Breaking News

သေဒဏ် ထောင်ဒဏ် အပြစ်ဒဏ်တွေနဲ့ စည်းရုံးရေးကို မျက်ခြည်မပြတ်


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၃၀ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၂


သေဒဏ် ထောင်ဒဏ် အပြစ်ဒဏ်တွေနဲ့ စည်းရုံးရေးကို မျက်ခြည်မပြတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ်လ်တို့အပါအဝင် အမှုတွဲအဖြစ် တရားစွဲဆိုခံထားရတဲ့ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒု-ဝန်ကြီးဟောင်း)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အားလုံး ၅ ဦးကို နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက ၂၀၂၂ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင် ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်းကြားရတယ်။ 

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၁၉ မှုရှိခဲ့တယ်။ အဲဒီအထဲက ၁၁ မှုအတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် အနှစ်၂၀ ချမှတ်ထားပြီး ဖြစ်တယ်။ 

အခု မစ္စတာရှောင်တာနယ် အမှုတွဲနဲ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ချမှတ်ခံရတဲ့ ထောင်ဒဏ်ဟာ ၂၃ နှစ်အထိရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ် ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အဂတိအမှု ၂ မှု၊ စုစုပေါင်း ရ မှုရင်ဆိုင်ဖို့ကျန်နေသေးကြောင်း သိရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင် နိုင်ငံရေးအင်အားစုတွေကို မြန်မာပြည်အနာဂတ်ကနေ ဖယ်ရှားနိုင်ဖို့ စစ်အုပ်စုက အသည်းအသန်ကြိုးပမ်းနေကြတာ ခုချိန်ထိ အရှိန်လျော့မယ့်ပုံ မရှိသေးပါဘူး။ 

၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးကတည်းက အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်ကို ပိုပြီး တင်းကြပ်လာခဲ့တယ်။ မိုဘိုင်းဖုန်းအသုံးပြုမှုတွေကို မှတ်ပုံတင်ဖို့နဲ့ အခွန်အကောက် အသစ်တွေ တိုးပြီး စည်းကြပ်ဖို့ ကြိုးပမ်းမှုတွေဟာ သာမန်ပြည်သူတွေရဲ့ ဖုန်းနဲ့ အင်တာနက်အသုံးပြုနိုင်မှု လျော့ကျအောင် လုပ်လာပါတယ်။ ဒါ့ အပြင် အင်တာနက်သုံးသူတွေကို စောင့်ကြည့်ထောက်လှမ်းတာတွေ တိုးလာမှာ ဖြစ်တယ်။ NUG နဲ့ PDF တပ်ဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို Like လုပ်တာ၊ အီမိုဂျီနဲ့ ထောက်ခံကြောင်း ပြသတာတွေ လုပ်ရုံနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဆိုတယ်။ ဒါကြောင့်လည်း လွတ်လပ်စွာပြောဆိုခွင့်တွေ တင်းကျပ်လာတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီးက ဆိုလိုက်ပါတယ်။

လက်နက်ကိုင်တိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေ နဲ့ စစ်အုပ်စုက တိုက်ပွဲပြင်းထန်နေချိန်မှာ လက်နက်မဲ့ အာဏာဖီဆန်သူတွေ၊ စစ်အုပ်စုကို ဆန့်ကျင်တဲ့ သဘောထားရှိသူတွေကိုပါ ပိုမိုပစ်မှတ်ထား နှိမ်နှင်းဖို့ကိုပါ စစ်အုပ်စုက အရှိန်မလျှော့တမ်း ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

အဲသည်လို နိုင်ငံရေးမျက်နှာစာမှာ ပြင်းထန်မှုတွေ ရှိနေသလို ပြည်တွင်း ခုခံတော်လှန်စစ်မှာလည်း တဖက်နဲ့ တဖက် တွန်းလှန်မှုတွေဟာ တဆင့်ထက် တဆင့် မြင့်လာပါတယ်။ ဒီဗီဘီသတင်းအရ - စစ်ကောင်စီက အဆင်မြင့် ဒရုန်းပစ်လက်နက်တွေအသုံးပြုပြီး ပစ်ချခဲ့တာကြောင့် ခင်ဦးမြို့နယ်မှာ PDF တွေရဲ့ ဒရုန်း ၁၁ စီး၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၃၇၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ခင်ဦးဒေသခံ ဒရုန်းတပ်ဖွဲ့တွေက စက်တင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ်လဆန်းမှာ NUG က Project DragonFly က စတင်နေပြီလို့ ကြေညာချက်ထွက်ပြီး Project Skywalk နဲ့ ဒရုန်းတပ်ကို ဖွဲ့စည်းတည်ထောင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် Federal Wings ဆိုတဲ့ ဒရုန်းစစ်ဆင်ရေး တပ်ဆင်မှုတွေ လုပ်လာပြီလို့လည်း သတင်းတွေက ဆိုပါတယ်။ local PDF တွေက  NUG ကသာမက မိမိအစီအစဉ်တွေနဲ့  ဒရုန်းလက်နက် တပ်ဆင်မှုတွေ လွန်ခဲ့တဲ့ ၃ လကတည်းက တိုးမြှင့်ခဲ့ကြပါတယ်။ 

စက်တင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီက ဒရုန်းပစ် အဆင့်မြင့်လက်နက်တွေကို ဝယ်ယူနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အရေးကြီးတဲ့နေရာတွေမှာ Anti Drone Gun တွေ တပ်ဆင်နေပြီလို့ စစ်ကောင်စီ ၏ ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားခဲ့ပါတယ်။

စစ်ဆင်ရေးတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ စိတ်ဓာတ်စစ်ဆင်ရေးအရ အပြန်အလှန် ကြုံးဝါးကြတာတွေ ကြိမ်းမောင်းကြတာမျိုးတွေ ရှိပြီး အဲသည်ကနေ လက်တုန့်ပြန် အပြောတင်သာမက လက်တွေ့မှာလည်း ကြိုတင်သတင်းတွေကနေ စစ်ရေးအသာစီးယူဖို့ ကြိုးစားကြတာကို တွေ့နိုင်ပါတယ်။ လက်နက်တွေ အများအပြား တီထွင် ထုတ်လုပ် တပ်ဆင်နိုင်နေပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်နေကြတာ တွေ့နိုင်သလို စစ်တပ်ကိုယ်တိုင်ကလည်း ပြည်ပကနေ စစ်လက်နက်တွေ တိုးချဲ့ဝယ်ယူ တပ်ဆင်နေတာ မြင်ကြရပါတယ်။ စစ်တပ်က သူစစ်သားတွေကို လက်မရွံ့ လူသတ် ငရဲသားတွေလို ဖြစ်အောင် လက်နက်စုံတပ်ဆင်ပြီး လူထုကြားထဲ ခွေးရူးမောင်းချ မည်းမည်းမြင် လိုက်ကိုက်အောင် လုပ်နေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီနေရာမှာ အလှူငွေ ရန်ပုံငွေ တိုးမြှင့်ရရှိရေးနဲ့ စစ်လက်နက်တိုးမြှင့်တတ်ဆင်ရေးကို အဆက်မပြတ်လုပ်နေရင်းနဲ့က လက်တွေ့မြေပြင်မှာ တော်လှန်ရေးရဲဘော်တွေနဲ့ ထပ်တူ စစ်ဘေးဒဏ် ခါးစည်းခံနေရတဲ့ လက်နက်မဲ့ ပြည်သူတွေ တောသူတောင်သား လယ်သမားတွေကို စိတ်ဓာတ်ခံနိုင်ရည် မပြတ်ရှိနေအောင် စိတ်ဓာတ်မကျသွားအောင် အမြဲ စည်းရုံးရေး ဆင်းနေဖို့ လိုအပ်ပါတယ်။

ဒေါ်လှကျော်ဇောက သူ့ဆောင်းပါးမှာ သည်လိုမျိုး မီးမောင်းထိုးပြထားပါတယ်။ … “ သိကြားမင်းကို သူတောင်းစားက စစ်ခင်းရသလို ဖြစ်နေတဲ့ ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူတော်လှန်ရေးသမားများအနေနဲ့ တဖက်ကလည်း ဒီဖောက်ပြန်တဲ့ စစ်တပ် အင်အားစုတွေကို အဓိက စစ်ရေးနဲ့ တုံ့ ပြန်တိုက်ခိုက်နေရသလို တဖက်မှာလည်း ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု အဆက်မပြတ် ရရှိရေးအတွက် တခြားနည်းလမ်းပေါင်းစုံနဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဖို့ လိုပါတယ်။ တနိုင်တပိုင်ကစလို့ တဖြည်းဖြည်း တခွင်တပြင်ဖြစ်လာအောင် လုပ်ရမှာပါ။ တချို့ဒေသလေးတွေမှာ လုပ်နိုင်သလောက် လုပ်ပေးနေတာလေးတွေ (ဒေသခံ ကလေးများ ပညာရေး၊ ကျန်းမာရေး စတာများအပြင် လယ်ယာလုပ်ငန်းများမှာ ဝင်ကူညီနေတာမျိုး) တွေ့ရတာ ကြည်နူးစရာပါ။ လူထုကလည်း ကျေနပ်ပုံရပါတယ်။ …”

တော်လှန်ရေး၏ စစ်ရေး နိုင်ငံရေး အတက်အကျများမှာ အထက်ပါအချက်များကဲ့သို့ ခေါင်းဆောင်များကို ပြင်းထန်တဲ့ ထောင်ဒဏ်များ ချတာ၊ ပြည်သူတွေကိုပါ ရက်စက်သော ပြစ်ဒဏ်များပေးပြီး နင်းချေတာတွေ ၊ အဆမတန်သော လက်နက်အင်အားနဲ့ ပြည်သူတွေအားလုံးကို မြေလှန် ချေမှုန်းတာတွေနဲ့ တော်လှန်သောပြည်သူများ၏ စိတ်ဓာတ်များ ခွန်အားများ ကျဆင်း ရှုံးနိမ့်အောင် စစ်အာဏာရှင်တွေက ကြိုးစားလုပ်ဆောင်နေကြမှာ ဖြစ်ပါတယ်။ မိမိတို့ဘက်ကလည်း ပြည်သူတွေ၏ စိတ်ဓာတ်ခွန်အားများ မကျဆင်း မပဲ့ပါသွားအောင် စည်းရုံးရေးလုပ်ငန်းတွေကို (ငွေရှာ အလှူခံတာတွေအပြင်) လူထုကြားထဲမှာ တသားတည်း ရပ်တည်လုပ်ဆောင်နေဖို့လည်း လိုအပ်ပါတယ်။

ဒီလိုစိတ်ဓာတ်မျိုးနဲ့ ပြည်သူတွေဟာ တော်လှန်ရေး အောင်မြင်သည်အထိ အပင်ပန်း အဆင်းရဲခံပြီး အငတ်ခံ အသေခံပြီး လက်နက်ကိုင်ပီဒီအက်ဖ်တွေကို ထောက်ပံ့ကူညီ အားပေးပြီး ချီတက်နေကြတာကို ခုချိန်မှာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ရေးဟာ သူတို့အတွက် လောကနိဗ္ဗာန် ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar