Breaking News

ကိုသန်းလွင် - ဒီဂျစ်တယ် အာဖရိက


ကိုသန်းလွင် - ဒီဂျစ်တယ် အာဖရိက

(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၂


( ၁ )

ကင်ညာနိုင်ငံ နာရူဘီ(Narobi) မြို့တော်၌ ဒီဂျစ်တယ်ကင်မရာများမှာ လမ်းဆုံလမ်းခွ၊ ရှော့ပင်းစင်တာနှင့် ရုံးများ၊ အဆောက်အအုံများတွင် အစီအရီပေါ်လာကြပါသည်။ ပြည်သူတို့၏ စိတ်တွင်သူတို့လုံခြုံရေးအတွက်ပေါ် လာသည်မှန်သော်လည်း အကျင့်ပျက်သူများ ရှိနေသဖြင့် ကင်မရာများကို တလွဲအသုံးချမှာကို စိုးရိမ်မိကြပါသည်။  အာဖရိက တတိုက်လုံး စောင့်ကြည့်သောကိရိယာများ (Surveillance Device) များ ပျံ့နှံ့သွားပုံမှာ အံ့အားသင့်စရာကောင်းလောက်အောင် မြန်ဆန်လွန်းလှပါသည်။ အာဖရိကမြို့တော်ကြီးများမှာ ကင်မရာများ (CCTV –Closed Circuit Television) ရောက်ရှိနေကြပြီး ၎င်းတို့ကို (AI- Artificial Intelligent) ဆော့ဖဝဲယားများနှင့် ပေါင်းလိုက်သောအခါ မျက်နှာများကို မှတ်မိနိုင်သည့် စွမ်းရည်ရှိလာပါသည်။ ထိုစွမ်းရည်မှာ အကြမ်းဖက်မှုတိုက် ဖျက်ရေးတွင် အသုံးဝင်သကဲ့သို့ ပြည်သူများကို ထိန်းချုပ်ရာတွင်လည်း အသုံးချလာနိုင်ပါသည်။ 

( ၂ )

၂၀၁၉ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံ ကင်ပါလာရဲအဖွဲ့က ဒေါ်လာ ၂၂၀ သန်းတန် စနစ်တစ်ခုကို တရုတ် ဟွာဝေး (Huawei) ကုမ္ပဏီမှ လူသတ်မှုနှင့် ပြန်ပေးဆွဲမှုများတွင်သုံးရန် ဝယ်ခဲ့ပါသည်။ Wall Street Journal က ယူဂန်ဒါ အရာရှိများသည် အတိုက်အခံခေါင်းဆောင် ဘော်ဘီဝိုင်း (Bobi Wine) ၏ ပြင်ပနှင့်ဆက်သွယ်မှုများကို ဆော့ဖဝဲ ယားများကို အသုံးပြု၍ ထိုးဖောက်ခဲ့သည်ဟု သတင်းရေးခဲ့ပါသည်။

အာဖရိက ကောင်စီက ဤကိစ္စကို အာဖရိကတတိုက်လုံး လိုက်နာရမည့်စည်းကမ်းတစ်ခု ချမှတ်ရန် ကြိုးပမ်းခဲ့ပါသည်။ ၂၀၁၉ ခုနှစ်က ချမှတ်ခဲ့သော Convention of Cyber Security and Personal Protection ကို နိုင်ငံ ၅၅ နိုင်ငံအနက်မှ ၁၃ နိုင်ငံက အတည်ပြုပြီးဖြစ်ပါသည်။ ဤကိစ္စ အတည်ဖြစ်စေရန် နိုင်ငံ ၁၅ နိုင်ငံက အတည်ပြုရန် လိုသည်။ နိုင်ငံများစွာတို့တွင် အစားအသောက် လုံခြုံရေး၊ ပဋိပက္ခဖြေရှင်းရေးနှင့် လူတန်းစား မညီ မျှမှုများ ပပျောက်ရေးတို့အတွက် လုံးပန်းရန် ရှိနေသဖြင့် ဤဆိုက်ဘာအရေးမှာ ဦးစားပေးမခံရဘဲ ရှိနေပါသည်။ ဥပမာ ဂါနာကဲ့သို့သော နိုင်ငံတွင် သူတို့၏ သတင်းဖြန့်ချိရေးကိစ္စများကို ဦးစားပေး ဆောင်ရွက်လိုပါသော်လည်း အခြားအရေးကြီးသော ကိစ္စများနောက်တွင် ရောက်လျက်ရှိသည်။

ဥပဒေစိုးမိုးမှု မရှိသည့်နေရာတွင် စောင့်ကြည့်ရေး ကိရိယာများကို သုံးခြင်းမှာ အန္တရာယ်ရှိသည်။ အထူးသဖြင့် လူနေမှု ညီမျှမှုမရှိခြင်း၊ ပြစ်မှုကျူးလွန်မှုများပြားရာအရပ်၊ အသားရောင်ခွဲခြားခြင်း၊ ခြစားခြင်းနှင့် ရဲတို့၏ စောင့်ရှောက်မှုမရှိခြင်း အထူးသဖြင့် (Check and Balance) မရှိသာနေရာတို့မှာ ထိုစောင့်ကြည့်ရေးဆိုင်ရာ ကိရိယာများသည် ပြည်သူလူထုကို ဖိနှိပ်သောအရာများ ဖြစ်လာပါသည်။ အထူးသဖြင့် လူ့အခွင့်အရေးကို ဦးစား ပေးမှု မရှိသောနိုင်ငံများတွင် ဤကဲ့သို့သော ပြဿနာများတက်နိုင်ပါသည်။ ကင်ညာနှင့် အီသီယိုပီးယားနိုင်ငံနှစ် ခုမှာပင် အတွေ့အကြုံများမှာ များပြားလှပါသည်။

ICT-International Communication Techology မှာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်များမှ စတင်၍ ဘီလီယံ ချီ၍ ကုန်ကျသော အင်တာနက်နှင့် မိုဘိုင်းနက်ဝက်ဘ်များပေါ်တွင် မူတည်ပြီး တွင်တွင်ကြီး အသုံးချနေကြပြီ ဖြစ်ပါသည်။ အစိုးရများကလည်း လူတို့၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပညာသင်ကြားရေး၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြသည်။ ဥပမာ အီသီယိုပီးယားရှိ (Woredanet) ပရောဂျက်မှာ နိုင်ငံတွင်း ဒီဂျစ်တယ် ဆက်သွယ်ရေးနှင့် အစိုးရနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများကြား ဆက်သွယ်ရေးတို့ကို တဟုန်ထိုး မြှင့်တင်ခဲ့သည်။ 

အထူးသဖြင့် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုမှာ အစိုးရနှင့် ပုဂ္ဂလိကတို့၏ အိုင်စီတီကဏ္ဍတွင် တဖြည်းဖြည်း တိုးပွားလျက်ရှိသည်။ အစိုးရ၏ ချေးငွေများမှာ ကန့်သတ်ချက်ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ ဥပမာ ၂၀၁၆ ခုနှစ်က ချုပ်ဆိုခဲ့သော အီသီယိုပီးယား တယ်လီကွန်း နှင့် ဇက်တီအီး (ZTE) တို့သည် ဒေသတွင်းတွင် အကြီးဆုံး သဘောတူညီမှုစာချုပ်ကိုတရုတ်ဘဏ် (Chinese Development Bank) ၏ ထောက်ပံ့မှုဖြင့် ချုပ်ဆိုခဲ့ကြသည်။ အီသီယိုပီးယားမြို့တော် ၁၃ မြို့ကို ဖိုင်ဘာအော့တစ် (Fiber Optics) ကေဘယ်များဖြင့် ဆက်သွယ်ရေးအတွက် ချေးငွေ ၁ ဒသမ ၃ ဘီလီယံကို မတည်ခဲ့သည်။ ထို့နောက်ဟွာဝေးကုမ္ပဏီနှင့်လည်း ၂၀၁၁ ခုနှစ်တွင် ဇက်တီအီး နှင့် ပါတနာပြုလုပ်၍ ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိသော ပရောဂျက်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ယခု အကြိမ်တွင် တခြားတရုတ်ဘဏ် အိပ်ဇင် (EXIM) မှ ချေးငွေကို ယူခဲ့သည်။ Sagem ခေါ် ပြင်သစ်ကုမ္ပဏီ ကလည်း တရုတ်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းပြီး ကင်ညာနိုင်ငံ၏ နေရှင်နယ် (Optics Fiber Backbone)  ကျောရိုး အဖြစ် တည်ဆောက်ခဲ့ပါသည်။ ၎င်းက ၂၀၀၉ ခုနှစ်တွင် မြန်နှုန်းမြင့် အင်တာနက်ကို ဖြည့်ဆည်းပေးခဲ့ပါသည်။

စမတ်စီးတီး  မြို့တော် စီမံကိန်းအတွက် ဖိုင်ဘာကေဘယ်၊ ဒီဂျစ်တယ်ကင်မရာနှင့် ဘိုင်အိုမက်ထရစ် ဒီဇိုင်း များနှင့်အတူ စောင့်ကြည့်ရေး အတတ်ပညာမှာလည်း အတူပါလာပါသည်။ ၎င်းတို့ကို အေအိုင်ဆော့ဝဲယားများနှင့် ပူးပေါင်း၍စွမ်းအင်၊ ရေရရှိရေးနှင့် ကားလမ်းကြောင်းထိန်းချုပ်ရေး (Traffic) ဆိုသည့် အရာများမှာ လူတို့၏ ဘဝများအတွင်းသို့ ဝင်ရောက်လာခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် ကင်ညာနိုင်ငံ၏ စမတ်စီးတီးကို (Konza City) ယခင်က နွားခြံများ တည်ရှိရာ မြို့တော်နှင့်ကီလိုမီတာ ၆၀ မျှဝေးသော နေရာမှာ တည်ဆောက်ခဲ့ပါသည်။ ၎င်းတွင် အမျိုးသားရေးစင်တာ၊ အိုင်စီတီ နက်ဝပ် နှင့် လူမှုလုံခြုံရေးဆိုင်ရာ ပရောဂျက်များပါ ဝင်ပါသည်။

၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော လုံခြုံမှုဆိုင်ရာမြို့တော် (Safe City) ပရောဂျက်တွင်မှု (High Definitoin Camera) အလုံး ၁၈၀၀၊ ကားများကို စောင့်ကြည့်သော Traffic Devices ၂၀၀ တို့ဖြင့် မြို့၏ အချက်အချာကျသော နေရာတို့တွင် တပ်ဆင်ခဲ့ပါသည်။ ထိုကိရိယာများမှ ရရှိသော အချက်အလက်များကို ရဲအင်အား ၉ ထောင်ကျော်နှင့် ရဲဌာန ၁၉၅ ခုတို့က စောင့်ကြည့်နေကြပါသည်။ ဤသို့ဆိုသော် စောင့်ကြည့်သော ကိရိယာများနှင့် ပြစ်မှုကျူးလွန်မှု ဆက်စပ်ရန် ခက်ခဲပါသည်။ ကုမ္ပဏီများက ပြောသောအချက်နှင့် အစိုးရအရာရှိများ၏ ထုတ်ဖော်ပြောဆိုချက်များမှာ ကွဲလွဲလျက်ရှိပါသည်။ 

ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များလည်း ဒေတာကောက်ယူရာတွင် အရေးးပါခဲ့ပါသည်။ ၂၀၁၁ တွင် ပြင်သစ်ကုမ္ပဏီတခုကို ငှားရမ်း၍ အိုင်စီတီထဲတွင် ဘိုင်အိုဒေတာထည့်သွင်းခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ပါသည်။ ကင်ညာအစိုးရက အခွန်ငွေကောက်ခံရရှိရေးနှင့် အမျိုးသားလုံခြုံရေးကိစ္စများတွင် တိုးတက်စေရန် ရဲတို့၏ လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ရသည်ဟု ဆိုပါသည်။ ၂၀၁၃ ခုနှစ်တွင် (West Gate Shopping Mall ) တွင် စစ်သွေးကြွများက တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်ရပ်နောက်ပိုင်းတွင် အစိုးရက ဤကိစ္စကို ဦးစားပေး ဆောင်ရွက်ခဲ့သော်လည်း တယ်လီကွန်းကုမ္ပဏီနှင့် ဘဏ်များ မည်သည့်ပုဂ္ဂိုလ်ရေး ဒေတာကို ကောက်ယူရမည်ကို သဘောထားကွဲလွဲနေသဖြင့် နှောင့်နှေးခဲ့ရပြန်သည်။ 

၂၀၁၉ ခုနှစ်တွင် အစိုးရက (Huduma Nanba) ပရောဂျက်ကို ကြေညာခဲ့ပါသည်။ ၎င်းမှာ ကင်ညာနိုင်ငံ တွင် IC ကဒ်ကို အစားထိုးရန် ဖြစ်ပါသည်။ နိုင်ငံသားများအပြင် နိုင်ငံခြားသားများအားလုံး အကျုံးဝင်သော ထိုကဒ် အသစ်တွင် လူတိုင်း၏ ပါတ်စ်ပို့စ်၊ ဒရိုင်ဘာလိုင်စင်၊ Social Security Card၊ အာမခံကဒ်ပြား စသည့် အကြောင်း အရာများကို စုပေါင်း ထည့်သွင်းထားပြီး ၎င်းကို မဲဆန္ဒပေးရာတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်ညာနိုင်ငံသား သန်း ၄၀ မျှ ကဒ် ကိုလုပ်အပြီးတွင် ၂၀၂၀ ခုနှစ်၌  ဤပရောဂျက်မှာ နှောင့်နှေးသွားပြန်သည်။ နိုင်ငံ၏ အမြင့်ဆုံးတရားရုံးက လူတို့၏ ဒေတာများကို ကဒ်အတွင်း ထည့်သွင်းပေးပြီး  ၎င်းတို့၏လုံခြုံရေးကို အကာအကွယ်ပေးသည့်စနစ် မရှိခြင်းကို အကြောင်းပြု၍ ဤကဒ်ထုတ်ပေးခြင်းကို ရပ်နားစေခဲ့သည်။ ကင်ညာနိုင်ငံတွင် ဒေတာကာကွယ်ရေးနှင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံသားများ၏ လုံခြုံမှုကို အကာအကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။ 

Vumacam ခေါ် တောင်အာဖရိကနိုင်ငံ၏ ကုမ္ပဏီမှာ သူတို့နိုင်ငံအတွက် စီစီတီဗွီ ကင်မရာများကို ပြု လုပ်လျက်ရှိရာ ဂျိုဟန်နက်စဘတ် တမြို့ထဲတွင် ကင်မရာအလုံး ၅,၀၀၀ တပ်ဆင်နေသည့် တရုတ်ကုမ္ပဏီ Hi Vision နှင့် ဆွီဒင်ကုမ္ပဏီတို့ကပစ္စည်းပစ္စယများကို ကူညီပေးပြီး ဒိန်းမတ်နိုင်ငံ၏၏ ဆော့ဖဝဲယားကိုသုံးသည်။ 

( ၃ )

တရုတ်ကုမ္ပဏီက ဇင်ဘာဘွေနိုင်ငံကို မျက်နှာကို မှတ်မိနိုင်သည့် စနစ်တခု တပ်ဆင်ပေးနေသည်။  ကုမ္ပဏီ ၏နည်းလမ်းများကို ပိုမိုတိုးတက်လာစေရန် အာဖရိကနိုင်ငံများက စမ်းသပ်ခံ အကူအညီပေးရပါသည်။ ကင်ညာအခြေစိုက် Citizen Lab ကမူ အီသီယိုပီးယားနိုင်ငံ၏ ဒေတာစုဆောင်းရေးဆိုင်ရာ တိုးတက်မှုများ ကို သတိပေးနေသည်။ ၎င်းတို့သည် လက်ကိုင်ကွန်ပျူတာများကို ရည်ရွယ်၍ Key Stroke လက်နှိပ်ရိုက်ချက်များ၊ ဝက်ဆိုက်များ၊ pass words များ သူတို့၏ ကင်မရာနှင့် မိုက်ခရိုဖုန်းတို့ကို အဝေးမှနေ၍ဖွင့်နိုင်အောင်လုပ်သော ဆော့ဖဝဲယားကို ဝယ်ယူခဲ့ရာ ဖွင့်ချသူ စနိုဒင်က (Edward Snowden) အမေရိကန် အစိုးရနှင့် အီသီယိုပီးယား အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုများကို မေးခွန်းထုတ်နေသည်။

ကိုသန်းလွင်

Ref: Africa: Surveillance technologies and personal data By Bulelani Jill, Nature 21 July 2022


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar