ပန်ဒိုရာ - အိပ်မပျော်ခြင်း ညအလင်းပန်းချီ
Image Crd- https://en.wikipedia.org/
အိပ်မပျော် ခြင်း ညအလင်းပန်းချီ
ပန်ဒိုရာ
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၂
(၁)
ကျွန်မ၏ လည်ချောင်းဝတွင် ပူလောင်ကာ တစ်ဆို့ဆို့ဖြစ်နေသည်။ အိပ်ရေးမဝသော မျက်လုံးများက ငိုက်မျည်းစင်းကျနေသော်လည်း အိပ်ပျော်မလိုဖြစ်ကာ သတိနှင့်လွတ်သွားသည်နှင့် တပြိုင်နက် မျက်လုံးက ဆတ်ခနဲ ပြန်ပြန်ပွင့်သွားသည်။ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရသည်။ လဲလျောင်းနေသော ကျောအောက်မှ အင်္ကျီစက တွန့်ခေါက်ပြီး ခုခံနေသယောင် ခံစားရတော့ ဆွဲဆန့်ရသည်။ တဖက်ကို ပြောင်းပြီး စောင်းအိပ်တော့ အုံးနေကျခေါင်းအုံးက မြင့်လွန်းသယောင် ခံစားရပြန်သည်။ ထွက်သက်ဝင်သက်ကို သတိထားပြီး မှန်မှန်ရှူကြည့်မှ မိမိဘာသာ ယောင်ယမ်းပြီး မကြာခဏအသက်အောင့်ထားမိ၍ အသက်ရှူမဝသလို မောဟိုက်နေရကြောင်း သိတော့သည်။သည်လိုနှင့် ညသန်းခေါင် ဆယ့်နှစ်နာရီထိုးသည်ကို သိလိုက်သည်။ သည့်နောက် ညတစ်နာရီ၊ နှစ်နာရီ နာရီသံများကို ကြားလိုက်ရပြန်သည်။ ထွေထွေထူးထူး အကြောင်းတစုံတရာမရှိပါဘဲနှင့် မိုးအလင်း အိပ်မပျော်သောညများ ဘယ်နှစ်ရက် ဆက်လာဦးမည်လဲဟုတွေးမိတော့ လည်ချောင်းဝက ပိုပူလောင်လာသည်။
အိပ်မပျော်သောညများသည် ရှည်လျားတတ်သည် တဲ့။ အိပ်မပျော်သောအခါ အတွေးများက လျှင်လျှင်မြန်မြန်လည်ပတ်နေတတ်သည်။ အတွေးများသည် စိတ်ချည်တိုင်မှ ကြိုးရှည်ရှည်တလျှောက်ဆန့်ထွက်သွားလိုက်၊ သတိထားမိတိုင်း ချည်တိုင်ကို ပြန်လာကာ ရစ်ပတ်ချည်နှောင်ခံလိုက်၊ မသိလိုက်စဥ်မှာ လျော့ရဲလွင့်မျောသွားလိုက် ကူးသန်းနေတတ်သည်။ အိပ်မပျော်နိုင်သော ညမျိုးကြုံဖူးသည်မှာ ယခုမှမဟုတ်။ ကလေးဘဝ၊ စိတ်ဖိစီးမှုဆိုသည်ကိုနားမလည်တတ်သည့်အရွယ်ကပင် ရင်ခုန်စိတ်လှုပ်ရှား၍ အိပ်မပျော်သည်မျိုး၊ အပျော်လွန်၍ အိပ်မပျော်သည်မျိုး ကြုံဖူးသည်ပင်။
ပျော်ရွှင်စွာအိပ်မပျော်နိုင်သည့် ကလေးဘဝညများတွင် အစ်မတစ်ဝမ်းကွဲ၏အခန်းတွင်အတူသွားအိပ်စဥ် ပြတင်းတံခါးကဖိတ်စင်ကျလာသော လရောင်အောက်မှာ သီချင်းပေါင်းစုံကို အော်ဆိုကြသော ညီအစ်မတို့၏မေတ္တာဖြင့် ထုံမွှန်းထားသော လရောင်ဆမ်းသည့် သိင်္ဂါရညများပါဝင်ခဲ့သည်။ လူကြီးအားလုံးအိပ်ပျော်တိတ်ဆိတ်နေချိန် လေညင်းတဖြူးဖြူးအောက် လှုပ်ခတ်နေသော ဖယောင်းတိုင်မီးဖြင့် လူရိုင်းများ စွန့်စားခန်းများပါဝင်သော ရွှေဥဒေါင်း၏ ရူပနန္ဒီ ဝတ္ထုကို အသည်းတယားယားရင်တထိတ်ထိတ် ဖတ်ကြသောအခါ ညတို့သည် လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ကြဖူးသည်။
အိပ်ရာဘေးစင်ကလေးပေါ်မှဆေးလုံးကလေးများထံ လက်ကရောက်သည်။ ယခင်က မသောက်ဖူးခဲ့သောဆေးလုံးအမျိုးအစားများ။ အိပ်မပျော်လျှင် တခြမ်းအထိသောက်နိုင်သည် ဟူသော ဆေးလုံးကလေးကို လေးစိတ်စိတ်ထားပါသည်။ ဆေးတစ်စိတ်ဆီ လက်လှမ်းလိုက်ပြီးမှ ပြန်ချထားလိုက်သည်။ညတိုင်း မဖြစ်မနေ အိပ်ပျော်ဖို့ လိုအပ်ပါသလား။ တစ်ညတလေ အိပ်မပျော်တာ ဘာဖြစ်သေးသလဲ ဟု အပြန် အကန် တွေးမိပြန်သည်။
(၂)
အိပ်ပျော်ခြင်းသည် စည်းစိမ်တရပ်ဖြစ်သည်ဟု ဆိုလျှင် မည်သူမှငြင်းချက်ထုတ်နိုင်မည်မထင်။ နှစ်ခြိုက်စွာအိပ်ပျော်နေသောပုံရိပ်တို့ကို ပန်းချီဆရာတို့က အမျိုးမျိုးခြယ်မှုန်းခဲ့ကြသည်။ တနေကုန်တနေခန်း မယ်ဒိုလင်တလက်ဖြင့် လမ်းတကာလှည့်လည်ဖျော်ဖြေနေခဲ့ပုံရသောအိမ် ခြေမဲ့ ဂျစ်ပစီမိန်းကလေးတယောက်သည် ပြင်သစ်ပန်းချီဆရာ ဟင်နရီရူးဆိုး (Henri Rous- seau) ၏ The Sleeping Gypsy ပန်းချီကားချပ်ထဲတွင် နှစ်ခြိုက်စွာအိပ်မောကျနေခဲ့သည်။ ကြယ်ကလေးတပေါက်နှစ်ပေါက် ပက်ဖျန်းထားသော လပြည့်ကောင်းကင် ညိုပြာပြာအောက်ဝယ် မယ်ဒိုလင်နှင့် ရေတကောင်းကို ဘေးမှာချကာ မြေကြီးပေါ်တွင် အိပ်ပျော်နေသောမိန်းမပျို၏ဘေးတွင် မတ်တတ်ရပ်နေသော ခြင်္သေ့တကောင်ကို မြင်ရသည်မှာ surreal ဆန်လှသလို လန့်ထိတ်ရင်ဖိုစရာကောင်းလှသည်။ ခြင်္သေ့သည် မိန်းကလေးကို ကိုက်မျိုစားသောက်ရန် မာန် ဖီဟန်မပေါ်။ ဝင်းဝင်းတောက်နေသောတိရစ္ဆာန်ပီသသည့်မျက်လုံးများဖြင့် မိန်းကလေးကို အနံ့ ခံစူးစမ်းနေပုံသာပေါ်သည်။ ခပ်ဟဟ မြင်နေရသည့် ဇစ်ဆွဲထားသလို သွားဖြူဖြူတန်းများနှင့် မျက်ခွံအောက်ဝယ် မျက်သားဖြူဖြူများ တဝက်တပျက်လက်လက်ပေါ်နေသော မိန်းကလေးသည် အိပ်မက်လှလှထဲအိပ်မောကျနေလေသလား။ အိပ်ပျော်နေသူ မြဲမြဲဆုပ်ကိုင်ထားသည့်လမ်းလျှောက်တုတ်ချောင်းပေါ်တွင် ကော့ထားသော လက်သန်းဖျားကလေးကို နယူးယောက်မြို့ MoMA ပြတိုက်မှ ထိုပန်းချီကားရှေ့ဝယ် မိနစ်အတန်ကြာအောင် ငေးမောကြည့်ရှုခဲ့ဖူးပါ သည်။
အတိုင်းအတာတခုအထိ ပင်ပန်းသော်လည်း ရှင်းလင်းသောစိတ်အားဖြင့် ဖိစီးမှုကို ဖယ်ရှားနိုင်သူတို့သည် အိပ်ပျော်လွယ်တတ်ကြမည်။ ဗင်းဆင့်ဗန်ဂိုး (Vincent van Gogh) ၏ The Siesta (After Millet)ပန်းချီကားတွင် ပူနွေးသော အဝါရောင် ကောက်လှိုင်းများနောက်ခံတွင် အလုပ်နားချိန် တရေးတမော ခဏတဖြုတ်မှေးစက်နေဟန်တူသည့်စုံတွဲသည် ကောင်းကင်၏အအေး ရောင်အပြာရိပ်ဖြင့် အေးချမ်းလျက်။ အိပ်သူတို့နံဘေး စီရရီချထားသော တံစဉ်နှစ်လက်နှင့် ဖိနပ်များအပါအဝင် ပန်းချီဆရာမီလေး (Jean-François Millet) ၏ မူရင်းပန်းချီကား ဖွဲ့စည်းပုံကို အတိအကျယူထားသော်လည်း မီလေး၏နီညိုဝါလွှမ်းသော ပန်းချီကားထက် ဗန်ဂိုး၏ အဝါနှင့်အပြာက အိပ်စက်ခြင်း၏ ခုံမင်စရာကောင်းပုံကို ပို၍ပြက်ပြက်ထင်ထင်မြင်သာစေသည် ဟုထင်မိသည်။
အိပ်စက်ခြင်းနှင့် ပတ်သက်သည့် မြောက်မြားလှစွာသော လက်ရာမွန်ပန်းချီကားများထဲတွင် Flaming June ဟုအမည်ရသည့်ပန်းချီကားထဲမှ လိမ္မော်တောက်တောက် ပိုးသားဝတ်စုံနှင့် မိန်းမလှလေးသည် ကာလအတန်ကြာ ချောင်မှာပုန်းခိုလျက် လူမသိသူမသိအိပ်စက်ခဲ့ရဖူး သည်။ မီးခိုးခေါင်းတိုင်တခုတွင် ဤပန်းချီကားကို ပြန်လည်တွေ့ရှိချိန်တွင် ရောင်းချသူမှာ ပန်းချီကားဘောင်ဖိုးခန့်မျှ စျေးနှုန်းသာ ရရှိခဲ့ဖူးသည်ဟု ဆိုကြသည်။ ဂရိဒဏ္ဍာရီလာ နတ်သမီးများနှင့်တူသော အလွန်လှပသည့်မိန်းကလေးသည် ခွေခေါက်ကာ အိပ်မောကျနေသည်ကို ခြေ ရင်းဘက်မှ မော့ကြည့်ကာမြင်ရသည့်ရှုထောင့်မှ ပန်းချီဆရာဖရက်ဒရစ်ခ်လေတန် (Frederic Leighton) က ရေးဆွဲထားသည်။ ပါးလွှာနုရွသော လိမ္မော်ရောင်ပိုးသားဝတ်စုံအောက်တွင် ပေါ် လွင်နေသည့် ဝါဝင်းသောအသားအရည်နှင့် ခန္ဓာကောက်ကြောင်းသည် အသက်ရှူသံများဖြင့် စည်းချက်ညီညီ မို့မောက်လှုပ်ခတ်နေသည်ဟု ခံစားထင်မြင်လာရလောက်အောင် အသက်ဝင်လွန်းလှသည်။
(၃)
အိပ်သည့်အချိန်တိုင်း အိပ်မက်မက်ချင်မှ မက်မည်ဖြစ်သော်လည်း အိပ်မက်မက်ရန် အခွင့် အရေးမှာ အိပ်ပျော်သူထံတွင်သာ ရှိပါသည်။ လူတို့သည် အိပ်ပျော်သောအခါ REM (Rapid Eye Movement)ဟုခေါ်သော အိပ်ပျော်နေသည့် မျက်ခွံအောက်မှ မျက်လုံးလှုပ်ရှားမှု မြန်ဆန်သည့် အခြေအနေတွင် အိပ်မက်ပိုမက်တတ်ကြသည်ဟု အိပ်စက်ခြင်းဘာသာရပ် ကျွမ်းကျင်သူများက ဆိုကြသည်။ REM အခြေအနေတွင် မက်သောအိပ်မက်ကို လူတို့ကပို ထင်ထင်ရှားရှား သတိရတတ်ကြသတဲ့။ အိပ်မက်ထဲတွင် ဖြစ်ချင်ရာဖြစ်နိုင်သည်။ မနိုးမချင်း အိပ်မက်ဆက်နိုင် သည်။ Inception ရုပ်ရှင်ထဲတွင် အိပ်မက်ထဲမှ အချိန်ကာလက အပြင်ဘက်မှ အမှန်တကယ် ကာလထက် ပိုမြန်ဆန်တတ်ကြောင်း အချိန်များများပိုရကြောင်းကို ပိပိရိရိပြသထားပုံကို သဘောကျခဲ့ရသည်။
အိပ်ပျော် ခြင်းနှင့် နိုးထခြင်းတို့၏ကြားကာလ မသိစိတ်သည် ဖန်တီးခြင်းကို အများဆုံး လှုံ့ ဆော်စေသည်ဟု Surreal ပန်းချီဆရာ ဒါလီ (Salvador Dali) က ယုံကြည်သည်။ အိပ်မက်မက်ခြင်း၏အတိုင်းအဆမဲ့ စိတ်ကူးဖြန့်ကျက်ဖန်တီးနိုင်ခွင့်ကို ဒါလီက သူ့ပန်းချီကား အများအပြားတွင် သေသေချာချာ အသုံးချပြသခဲ့သည်။ ဒါလီ၏ Dream Caused by the Flight of a Bee Around a Pomegranate a Second Before Awakeningပန်းချီကားထဲတွင် ပင်လယ်ရှုခင်းနောက်ခံဝယ် အဝတ်မဲ့ခန္ဓာဖြင့် လဲလျောင်းအိပ်ပျော်နေသော မိန်းမပျို၏အနီးတွင် လေပေါ်မျောလွင့်နေသလို ရေစက်ရေပေါက်နှစ်ခု၊ ထို့နောက် သလဲသီးတစ်လုံးအနီး ပျံဝဲနေသော ပျားတကောင် ကို ပန်းချီကြည့်ရှုသူတို့ တွေးတောစရာဖြစ်အောင် ရေးဆွဲထားသည်။ ပန်းချီကား၏အထက်ပိုင်းတွင် ပွင့်အံကျနေသည့် နောက်ထပ် သလဲသီးကြီးတလုံး၊ ပါးစပ်ကို အကျယ်ကြီးဖွင့်ဟကာ တဟုန်ထိုးဟပ်နေသည့် ငါးတကောင်ထဲမှ ခုန်ထွက်နေသည့် ကျားနှစ်ကောင်က အိပ်ပျော်နေသည့်မိန်းကလေးကို ခုန်အုပ်နေဟန်တူသည်။ ထို့နောက် မိန်းကလေးကို နိုးထလောက်အောင် ထိတွေ့ပစ်ခတ်လုနီးပါး ပြောင်းရှည်သေနတ်တလက်။ ခပ်လှမ်းလှမ်းနောက်ခံတွင်တော့ ခြေထောက်အလွန်ရှည်လျားသည့် ဆင်တစ်ကောင်ကို မြင်နိုင်သည်။ ဒါလီသည် ပညာရှင်ဆစ်ဂ်မန်ဒ်ဖရွိုက်ဒ်(Sigmund Freud) ၏ အိပ်မက်ဆိုင်ရာသီအိုရီများကို ပန်းချီဖြင့် ပြသရန်အားထုတ်ခဲ့သည်ဟု သုံးသပ်သူတချို့က ဆိုကြသည်။
အိပ်မက်တို့သည် နိုးနေစဉ်ကာလမှ အတွေ့အကြုံများ၊ ခံစားချက်များ၊ စိတ်ကူးအကြံအစည်များ၊ ပူပန်စိုးရိမ်မှုများ နှင့် ဆက်စပ်နေသည်ဆိုပါလျှင် လူ့ဘ၀၏ မလိုချင်သော အပိုင်းများမှာလည်း အိပ်မက်ထဲတွင် မလွှဲရှောင်သာ ပုံရိပ်ထင်လာတတ်ပြန်သည်။ အိပ်မက်ဆိုးဖြင့် ချွေးစေးပြန်ကာ နိုးထလာရသော ညများကို လူအတော်များများ ကြုံဖူးကြမည်။ အိပ်မက်ဆိုးများနှင့်ပတ်သက်သော နာမည်ကျော် ပန်းချီကားများထဲတွင် ဆွစ်လူမျိုးပန်းချီဆရာဟင်နရီဖျူစလီ (Henry Fuseli) ရေးဆွဲခဲ့သည့် The Nightmare သည် ကြောက်စရာအကောင်းဆုံး ဖြစ်နိုင် သည်။ ခြေပစ်လက်ပစ် အိပ်ပျော်နေသော မိန်းကလေးတဦး၏ ဗိုက်ပေါ်တွင် မကောင်းဆိုးဝါးတကောင်က ဆောင့်ကြောင့်ထိုင်နေသည်။ Incubus ဟုအမည်ရသော ထိုမကောင်းဆိုးဝါးသည်အိပ်ပျော်နေသော မိန်းကလေးများထံလာကာလိင်သာယာမှုရှာတတ်သော နာနာဘာဝတမျိုးဟု ရှေးရိုးစဉ်လာ အယူအဆများတွင် ရှိသည်တဲ့။ ပန်းချီကားနောက်ခံတွင် မျက်ဆံဖြူဖြူဖြင့် မြင်းနက်တစ်ကောင်၏ ဦးခေါင်းကိုလည်း တွေ့ရသည်။ အကူအကယ်မဲ့ မိန်းကလေးသည် မည်မျှဆိုးဝါးသော အိပ်မက်၏ ခြောက်လှန့်ခြင်းကို ခံနေရသည်ကို အတူလိုက်ပါ ခံစားနိုင်သော နိမိတ်ရုပ်ပုံများဖြစ်သည်။
(၄)
အိပ်မပျော်ခြင်းနှင့် အိပ်မက်ဆိုးမက်ခြင်း။ ထိုနှစ်ခုအနက် မည်သည့်အရာကိုရွေးချယ်မည်နည်းဟု ကျွန်မကိုမေးလာလျှင် ဖြေရတော်တော်ခက်ပါမည်။ အိပ်မက်ဆိုးမက်မှာ ကြောက်၍ အိပ်မပျော်ရဲသောအခြေအနေကိုလည်း တချို့ကြုံဖူးကြပါမည်။ သို့သော် ဖိစီးမှုကြောင့် အိပ်မပျော်ခြင်းကိုယ်၌ကလည်း ငရဲငယ်တမျိုးပင်။The Scream ပန်းချီကားဖြင့် လူသိများသူနော်ဝေပန်း ချီဆရာ အက်ဒ်ဝတ်ဒ် မွန့်ခ် (Edvard Munch)က သောကများဖိစီးပြီး အိပ်မပျော်သူ၏ ရုပ်ပုံလွှာကို သူ၏ ကိုယ်တိုင်ရေးပုံတူတစ်ချပ်ဖြင့်လည်း သရုပ်ဖော်ခဲ့ဖူးသည်။ Sleepless Night – self portrait in inner turmoil ပန်းချီကားထဲတွင် အနောက်တိုင်းဝတ်စုံအနက်ရောင်နှင့် ရှပ် အင်္ကျီဖြူကိုဝတ်ဆင်ထားသော အမျိုးသားသည် အခန်းလယ်တွင် ခြေနှစ်ချောင်းကိုခွဲကာ ကားကားရပ်နေသည်။ ခွဲထားသောခြေနှစ်ချောင်းက ဆုံးဖြတ်ချက်မချနိုင်ခြင်းကို ဖော်ညွှန်းသည်ဟု အပြုအမူကိုယ်နေဟန်ထားအကဲခတ်ကျွမ်းကျင်သူတို့က ခန့်မှန်းကြသည်။ အမျိုးသား၏ လက်နှစ်ဘက်သည် အင်္ကျီကိုကိုင်သလိုလို နက်ကတိုင်လည်စည်းကို တပ်တော့မလိုလို တဝက်တပျက်ဟန်ပြင်နေသည့် အနေအထားဖြစ်သည်။ ကပိုကရိုနဖူးဆံစများအောက်ဝယ် စိုက်ကျနေသောမျက်လုံးများနှင့် အလေးအနက်စဉ်းစားနေသည့် မျက်နှာထားကို မြင်ရသည်မှာ လတ် တလောအတွေးကြောင့် သူ့လက်မှလုပ်တော့မည့်လုပ်ဆောင်ချက်တခုခုကို ခဏရပ်တန့်သွားစေသယောင် ထင်စေသည်။
ကုန်လွန်ခဲ့သော အတိတ်ဝယ်လင်းပွင့်သော ပြင်ပဝန်းကျင်နောက်ခံတွင် ဖိစီးတင်းကျပ်မှုများကို နားကိုပိတ် ပါးစပ်ကိုဟ၍ ကျယ်လောင်စွာ ဖွင့်အံအော်ဟစ်နိုင်ခဲ့သောသို့တည်းမဟုတ် သဘာဝမှ ပွင့်ထွက်လာသော အာခေါင်ခြစ်အော်သံကို အာရုံခံစားခဲ့ရသော မွန့်ခ်သည် နောက်ပိုင်းကာလများမှ ရေးဆွဲခဲ့သော ဤပန်းချီကားတွင်မူ အိပ်မပျော်သောည၏ မိမိကိုယ်ပိုင်အိမ်ခန်းအတွင်းမသေမသပ်အဝတ်ပုံများကြား မီးရောင်နီနီအောက်တွင် တင်းတင်းစေ့သောနှုတ်ခမ်းများဖြင့် မထွေးနိုင်မအန်နိုင် မွန်းကျပ်နေခဲ့ပုံပေါ်သည်။
(၅)
နာရီထိုးသံ လေးချက်ကို ကြားလိုက်ရသည်။ ကျွန်မသည် ဆေးလုံးကလေးများကို လှမ်းယူလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ ပြတင်းပေါက်ရှိရာသို့ လျှောက်သွားပြီး ပြတင်းတံခါးကို အသာလှပ်ကာ ဆေးလုံးကလေးများကို မှောင်မိုက်နေသည့် ကောင်းကင်ဆီမှန်းကာ ဖြန့်ကျဲပစ်လွှင့်လိုက်ပါသည်။
ဆေးလုံးဝါကျင်ကျင်လေးများက ကောင်းကင်တွင် တစ်လုံး နှစ်လုံး သုံးလေးလုံး။ ဆေးလုံးကလေးများက စိန်လုံးကလေးများကဲ့သို့ ပြောင်လက်တောက်ပကာ ကောင်းကင်ရင်ခွင်သို့ ပြေးကပ်သည်။ တစ်လုံးနှင့်တစ်လုံးကြား အဖြူရောင် အဝါရောင် အလင်းတန်းတိုစိတ်စိတ်ကလေးများက အပြာရင့်ရောင်ည၏ နောက်ခံဝယ်တွန့်လိပ်ဆက်နွယ်လာကာ လှိုင်းကလေးများသဖွယ် တိုးဝှေ့ ဝေ့ဝိုက်လာသည်။ ဒါဟာ ကြယ်ကလေးတွေပဲ။ ဒါဟာ လခြမ်းကွေးကွေးလေးပဲ။ ကြယ်လှိုင်းများ စုံလင်နေသည့် ကောင်းကင်ပင်လယ်အောက်ဝယ် လဲလျောင်းအိပ်ပျော်နေသည့် တောင်တန်းများနှင့် နေအိမ်တိုက်တာများကြား ကွေးကွေးညွတ်ညွတ် ထိုးထွက်ကာ မတ်တပ်ရပ်နေသည့်သစ်ပင်ညွန့်ဖူးကလေးသည် ကျွန်မဖြစ်သည်။ သေချာသည်။ ဒါဟာ ဗန်ဂိုး၏ ကြယ်တွေစုံသောညThe Starry Night ပန်းချီကား ဖြစ်သည်။
ကြယ်စုံသောညကိုမြင်နိုင်ဖို့ အိပ်မပျော်ရန်လိုအပ်သည်။ ဗန်ဂိုးသည် အိပ်မပျော်သော ညတညတွင် ပြောစမှတ်တွင်ကျန်ရစ်မည့် ထိုဂန္ထဝင်ပန်းချီကား တစ်ကားကို ရေးခဲ့တာပဲ ဖြစ်ရမည်။ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းတွေ၊ လှပသော အိပ်မက်တွေ ၊ ခြောက်လှန့်သော အိပ်မက်ဆိုးတွေ၊ သောကတွေ၊ ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ မဆုံးနိုင်သော စိတ်ကူးယဉ်မှုတွေ ကို ကောင်း ကင်နောက်သို့တွန်းရွှေ့လိုက်ရင်း အိပ်မပျော်နိုင်သူကျွန်မသည် ကြယ်တွေစုံသောညကို ရေးလိုက်သည်။
ပန်ဒိုရာ
၁၃.၁၀.၂၀၂၂
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar