Breaking News

နှင်းခါးမိုး - ငှက်ဆိုး

ငှက်ဆိုး
နှင်းခါးမိုး
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၂

တရေးနိုး ညသန်းကောင်ထဲ ကြက်သရေမဲ့တဲ့ အသံရှည်ကြီးက တွန့်လိမ်ကြေမွအိပ်ရာပေါ် လူးလွန့်ကျန်ခဲ့။ လှပသံစဉ်ဂီတနဲ့ ရောင်စုံမြူးကြွညပွဲခင်းဟာ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးနဲ့အတူ သွေးအိုင်ထဲတစစီ။ ကျင့်ဝတ်မဲ့တဲ့စစ်ပွဲဟာ လူ့မျိုးနွယ်ရဲ့ယဉ်ကျေးမှုအသွေးအသားတွေကို စပါးကျီထဲထည့်ပြီး အရှင်လတ်လတ်မီးရှို့ပစ်ခဲ့တယ်။ 

မိုးပေါ်ကိုမော့ပြီးကြည့်နေတဲ့မျက်လုံးကလေးထဲမှာ ကူကယ်ရာမဲ့မှုကအထင်းသား။ ဖက်ပေါ်ကထမင်းကိုတောင် ဖြောင့်အောင်မစားနိုင်တဲ့ကလေးတယောက်အတွက်တော့ သူ့ခေါင်းပေါ်ကကောင်းကင်ကြီးဟာ ပါးစပ်ကြီးဖြဲဟထားတဲ့ မကောင်းဆိုးဝါးတကောင်ရဲ့မျက်နှာ။ အစာကိုသုတ်မယ့် လျှာလျားအရှည်ကြီးတွေလို မြေပေါ်ကိုထိုးစိုက်ဆင်းလာတဲ့ အသံနက်ကြီးရဲ့အဆုံးမှာ ဘဝဆိုတာ မသေလို့ကျန်ရစ်ခဲ့တဲ့ မြက်ပင်ကလေးတပင်သာသာမျှ။ 

ကျွဲနှစ်ကောင်တဲ့ လက်သံပြောင်ခဲ့ပုံက။ ကမ္ဘာစစ်ရဲ့အနိဋ္ဌာရုံတွေ၊ ဂျပန်ခေတ်ရဲ့ငရဲပုံပြင်တွေ။ ကိုယ့်အိမ်ခေါင်းမိုးပေါ်တည့်တည့်ကျမှ ဒီစစ်ပွဲမှာ ငါဟာဘယ်ပြောင်းဝရှေ့မှာလဲဆိုတာ သိကြမှာလား။ အခုတော့ အဲဒီကျွဲနှစ်ကောင်ထက်တောင် ရိုင်းစိုင်းတဲ့၊ ဆိုးဝါးတဲ့၊ သွေးဆာတဲ့ ငှက်ရိုင်းတွေ၊ ငှက်မိစ္ဆာတွေ၊ လူသားစားငှက်တွေ။ အနောက်မြောက်လွင်ပြင်ပေါ်မှာ၊ အရှေ့ဘက်ကုန်းမြင့်တောင်ရိုးတွေပေါ်မှာ၊ မြောက်ဘက်တောင်တန်းတွေပေါ်မှာ။ အကိုတွေအမတွေက စာသင်ခန်းကိုပစ် စစ်ထွက်တိုက်နေကြရတဲ့အချိန် မောင်လေးတွေညီမလေးတွေက စာသင်ခန်းထဲမှာ ဗုံးကြဲအသတ်ခံနေကြရတယ်။ 

ပြာလွင်ပြီးအဆုံးမရှိတဲ့မိုးသားကောင်းကင်ဆိုတာ လွတ်လပ်မှုရဲ့ သင်္ကေတပါ။ မြေပြင်ပေါ်မှာ ချစ်ခြင်းမေတ္တာတွေ ပြာကျနေတဲ့အချိန်မှာတော့ ငါတို့ခေါင်းပေါ်မှာရှိနေတာ သားရဲတိရစ္ဆာန်ထူပြောတဲ့ တောနက်ကြီးတခုသာ ဖြစ်ရဲ့။ လုံခြုံမှုဆိုတာ ယုန်တကောင်လို ကိုယ့်တွင်းပေါက်ထဲ ခေါင်းထိုးထည့်ထားရုံနဲ့ ရနိုင်ပါ့မလား။ ငှက်ခတ်ကွင်းတွေ ပိုက်ထောင်တွေ လေးကိုင်းတွေအားလုံး စုရုံးကြ။ မြေပြင်မှာမီးဖိုပြီးစောင့်ကြ။ ငှက်ဆိုးသားဟာ ခါးခဲ့ရင်တောင် မီးကင်တဲ့အခါ မွှေးပျံ့လာပေလိမ့်မယ်။
ကောင်းကင်ဆိုတာ လွတ်မြောက်သူတို့ရဲ့ ပင်လယ်ကမ်းခြေသာဖြစ်ရဲ့။

နှင်းခါးမိုး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar