတက်စုံရှိနေပြီ ဖြစ်သည်။ ဖြာစင်းကျနေတဲ့နေရောင်ခြည်ကို အမှုမထား လက်ဖက်ရည် ခွက်ငယ်လေးတွေကိုယ်စီ အလယ်မှာ ရေနွေကြမ်းတအိုးနဲ့ လေအန်ကုန်းမှာ အလုပ်ဖြစ်နေပြီ ဖြစ်သည်။ ဘယ်နေ့က ကဗျာလေးက ဘယ်လို၊ ဆရာ့စာရဲ့အရေးအသားက ဘယ်ကဲ့သို့ ဘယ်ချမ်းသာနဲ့ လေအန်ကုန်းမှာ စာပေ စကားသံတို့က မြိုင်ဆိုင်လှသည်။ ဂန္ထဝင်သမားတွေ ဖြစ်တော့ ဂန္ထဝင်ဆန်လှသည်။ စာရေးဆရာမများမှာလည်း သပ်သပ်ရပ်ရပ် ဖြီးလိမ်းပြင်ဆင်ထားကြသည်။ စာရေးဆရာများကတော့ လွယ်အိတ်ကြီးတလုံးထဲတွင် စာမူကြမ်းများ၊ စာရွက်အလွတ်များနဲ့ တိုက်ကပေးသော မဂ္ဂဇင်းစာအုပ်တို့က နေရာယူထားကြသည်။
တခါတလေ သူတို့စကားဝိုင်းမှာ နိုင်ငံ့ရေးရာများ ပါသည်။ တခါတလေမှာတော့ စကားဝိုင်းမှာ စာပေအယူဝါဒ သဘောထားများ ပါသည်။ဘေးက ဖြတ်သန်းသွားလာသူများကိုပင် အမှုမထားလောက်အောင် လေအန်ကုန်းရဲ့ ချစ်ရာ စာပေ ဆွေးနွေးမှုများဟာ ကြားရသူအဖို့ပင် ဗဟုသုတရရှိနိုင်ပေသည်။ အားလုံး စကားဝိုင်းဆွေးနွေးပြီးချိန်မှာ စာမူများလည်း ဖလှယ်ကြသည်။ ဆရာ့တိုက်မှာ ဒါလေး အသုံးတည့်ရင် သုံးပါဆိုတာတမျိုး၊ ဒီစာမူလေးကိုတော့ ဖတ်ပေးပါအုံးဗျ ဆိုတာက တဖုံနဲ့ ချစ်စရာ စာပေဓလေ့ကို လေအန်ကုန်းတွင်သာ တွေ့မြင်နိုင်မှာဖြစ်သည်။
ခွေးခြေခုံငယ်များနဲ့ စားပွဲငယ်တဝိုင်းတည်းကို ပတ်လည်ထိုင်ကာ စာသမား၊ ကဗျာသမားတို့ ထိုင်ခဲ့သော လေအန်ကုန်း၊ စုအန်ခဲ့သော လေအန်ကုန်း၊ ယခုတော့လည်း အခါတပါးက ချစ်ရာကောင်းလှတဲ့ ဂန္ထဝင်သမားတို့ မရှိကြတော့ပေ။ တချို့လည်း ဘယ်တော့မှ ပြန်မလာကြတော့။ တချို့လည်း ဂန္ထဝင်မဂ္ဂဇင်းစာအုပ်တို့ ထုတ်ဝေမှု ပျောက်ဆုံးခြင်းတို့နဲ့အတူ မရှုမလှ ပျောက်ကွယ်သွားကြသည်။
ဇင်မင်းမောင် လက်ဖက်ရည်ဆိုင်နေရာ လေအန်ကုန်းနေရာမှာလည်း မိုလ်ဘိုင်းဖုန်းအရောင်းဆိုင်က နေရာယူ ဖွင့်လှစ်နေပြီ ဖြစ်သည်။ လေအန်ကုန်းကို တနေရာ ရွှေ့သေးသည်လို့ ကြားသော်လည်း ထိုနေရာမှာလည်း ပျောက်ဆုံးသွားခဲ့ပြန်ဟု ဆိုသည်။ လေအန်ကုန်းသည် မြန်မာ စာပေကဏ္ဍမှာ ပြန်လည်တူးဖော်ကြည့်မိပါက ဂန္ထဝင်သမားတို့ကို တွေ့မြင်နိုင်သလို ဂန္ထဝင်စာပေတို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်သည်။
လေအန်ကုန်းကို လွမ်းမိသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar