တရားဥပဒေ မစိုးမိုးတော့တဲ့ မြို့နဲ့ တောနယ်တွေက သတ်ဖြတ်မှုတွေ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၃ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၂
တရားဥပဒေ မစိုးမိုးတော့တဲ့ မြို့နဲ့ တောနယ်တွေက သတ်ဖြတ်မှုတွေ
ဒီနေ့ ည သတင်းဖတ်လိုက်တဲ့အချိန်မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ စက်ဘီးနဲ့ ဒီလစ်ဗာရီ ပစ္စည်းပို့တဲ့ လူငယ်တယောက်ကို လူ ၃ ဦးက ဓားနဲ့ထိုးသတ်ပြီး ဖုန်းနဲ့ ပိုက်ဆံယူဆောင်သွားတဲ့ သတင်းဖြစ်ပါတယ်။ နောက်သတင်းတပုဒ်ကတော့ ပြင်ဦးလွင်မြို့မှာ နံနက်စောစော နေအိမ်ကို သူခိုးဝင်ရောက်ခိုးယူစဥ် အိမ်ရှင်မိသားစု နိုးပြီး အိမ်ရှင်အမျိုးသမီး အသတ်ခံရကာ သားနဲ့ သမီးဖြစ်သူလည်း ဖမ်းဆီးဖို့ ကြိုးစားတာ၊ ခုခံဖို့ ကြိုးစားရာက ဒဏ်ရာရခဲ့တဲ့ သတင်းဖြစ်ပါတယ်။
တချို့သောနယ်မြို့တွေ နဲ့ ကျေးရွာတွေမှာ လုံခြုံရေး အခြေအနေ တရားဥပဒေစိုးမိုးမှုအခြေအနေ တဖြည်းဖြည်းဆိုးရွားလာနေပြီး လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီ တပ်တွေက တိုက်ခိုက်မှု မီးရှို့မှု ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေကို စိုးရိမ်လို့ အသက်အန္တရာယ်မကျရောက်အောင် နေအိမ်တွေကနေ စွန့်ခွာတိမ်းရှောင်နေကြချိန်မှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေယူဆောင်တာ၊ ရိက္ခာတွေ ဖျက်ဆီးတာတွေ ရှိနေသလိုပဲ၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတာကြောင့် ရာဇဝတ်မှု ကျူးလွန်မှုတွေ အများအပြားရှိနေပြီ ဖြစ်ပါတယ်။
လူ့အသက်ဟာ အရေးကြီးဆုံးလို့ ဆိုကြသော်လည်း အသက်မသေဘဲ ကျန်ရစ်သူတွေမှာ စားဖို့ နေဖို့ ဝတ်ဖို့ ဘာမှမကျန်ရှိတော့တဲ့ ဘဝမျိုးမှာလည်း အသက်သေဆုံးရသလိုပဲ ဒုက္ခတွေကြားထဲ ကျန်ရစ်ရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ မကွေးတိုင်း မြောက်ပိုင်းမှာ၊ ကယားပြည်နယ်မှာ၊ ကရင်ပြည်နယ်မှာ အခုလို စစ်ပွဲတွေကြောင့် အသက်ဆုံးရှုံး ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေကြရသလို ရန်ကုန် အပါအဝင် အခြားသော မြို့တွေမှာလည်း တရားဥပဒေစိုးမိုးမှု ပျက်ပြားလာတာကို နေ့စဥ် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
မကြာသေးခင်က မုံရွာမြို့က ရာဇဝတ်မှုဂိုဏ်းတဂိုဏ်းအကြောင်း အဲဒီဂိုဏ်းမှာ ခြံစောင့်နဲ့ ကားမောင်းသူအဖြစ် လုပ်ဆောင်ခဲ့သူ ၂ ဦးကို PDF အဖွဲ့တဖွဲ့က ဖမ်းဆီးလိုက်ပြီး သူတို့ကို အင်တာဗျူးထားတဲ့ ရုပ်သံဖိုင်တဖိုင် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ မုံရွာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖုန်းဆိုင် ဓားပြတိုက်မှု၊ ဂိမ်းကစားတဲ့ ဆိုင်တွေကို ဓားပြတိုက်ခဲ့တဲ့ အမှုတွေကို ၎င်းတို့ ပါဝင်ခဲ့တဲ့ ဂိုဏ်းက ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာကို ဖြေကြားထားတာ ဖြစ်ပါတယ်။
အဲဒီဂိုဏ်းက မုံရွာမြို့ ရဲ့ ရပ်ကွက်တခုမှာ နေထိုင်ကြတာဖြစ်ပြီး တိုင်းရဲနဲ့ ဆက်ဆံရေးရှိကြတဲ့သဘောမျိုး လည်း ဖြေကြားထားတာဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ရဲတွေက တရားဥပဒေစိုးမိုးရေးကို မလုပ်ကြတော့တဲ့အပြင် တရားဥပဒေမဲ့ လုယက်၊ ဓါးပြတိုက်နေတဲ့အမှုအခင်း အများစုကိုလည်း မျက်နှာလွှဲထား အကောက်အစား ရယူထားတဲ့ သဘောမျိုးလို့ ယူဆစရာ ရှိပါတယ်။
နိုင်ငံရေး ဆန့်ကျင်သူတွေကို ရဲတွေက စစ်ကောင်စီတပ်နဲ့ တွဲဖက်ကာ ဖမ်းဆီးတာတွေ စစ်ဆေးတာတွေ နှိပ်စက်တာတွေ လုပ်ဆောင်ကြတာကြောင့် ရဲတွေကိုလည်း PDF အဖွဲ့တွေအနေနဲ့ လုပ်ကြံသတ်ဖြတ်တာတွေ၊ ရဲစခန်း ဗုံးခွဲတာတွေ၊ ရဲကင်းတွေကို ပစ်ခတ်တာတွေ လုပ်ဆောင်နေကြပြီးနောက် ရဲတွေက တရားဥပဒေစိုးမိုးရေးကို မလုပ်ဆောင်တော့ပဲ အထက်က အခြေအနေမျိုး ဖြစ်အောင် လျစ်လျူရှု ခွင့်ပြုထားတာလို့ ဆိုနိုင်ပါတယ်။
ခိုးယူဖောက်ထွင်းမှုတွေ ညဘက်မှာ နေရာတိုင်းလိုလို ဖြစ်ပွားနေတာကြောင့် ရန်ကုန်မြို့ရဲ့ မြို့နယ် တချို့ ရပ်ကွက်တချို့မှာ မိမိတို့ ရပ်ကွက်က တအိမ် တယောက် အလှည့်ကျ ကင်းစောင့်ဖို့ ပြန်လည်ဆော်သြနေကြပြီဖြစ်ပါတယ်။ ရပ်ကွက်တွေထဲ လှေကား သော့ဖျက်ပြီး စက်ဘီး၊ ရေမော်တာ ခိုးယူတာတွေက ဖြစ်နေကျ အဖြစ်အပျက်တွေလို ဖြစ်လာနေပြီး၊ အိမ်ထဲ ဝင်ရောက် ခိုးယူတာ အိမ်ရှင် သိရှိသွားတဲ့အခါမှာ သတ်ဖြတ်တာမျိုးတွေလည်း နေ့စဥ်လိုလို ဖြစ်ပွားနေတာကြောင့် အခုလို ရပ်ကွက်တချို့မှာ မိမိတို့ဘာသာ ကင်းစောင့်ကြဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
တဖက်နဲ့တဖက် စစ်ဖြစ်ပွားနေချိန် စစ်ရေးအရ နေရာယူထားတဲ့ နယ်မြေတွေက အုပ်ချုပ်ရေးအာဏာ ဆုတ်ခွာသွားချိန်မှာ လူဆိုးတွေ ဓားပြတွေက လက်နက်နဲ့ ဓားပြတိုက် လူသတ် လုယက်ကြတဲ့ အဖြစ်အပျက်တွေ ဒုတိယကမ္ဘာစစ်မီး ကူးစက်ချိန်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ အဲဒီလိုကာလမှာ ခေတ်စမ်းစာရေးဆရာ သိပ္ပံမောင်ဝကို ဓားပြတွေ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
အခုအခြေအနေက ပြည်တွင်းစစ်လို့ဆိုရမယ့် လက်နက်ကိုင် ပဋိပက္ခက ကျေးရွာတွေမှာ ပုံစံတမျိုးနဲ့ မြို့ပေါ်တွေမှာ မတူတဲ့ပုံစံနဲ့ ဖြစ်ပွားနေပြီး တရားဥပဒေ မစိုးမိုးတော့တဲ့ အခြေအနေမျိုး ဖြစ်လာနေတာပါ။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ပီပီပြင်ပြင် ဆုတ်ခွာသွားတာမျိုး မရှိသေးတဲ့ ဒေသတွေမှာ ဘယ်လို တရားဥပဒေစိုးမိုးရေးကို ထိန်းကြမလဲဆိုတာ အရေးပါတဲ့ မေးခွန်းတခုလည်း ဖြစ်နေပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေသာ တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံရေး အဖွဲ့အစည်းတွေအနေနဲ့ လည်း အခုလို တရားဥပဒေစိုးမိုးရေး ကိစ္စရပ်မှာ ဦးဆောင်နှိုးဆော်ကြဖို့ လိုအပ်ပါလိမ့်မယ်။ လူထုက လက်ချည်းသက်သက်နဲ့ တဦးချင်း တဦးချင်း မိမိအိမ်မိမိ ကာကွယ်ဖို့ ကြိုးစားနေကြတာထက်ကို လူထုကို နိုင်ငံရေးအရ ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတွေက နည်းလမ်းနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ ချမှတ်ပေးဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။
ဒီလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့အခြေအနေက လနဲ့မက နှစ်နဲ့ချီကြာမြင့်လာတဲ့အခါမှာ လူထုထဲက အချို့က စစ်အာဏာရှင်ဆန့်ကျင်မှု တော်လှန်ရေးဆိုတာကို စိတ်ပျက်ကောင်း စိတ်ပျက်လာနိုင်တဲ့ အနေအထားမျိုးလည်း တွေးဆသင့်ပါတယ်။
နိုင်ငံရေးအရ ဦးဆောင်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခုလို လူထုတွေကြုံနေရတဲ့ ပြဿနာ၊ အနိုင်ကျင့်မှု ၊ သတ်ဖြတ်မှု၊ လုယက်မှုတွေကို စုပေါင်းကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ဦးဆောင်မှုပေးဖို့ လမ်းပြဖို့ ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
စစ်ပွဲပြီးမှ အောင်ပွဲရမှ အားလုံး ပြန်တည်ဆောက်မယ် အခုလို စစ်ပွဲကာလအတွင်းမှာ ဒါတွေအရေးမစိုက်နိုင်ဘူးဆိုတဲ့ ဆင်ခြေမျိုး တွေးဆမှုမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီလို တွေးဆမှုမျိုးက လူထုကို စည်းရုံးမှုမပါတဲ့ တာဝန်ယူမှုမပါတဲ့ တွေးဆမှုသာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar