အပြန်အလှန် ဒရုန်းတပ်၊ မတရားစီရင်မှုတွေ နဲ့ ယူကရိန်းမြန်မာ ဘာတွေကွာ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၂
အပြန်အလှန် ဒရုန်းတပ်၊ မတရားစီရင်မှုတွေနဲ့ ယူကရိန်း မြန်မာ ဘာတွေကွာ
စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းကတော့ ဒရုန်းတပ်တွေကို ပစ်ချနိုင်တဲ့ ကာကွယ်ရေးစစ်လက်နက်တွေ အဆင်သင့်ရှိတယ်လို့ ပြောထားပါတယ်။
အောက်တိုဘာလဆန်းပိုင်းမှာကတော့ NUG ၏ ရန်ပုံငွေရှာဖွေပွဲတွေ၊ ပရိုဂျက်သတင်းထုတ်ပြန်ချက်တွေကတော့ PDF ဒရုန်းတပ်တွေ ထူထောင်တာ၊ တိုးချဲ့တာ၊ တပ်ဆင်တာတွေကို အကျယ်တဝင့် ပြောကြပါတယ်။ ရန်ပုံငွေ အမြောက်အမြား စုဆောင်းလက်ခံရရှိတယ်လို့လည်း ပြောကြပါတယ်။ မြန်မာစစ်တပ်က လေကြောင်းပစ်ကူမပါဘဲ လေကြောင်းအကာအကွယ်မပါဘဲ စစ်မချီရဲဘူးလို့ ဆိုနေကြသလို PDF တွေဘက်ကလည်း ဒရုန်းတွေနဲ့ ကင်းထောက်ပြီး တိုက်ခိုက်တာ ထောက်လှမ်းတာတွေ ပိုပြီး ထိထိရောက်ရောက်လုပ်လာနိုင်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ မြေပြင်မှာ ချိန်ကိုက်မိုင်းတွေ ဆွဲမိုင်းတွေ ထောင်ထားပြီး ဝေဟင်ကနေ ဒရုန်းက ပစ်ချတဲ့ ဗုံးသီးတွေရန်ကြောင့် စစ်တပ်ဟာ ကန့်သတ်ခံထားသလို ဖြစ်နေပေမယ့် လက်တုံ့ပြန် မြေလှန်တာ အရပ်သားတွေ သတ်ဖြတ်တာကိုတော့ ဆက်လက်ကျုးလွန်နေဆဲ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ ဗိုလ်မှူးချုပ် အုန်းသွင် (ငြိမ်း) (၇၂-နှစ်) DSA (၁၅)သည် လှိုင် မြို့နယ် (၁၂) ရပ်ကွက် နေအိမ်တွင် Inya Urban Force ၏ ရှင်းလင်းမှုကြောင့် သမက်ဖြစ်သူနှင့်အတူ သေဆုံးခဲ့ရတယ်လို့ သတင်းများ အတည်ပြုအပြီး နောက် ရက်သတ္တပတ်အတွင်းမှာ စစ်အုပ်စုအသိုင်းအဝိုင်းက များစွာ ဂယက်ရိုက်တယ်လို့ ဆိုပါတယ်။ သတင်းပေးများမရှိဘဲ စစ်ကောင်စီစစ်တပ်နဲ့ တဘက် ပြောက်ကျားတွေကိုယ်တိုင်က အခုလို သတ်ဖြတ်လုပ်ကြံမှုကို ထိထိရောက်ရောက် လုပ်ဖို့ ခက်ခဲပါတယ်။ မြို့ပြတွင်းမှာ အပြန်အလှန်သတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန် ပျူစောထီးတွေ အမည်ခံပြီး စစ်ကောင်စီဘက်သားတွေက အရပ်သားတွေကို လက်စားချေသတ်ဖြတ်မှုတွေ တိုးလုပ်လာတယ်လို့လည်း ဆိုကြပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းအရ ရန်ကုန်မြို့ပြင်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တဦးကို သတ်ဖြတ်သွားလို့ဆိုပြီး အဲသည်အရပ်က တိမ်းရှောင်နေတဲ့ နိုင်ငံရေးအကျဉ်းသား၏ မိဘတွေကို ပြူစောထီးတွေက လက်တုံ့ပြန် သတ်ဖြတ်သွားပါတယ်။ သတင်းပေးသူတွေ နှစ်ဖက်စလုံးမှာ ရှိနေပြီးတော့ သူတို့တွေ၏ လက်ထောက်ချမှုတွေနဲ့ တဖက်သတ် မတရားစီရင်တာမျိုးတွေကို လက်နက်မဲ့ မြန်မာပြည်သူတွေ ခံစားနေကြရပါတယ်။
ယူကရိန်းမှာ ရုရှား၏ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများစွာကို ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းအစိုးရက ဖြစ်ပွားနေစဉ်ကာလနဲ့ ဖြစ်ပွားပြီး နယ်မြေရှင်းလင်းစဉ်မှာလည်း မှတ်တမ်းယူ စာရင်းများ ကောက်ယူလျက်ရှိတာကို တွေ့နိုင်ပါတယ်။ ရုရှားစစ်သားတွေနဲ့ သူတို့အထက်အရာရှိတွေ၏ အမည်တွေ အချက်အလက်တွေကိုလည်း ထုတ်ဖော် အမှုစွဲဆိုတာတွေကို စစ်ဥပဒေနဲ့အညီ ဆောင်ရွက်ကြပါတယ်။ ရုရှားဘက်က သတင်းပေးသူတွေ သူလျှိုလုပ်သူတွေကိုလည်း ဖော်ထုတ်ပြီး အမှုစွဲတာ ဖမ်းဆီး တရားရင်ဆိုင်ဖို့ ပြင်ဆင်တာတွေ လုပ်ကြပါတယ်။ မတရားမှု ကျုးလွန်သူတွေအတွက် သက်သေဖျောက်ဖျက်ပစ်လို့ ရတာ မရှိဘူးလို့ သူတို့စနစ်တွေက အာမခံပေးထားတယ်လို့ ဆိုကြပါတယ်။
မြန်မာပြည်တွင်းက စစ်ရာဇဝတ်မှုတွေ မတရားစီရင်တာတွေကတော့ မှတ်တမ်းကောက်ယူဖို့ သိမ်းဆည်းဖို့ သူတို့တွေထက် ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ သို့သော် ကြားကာလအတွင်းမှာ တရားမျှတမှု ဖော်ထုတ်နိုင်ဖို့ မှတ်တမ်းပြုစုဖို့ကို NUG နဲ့ NUCC တို့ဘက် ပြည်သူလူထု လိုက်ပါဆောင်ရွက် သတင်းပို့နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေ ချပြ စည်းရုံးပေးဖို့ လိုအပ်မယ် ထင်ပါတယ်။
ယူကရိန်းက ၂၀၂၂ ဖေဖော်ဝါရီလမှာ ရုရှား၏ ကျုးကျော်စစ်ကို ခံစားရပြီး ယခု စက်တင်ဘာလကုန်မှာ ရုရှားသိမ်းပိုက်မှုကို အတိုင်းအတာ တစုံတရာ တွန်းလှန်နိုင်ပြီ ဖြစ်ပါတယ်။ ယူကရိန်းကို အနောက်အုပ်စုထဲက အီးယူနဲ့ အမေရိကန်က တခဲနက် စစ်လက်နက်ကူညီတဲ့အပြင် ရုရှားကိုလည်း စီးပွားရေးနဲ့ ဘက်ပေါင်းစုံက ပိတ်ဆို့အရေးယူမှုကို အထိရောက်ဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။
အဲသည်ထဲမှာ စစ်လက်နက် ငွေကြေး စားရေရိက္ခာ အကူအညီတွေအပြင် အခြားအရေးပါတာတွေကို ထောက်ပြရရင် အိမ်နီးချင်းနိုင်ငံတွေက ယူကရိန်း စစ်ဘေးရှောင်ပြည်သူတွေကို တခါးဖွင့် ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ သိန်းချီသော ယူကရိန်းတွေကို လက်ခံတဲ့ဆီမှာ လူသားချင်းစာနာမှုကို စည်းလုံးညီညွတ်စွာ ပြသနိုင်မှုက အံ့မခန်းဖြစ်ပါတယ်။
အဲသည်မှာ ယူကရိန်းနဲ့တကွ အိမ်နီးချင်းနိုင်ငံတွေက အသားအရောင်ချင်း တူညီကြတာရယ်၊ ကိုးကွယ်ရာ ဘာသာချင်း ဆင်တူကြတာရယ်ကို အကဲခတ်တွေက ထောက်ပြကြပါတယ်။ ဘာသာခြားတွေ အသားအရောင်မတူသူတွေဆိုရင် ယူကရိန်းတွေ သည်လို အကူရပါ့မလားလို့ မေးခွန်းထုတ်ကြပါတယ်။
နောက်တချက်ကတော့ ယူကရိန်းစစ်သည်တော်တွေက အမေရိကားနဲ့ အချို့အီးယူနိုင်ငံတွေမှာ စစ်သင်တန်းတက် ပညာသင်ခဲ့ကြတဲ့ အစိုးရချင်း ဆောင်ရွက်မှုတွေ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ကြပြီး စစ်ဘက်ပိုင်းဆိုင်ရာ ဆက်ဆံရေးကောင်းမွန်ခဲ့တာကြောင့် ယူကရိန်းစစ်ဆင်ရေးတလျှောက်လုံးမှာ သူတို့ စစ်ရေးဆိုင်ရာ ဘာသာစကားချင်း တူညီကြတယ်၊ လမ်းတွေ ပွင့်နေခဲ့ကြတယ်လို့ ထောက်ပြကြပါတယ်။
ပထဝီနိုင်ငံရေးမှာ ယူကရိန်းက အနောက်အုပ်စုနဲ့ မိတ်ဘက်အသွင်ရှိဖို့ လိုအပ်နေတာကို ယူကရိန်းနိုင်ငံရေးသမားတွေက ကောင်းကောင်းနားလည်ပြီး ပြင်ဆင်အသုံးချနိုင်ခဲ့တယ်၊ အနောက်အုပ်စုကလည်း အသုံးပြုခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ရုရှား လိုလားတဲ့ ယူကရိန်းနိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေကလည်း ရုရှားဘက်က လိုက်ဖို့ အမြဲတမ်း လှုံ့ဆော် ကြိုးပမ်းနေကြတာကို ယူကရိန်း ပြည်သူတွေက သတိအမြဲရှိနေခဲ့ကြတာကြောင့် ရုရှားက ဆင်နွှဲခဲ့တဲ့ fake news တွေ ဝါဒဖြန့်ချိစစ်ပွဲတွေကို သူတို့ ခံနိုင်ရည်ရှိခဲ့ကြတယ်လို့လည်း မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ ယူကရိန်းနဲ့ အမေရိကန်အပါအဝင် အီးယူနိုင်ငံက အစိုးရတွေကိုယ်တိုင်ကတော့ ရုရှား၏ ကျူးကျော်စစ်ကို ရေရှည်ရင်ဆိုင်ရမယ့် စစ်ပွဲအဖြစ် သဘောထားတယ်လို့ သုံးသပ်ရှုမြင်ထားပါတယ်။ ပြည်သူတွေကိုလည်း ရေရှည်ဆင်နွှဲရမယ့် စစ်ပွဲလို့ အမှန်အတိုင်း ထုတ်ဖော် ပြောဆို အသိပေးထားပါတယ်။
ကျူကျော်စစ် စစချင်းမှာ သုံးသပ်သူတွေ ကျွမ်းကျင်သူတွေက ယူကရိန်းအစိုးရက ရုရှားနဲ့ ညှိနှိုင်း စေ့စပ်သင့်တယ်လို့ ဘယ်လို ပြောကြပါစေ - သူတို့ ယူကရိန်းခေါင်းဆောင်က ပြတ်ပြတ်သားသားဘဲ ရုရှားကို တွန်းလှန်ကြမယ်၊ ဘယ်လောက်ကြာရင် ကြာပါစေလို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်အနေနဲ့ကလည်း တော်လှန်ရေးခေါင်းဆောင်တွေဘက်က မြန်မာပြည်သူတွေကို နေ့ချင်းညချင်း အောင်မြင်တော့မယ်ဆိုတဲ့ စကားမျိုးထက် ရေရှည်ကို တောင့်ခံ အားမွေး အရှိန်ယူမယ့် လက်တွေ့ကျတဲ့ စည်းရုံးပြောဆို ခေါင်းဆောင်မှုမျိုး ပေးနေကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar