တင်တင်ဦး - မြန်မာကဗျာမှာ အသတ်ကာရန်ဆိုတာ ရှိ၊ မရှိ
မြန်မာကဗျာမှာ အသတ်ကာရန်ဆိုတာ ရှိ၊ မရှိ
တင်တင်ဦး
(မိုးမခ) အောက်တိုဘာ ၃ဝ ၂၀၂၂
လွန်ခဲ့သော ၃ နှစ်လောက်က ထင်ပါသည်။ စာရေးသူသည် မိမိ၏ တွေ့ရှိချက်တခုကို စာပေမှာ အထောက်အကူဖြစ်လိမ့်နိုး တင်ပြခဲ့ဖူးပါသည်။ ထိုအကြောင်းအရာမှာ ယနေ့ကဗျာလောကတွင် “အသတ်ကာရန်”၊ “အသံကာရန်”ဟု ခွဲခြားပြောနေကြခြင်းအကြောင်း ဖြစ်ပါသည်။ များသောအားဖြင့် မြန်မာကဗျာလောကတွင် အသတ်ကာရန်ဟုခေါ်ဆိုကြသော ကာရန်များမှာ စာလုံးပေါင်း သတ်ပုံချင်းတူသော်လည်း အသံမတူသော စာလုံးများကို အသတ်ကာရန်ဟု ခေါ်ဆိုကြပါသည်။
ဥပမာ-
စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းသား၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို . . .
တင့်လှပေဟန်၊ ဘက်မရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊
မွတ်မွတ်ညက်ညက်၊ ရွှန်းရွှန်းစက်မျှ . . .
နတ်သျှင်နောင်၏ ဤရတုများတွင် “စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းသား၊
ပြာပြာလတ်လတ်၊ မွတ်မွတ်ညက်ညက်၊ ရွှန်းရွှန်းစက်မျှ . . .”
ဤကာရန်ယူထားပုံ စကားလုံးများသည် အသတ်သာတူပြီးအသံမတူသောကြောင့် အသတ်ကာရန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
စာရေးသူတွေ့ရှိသမျှကိုတင်ပြရလျှင် ဤစာလုံးတို့သည် အသတ်တူသလို အသံလည်းတူသည်ဟု ဆိုချင်ပါသည်။ ဤစာလုံးတို့သည် မူလက အသတ်တူသလို အသံလည်း တူကြပါသည်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုသည်ကို ယခင် ၃ နှစ်လောက်က ရေးခဲ့ဖူးပါသည်။ ထိုဆောင်းပါးကိုဖတ်ပြီး ဆရာမောင်ခင်မင်(ဓနုဖြူ)က စာရေးသူကိုဖုန်းဆက်ပြီး ဤဆောင်းပါးရေးလိုက်သည့်အတွက် ကျေးဇူးတင်ကြောင်းပင် ဖုန်းထဲက ပြောလိုက်ပါသေးသည်။ စာရေးသူကဲ့သို့ အညတြဆောင်းပါးရှင်တယောက်၏ စာကို ဆရာကဲ့သို့ ပညာရှင်တယောက်က အရေးတယူဖတ်ရှုခြင်း၊ ကျေးဇူးတင်ကြောင်းပင် ပြောခဲ့ခြင်းအတွက် စာရေးသူမှ များစွာပီတိဖြစ်ရပါသည်။
တကယ်က ဤသို့အသတ်တူသော်လည်း အသံမတူဟုယူဆနေကြခြင်းမှာ ခေတ်ကာလများစွာရွှေ့လျောလာခဲ့သောကြောင့် အသံတွေပြောင်းသွားခြင်းသာဖြစ်ပါလိမ့်မည်။ ‘ရ’ သံသည် အင်္ဂလိပ် ‘R’ သံဖြစ်ပါသည်။ ‘ယ’(Y)သံမဟုတ်ပါ။ ဟိုးရှေးယခင်ခေတ်က ‘ရ’ ကို ‘R’သံဖြင့်ပင် ပြောခဲ့ကြအသံ ထွက်ခဲ့ကြပုံရပါသည်။ ယနေ့ခေတ်ရခိုင်အသံထွက်အတိုင်းဖြစ်ပါလိမ့်မည်။ ရှေးခေတ်ကို သရုပ်ဖော်ကပြကြသော ဇာတ်ပွဲသဘင်များမှာ ပြည်တည်စဉ် (ပြည်တည်သည်ဆိုသည်မှာ အနာပြည်တည်ခြင်းကိုပြောခြင်းမဟုတ်ပါ။ ဇာတ်ပွဲကမည် ဇာတ်လမ်းစတင်စဉ် ဘယ်တိုင်းဘယ်အရပ်မှာ ဘယ်ရှင်ဘုရင် အုပ်စိုးစဉ်က . . . စသဖြင့် ဇာတ်လမ်းစတင်သည်ကိုပြောခြင်း ဖြစ်ပါသည်)
ထိုသို့ ဇာတ်ပွဲကစဉ် စစချင်း ပြည်တည်စဉ်ဘုရင်အဖြစ် သရုပ်ဆောင်သူက “မင်းကြီးများ”ဟု ခေါ်လိုက်သောအခါ မှူးကြီးမတ်ကြီးအဖြစ် သရုပ်ဆောင်ရသူများက ‘ဘုရား’ဟု (R)သံဖြင့် ပီပီသသ ထူးကြသည်ကို ကြားဖူးကြပါလိမ့်မည်။ နောင်အခါ အသံပြင်းရာမှ အသံပျော့အဖြစ်သို့ ရွတ်ဆိုရခက်ရာမှ လွယ်ကူရာသို့ တစတစ ပြောင်းလဲသွားဟန်တူပါသည်။
အင်္ဂလိပ်တွေက ‘ရန်ကုန်’ကို Rangoon ဟု ရ ကို R နှင့် အသံဖလှယ်ခဲ့သည်ကိုလည်းကောင်း၊ ရခိုင်ကို Arakan ဟု လည်းကောင်း (R) သံနှင့် ဖလှယ်သွားခဲ့ကြသည်ကိုပင် ထောက်ခံရမလို ဖြစ်နေပါသည်။ ရခိုင်၊ အာရက္ခ စသည့်စာလုံးတို့မှာ Y သံမဟုတ် (R) သံဖြစ်သောကြောင့် သူတို့အသံဖလှယ်ပုံမှာ မှန်သည်ဟု ယူဆမိပါသည်။
ခေတ်တွေပြောင်းလာသည်နှင့်အမျှ နဂိုမူလအသံတွေလည်း ပြောင်းလဲသွားကြသည်။ အသံပြင်းမှသည် အသံပျော့သို့ ပြောင်းလဲသွားရသည်။ လူဆိုသည်မှာလည်း ခက်ရာကနေ လွယ်ကူမည့်နည်းလမ်းသို့သာ ပြောင်းလဲသုံးစွဲလာကြသည် မဟုတ်ပါလား။ အင်္ဂလိပ်စာမှာလည်း Colour မှ Color ဟု ပြောင်းလဲရေးလာကြသလိုပါပဲ။ ရှေးခေတ်က ရေအိုးလေးတွေနှင့် ရေတွင်းက သို့မဟုတ် ရေကန်က ရေသွားခပ်ရသည့် ခက်ခဲသောခေတ်ကနေ ရေဘုံဘိုင်က ရေခလုတ်လေးကို ဖွင့်လိုက်သည်နှင့် ရေကျလာသည့်ခေတ်သို့ ပြောင်းလာပြီး ထိုမှ ယခုခေတ်မှာတော့ ရေဘုံဘိုင်ခလုတ်ကိုလှည့်စရာမလို ဘုံဘိုင်ခေါင်းဝတွင် လက်ထိုးခံလိုက်သည်နှင့် ရေကျလာသည့်ခေတ်ကို ပြောင်းလာသည် မဟုတ်ပါလား။ ဟိုးရှေးခေတ်က လန်ဒန်သို့သွားလျှင် သင်္ဘောနှင့် လတွေ၊ ရက်တွေ အကြာကြီးသွားရာကနေ ယခုတော့ လေယာဉ်နှင့် နာရီအနည်းငယ်ကြာရုံနှင့် ရောက်နိုင်သည် မဟုတ်ပါလား။ ဒီတော့ အက္ခရာကို ကိုယ်စားပြုသော အသံတွေလည်း အသံပြင်းကနေ အသံပျော့သို့ ပြောင်းရသည်မှာ ဓမ္မတာဟုပင် မှတ်ယူရပေမည်။
သို့သော် တခုတော့ရှိပါသည်။ အက္ခရာစာလုံးရှိနေခြင်းမှာ သူ့ကိုကိုယ်စားပြုသောအသံရှိနေသောကြောင့်ဆိုတာကိုတော့သိထားရပါလိမ့်မည်။ ထိုသို့အသံအထူးမရှိလျှင် အက္ခရာဆိုတာလည်း ကွဲကွဲပြားပြား ရှိစရာမလိုပါ။
‘ဂ’ငယ်ရှိပါလျက် ‘ဃ’ကြီး ဘာကြောင့်ရှိရသလဲ။ ‘လ’ ရှိပါလျက် ‘ဠ’ ဘာကြောင့်ရှိရပါသလဲဟုမေးလျှင် သူတို့စာလုံးနှစ်လုံးသည် အသံတူသယောင်ရှိသော်လည်း မတူပါ။ ဒါကို ပါဠိကျွမ်းကျင်သောသူများ ရဟန်းသံဃာတော်များသာ ကောင်းစွာသိပါလိမ့်မည်။
‘ဂ’သံသည် အသံပေါ့ဖြစ်ပြီး ‘ဃ’သံသည် ‘ဂဟ’ဟု ခပ်ပြင်းပြင်းအသံထွက်ရသော အသံပြင်း ဖြစ်ပါသည်။ ကမ္မဝါစာဟုခေါ်သော ဆရာတော်များရွတ်ဖတ်ရာတွင် ဤသို့အသံပြင်းများဖြင့် ရွတ်ဆိုကြပါသည်။ ဂဟဟုခွဲပြီး မရွတ်ရပါ။ တဆက်တည်း အားထည့်ပြီး ရွတ်ရပါသည်။ ထို့ကြောင့် ဃ သည် ဂ ၏အသံပြင်း ဖြစ်ပါသည်။
‘လ’ ရှိပါလျက် ‘ဠ’ဘာကြောင့်ရှိရသလဲဆိုလျှင်လည်း ‘လ’ မှာအသံပေါ့ဖြစ်ပြီး ‘ဠ’ မှာ လျှာကိုအာခေါင်တွင်ထောက်ပြီးအသံထွက်ရသော သံပြင်းဖြစ်ပါသည်။ ဒါကို လူကိုယ်တိုင်ရွတ်ဆိုပြမှ ပိုပြီးသိသာထင်ရှားပါလိမ့်မည်။ မြန်မာစာကျွမ်းကျင်သော ပါမောက္ခဆရာကြီးများဖြစ်သောဆရာကြီးဦးထွန်းတင့်၊ ဆရာကြီးဦးမြင့်ကြည်၊ ဆရာဦးစောထွန်း(စာရေးဆရာစောလူ)၊ ဆရာမောင်ခင်မင်၊ ဂုဏ်ထူးဦးသိန်းနိုင်တို့လို ဆရာသမားများသိကြပါသည်။ ဤဆရာကြီးများသာ ရှင်းပြနိုင်ပါသည်။ စာရေးသူမှာကား မိမိတွေ့ရှိထားသည့်အချက်ကိုသာတင်ပြရခြင်း ဖြစ်ပါသည်။
ဒါတွေကိုခေတ္တထား၍ ယခုတင်ပြမည့်အသတ်ကာရန်ဆိုသည်မှာ ရှိ၊ မရှိ ဆိုသည်ကိုတင်ပြလိုပါသည်။ အသတ်ကာရန်၊ အသံကာရန်ဆိုသည်မှာ ယနေ့ခေတ်အခါမှာသာ ခွဲခြားပြောဆိုကြခြင်း ဖြစ်ပါလိမ့်မည်။ တကယ်ကတော့ အသတ်ကာရန်ဆိုသည်မှာ အသံကာရန်ပါပဲ။ အသံတူပါပဲ။
ဥပမာ- လူ့ဘုံလူ့ထွတ်၊ ကြင်သူမတ်ကို၊ မျိုးမြတ်ငယ်ကျွမ်း၊ နောင်ကြောင့်လွမ်း၍။ (အင်းဝ ပထမမင်းခေါင်၏ ကျေးစေရတု)
မင်းလွင်ပျံ့မွှန်း၊ တရွှန်းရွှန်းလျှင်၊ တိမ်ပန်းတိမ်ဦး၊ ရိုက်ကျူးပတ်ယှက် . . .
(အင်းဝခေတ်ရှင် သူရဲရတုမှ)
အုတ်တိလွှား၍၊ တံတားပျဉ်ထပ်၊ သံမှိုကွပ်လျက်၊ စောင့်ကြပ်မြဲဟန် . . .
(အင်းဝခေတ် ရှင်မဟာသီလဝံသ)
ချစ်ပတ်မချန်၊ လုံးလုံးသွန်လျက်၊ ဘုန်းဝှန်ဖြိုးအင်၊ မိသခင်ကြောင့် . . .
(နဝဒေး- ပြည်ဆံတော်ရှင်ဘုရားတိုင်ရတု)
ဤသို့လျှင် အသတ်တူစာလုံးများ ရှေးရတုရကန် ဧချင်းမော်ကွန်းတို့တွင် များစွာတွေ့ရပါလိမ့်မည်။
“ပြာပြာလတ်လတ်၊ မွတ်မွတ်ညက်ညက်”တွင် လတ် နှင့် မွတ် သည် အသံတူပါသည်။ မွတ်၏ အသံသည် ယနေ့ခေတ်လို ‘မို့’ဟူသော အသံမဟုတ်ပါ။ ‘မဝပ်’(ဤသည်မှာလည်း တဆက်တည်း မြန်မြန်ရွတ်ဆိုရသည့်အသံ ဖြစ်ပါသည်) မွတ် (မဝပ်)ဟု အသံထွက်ပါသည်။ ထိုအသံအတိုင်း လတ်နှင့်ကာရန်ယူထားခြင်း ဖြစ်ပါသည်။
လူ့ဘုံလူ့ထွတ်၊ ကြင်သူမတ်ကို . . .
ဤနေရာတွင်လည်း ‘ထွတ်’၏အသံသည် ယနေ့ခေတ် ‘ထို့’ဟူသော အသံထွက်မဟုတ်ဘဲ ‘ထဝပ်’သို့မဟုတ် ‘ထဝပ်’ဆိုသော အသံဖြစ်ပါသည်။ တဆက်တည်း မြန်မြန်ရွတ်ဆိုရပါသည်။
မင်းလွင်ပျံ့မွှန်း၊ တရွှန်းရွှန်းလျှင်၊ တိမ်ပန်းတိမ်ဦး
ဤလင်္ကာပိုဒ်မှာလည်း မွှန်း၊ ရွှန်း တို့သည် မှဝန်း၊ ရှဝန်းဆိုသော အသံများသာ ဖြစ်ပါလိမ့်မည်။ ဒါကို တိမ်ပန်းဆိုသော ပန်း နှင့် အသံတူယူထားခြင်း ဖြစ်ပါသည်။
ဤအသံထွက်များသည် တချို့ဒေသိယစကားသံများတွင် သုံးနေကြသေးသည်။ ရခိုင်လူမျိုးများသည် ‘ရ’ ကို ပီပီသသ အသံထွက်ပြီး ရွှန်းတို့မွှန်းတို့ကိုလည်း စာရေးသူအသံထွက်ပြသည့်အတိုင်း အသံထွက်နေကြဆဲဖြစ်သည်ကို တွေ့ရပါသည်။
ဝေါဟာရ ရင်းမြစ်ကို လေ့လာပါက မူရင်းအသံထွက်အတိုင်း ပြောဆိုအသံထွက်နေကြသော အထက်အညာဒေသ၊ အင်းသား၊ ဓနု၊ ထားဝယ်တို့၏ အသံထွက်များမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။ ရခိုင်ဒေသတွင်ကား ရခိုင်ကျေးလက်ကျလေလေ အသံထွက်များမှာ မူရင်းစာပေမှ စကားသံများကို ကြားရလေဟုပင် ဆိုရပါမည်။ မြို့ပေါ်မှာတော့ အရောအယှက်တွေ များလာသောအခါ နဂိုမူရင်းအသံများ ပျောက်ပျက်သွားရတာတွေလည်း ရှိပါသည်။
မည်သို့ပင်ဆိုစေ ရခိုင်ဒေသသည်ကား ရှေးဟောင်းပေါရာဏ မြန်မာ့ရှေးဟောင်းစကားလုံးများ အသံထွက်များကို ယနေ့ထိတိုင် မပျောက်မပျက် ဆက် လက်ထိန်းသိမ်း သုံးစွဲနေကြဆဲဖြစ်ကြောင်း၊ မြန်မာရှေးကဗျာများ၏အသံထွက်များကိုလေ့လာရင်း သူတို့၏အသံထွက်များနှင့် နှိုင်းယှဉ်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ ဟုတ်သည်မှန်သည်ဟု တထစ်ချမပြောလိုပါ။ မိမိတွေ့ရှိချက်တခုကိုသာ တင်ပြခြင်းဖြစ်ပါသည်။ ဝေဖန်ဆုံးဖြတ်ရန်မှာ ပညာရှိများ၊ တက္က သိုလ်ကပါမောက္ခကြီးများ၊ ဆရာသမားများ၏အလုပ်သာဖြစ်ပါသည်။
တင်တင်ဦး
* ခွင့်ပြုချက်အရ စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar