Breaking News

စံညိမ်းဦး - ကျောင်းကြီးပေါ်မှာ မောင်ရင် ဆော့ခဲ့

Photo- Crd

ကျောင်းကြီးပေါ်မှာ
မောင်ရင် ဆော့ခဲ့
စံညိမ်းဦး
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၂

၁။
''ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာအုပ်စိုးသည်။
တဏှာစေက၊ မနေသာ၊ ဖွေရှာခက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရသည်။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ၊ များလှပြီ။
တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သားမကယ်ပြီ။
မဂ္ဂင်ယာဥ်ကြီးအမြန်စီး ခရီးထွက်တော့မည်။''

ဝူးးးးးးး
တီတီ... တီတီ....
ဘေးကို.. ဘေးကို.. ဘေးလေးကို.....။

တောင်မြို့၊မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရှင်ဇနကာဘိဝံသ (၁၉ ၀၀-၁၉၇၈)၏ အလင်္ကါတခုကိုကျက်ခဲ့ရာ ဒီကနေ့ထိ မမေ့ဘဲမှတ်မိနေပါသေးသည်။ အစီအစဥ်ကျချင်မှကျမည်ထင်ပါသည်။ ပမာဒလေခနိုင်ပါသည်။
သို့သော် အလင်္ကါ၏အောက်၌ ပါသော ''ဝူးးး'' တို့၊ ''တီတီ တီတီ''တို့၊'' ဘေးကို ဘေးလေးကို '' တို့မှာကား ကျနော် ကိုရင်ဘဝက ပြောင်ခဲ့မိသည်များဖြစ်ပါသည်။
ဤအတွက် ဆရာတော်ဘုရားကြီးအား ထိခြင်းငါးပါးဖြင့်ကန်တော့တောင်းပန်အပ်ပါ၏။ ကိုရင်ဘဝ စာကျက်ရင်း ကိုယ်တော်ချင်းနောက်ပြောင်စာမြှောင်ထိုးခဲ့ကြသော အဖြစ်ပါပေ။

၂။

ကျနော်က အမေ့အစ်မဒေါ်မြသန်းကို'ကြီး တော်'ဟုခေါ်ပြီး'ကြီးတော်' ၏ယော်ကျား ဦးမြစိန်ကိုကား'ဘကြီး 'ဟု ခေါ်ပါသည်။
ဘကြီးသည် စျေးချိုတွင် စိန်မြသန်း ရှပ်ဆိုင်ဟူ၍ ယောကျ်ားဝတ်ရှပ် အင်္ကျီများရောင်းပါသည်။မီးကုန်းပဲလှော်များကိုလည်း တင်ရောင်တာကို အမှတ်ရပါသေးသည်။
ဘကြီးနှင့်ဆိုင်ကပ်ရက်မှာ ဆင်ဖြူ တော်အထည်ဆိုးဆေးဆိုင်ဖြစ် သည်။ ဆိုင်ပိုင်ရှင်မှာ ဦးလှအောင်ဖြစ်ပြီးကျနော်က လေးလှအောင်ဟုခေါ်ပါသည်။ လေးလှအောင်ဇနီးမှာ ဒေါ်ရွှေတင်ဖြစ်ပါသည်။
နွေကျောင်းပိတ်ရက်ရောက်လျှင် ကျနော်သည်ဘကြီးဆိုင်သို့ စျေးလိုက် ကာ အရောင်းအဝယ်သင်ဖူးပါသည်။ ပါရမီမပါဟုဆိုစရာမှာ အရောင်းအဝယ်ကို ကျနော်စိတ်ဝင်စား၍မရခဲ့ပါ။
လေးလှအောင်တို့အိမ်သည် ဆေးရုံကြီးဘက်တွင်ရှိကာ ဘကြီးတို့မိသားစုသည် အိမ်ရှိဂျစ်ကားဖြင့် ညနေဘက်များတွင် အလည်သွားကြလေ့ရှိပါသည်။ ကျနော်လည်းအမြဲလိုလိုက်လေ့ရှိပြီးအကြောင်းမှာ တီဗွီခေါ် တယ်လီဗေးရှင်းကြည့်ချင်၍ ဖြစ်သည်။
ရုပ်မြင်သံကြားပေါ်ကာစတွင် အိမ်တိုင်းမဝယ်နိုင်ကြသေးသော်ငြား လေးလှအောင်တို့အိမ်တွင်မူ ဝယ်ပြီးဖြစ်ကာကျနော်တို့သည် အစီအစဥ်ပြီးအထိနေကြပြီးမှပြန်လေ့ရှိပါသည်။ များသောအားဖြင့် စနေနေ့ညအစီအစဥ်များတွင် နိုင်ငံခြားဇာတ် ကားများကြည့်ရလေ့ရှိတာမို့ စနေနေ့ဖြစ်တတ်ပါသည်။

မန္တလေးအလေ့များထဲတွင်ထိုကဲ့သို့ မိတ်ဆွေများအိမ်သို့ သိုက်သိုက်ဝန်း ဝန်းဖြင့်အိမ်လည်သွားခြင်း၊ အပြန်လှန်ထမင်းစားဖိတ်ကျွေးကြခြင်းများကို ယနေ့ကာလတွင် သိပ်မကြားမိတော့တာမို့ ပြန်ပြောင်း၍အင်မတန်သတိရဖွယ်ဖြစ်ရပါသည်။

လေးလှအောင်သည် တောင်မြို့မဟာဂန္ဓာရုံ၏ သာဝကတဦးလည်းဖြစ်ပါသည်။ နှစ်စဥ် သားများကို ရဟန်းခံမင်္ဂလာလုပ်၍ ကုသိုလ်ယူလေ့ရှိရာ ကျနော်လည်း မကြာခဏဆိုသလို ရော၍ဒုလ္လဘဝတ်လေ့ရှိခဲ့ပါသည်။

၃။

မဟာဂန္ဓာရုံတိုက်၏ စည်းကမ်း (၁၀) ချက်ကိုကျနော်တို့လို ဒုလ္လဘတွေလည်းလိုက်နာကြရပါသည်။

ဤကျောင်းတိုက်၌ -
၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ဝိနည်း လေးစားဖို့က ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၄။ သန့်ရှင်းဖို့က စတုတ္ထ
၅။ အဝတ်အစားတတ်ဖို့က ပဥ္စမ
၆။ အနေအထိုင်  တတ်ဖို့က ဆဌမ
၇။ အပြောအဆို တတ်ဖို့က သတ္တမ
၈။ အသွားအလာ တတ်ဖို့က အဌမ
၉။ စည်းကမ်း လိုက်နာဖို့က နဝမ
၁၀။ စာတတ်ဖို့က ဒဿမ 

''ဤ ၁၀ ချက်ကို အစဥ်အတိုင်းဂရုစိုက်ပါ''ဟူ၍ဖြစ်ပါသည်။ အတတ်နိုင်ဆုံးဖြင့် လိုက်နာခဲ့သည်ဟု ထင်မိပါသည်။
ဒုလ္လဘကိုရင်ဘဝတွင် ကျနော်တို့ ဘိုးကုန်ဟု ခေါ်သော ဆရာတော်ဦးကုန်( ဘွဲ့အရှည် ဦးကုဏ္ဍလဟုထင်မိ၊ အသေအချာမမှတ်မိတော့ ) ကျောင်းတိုက်၌ သီတင်းသုံးရလေ့ရှိပါသည်။
ရွှေကျင်သာသနာ ကျောင်းဖြစ်သည်နှင့်အညီ သင်္ကန်းအရောင်ကား ရှားညိုရောင် ဆင်မြန်းရပါသည်။ ဖိုးသူ တော်များရှိကာ ငွေကို သံဃာကကိုင်ခွင့်မရှိဘဲ ဖိုးသူတော်ထံအပ်ရပါသည်။လိုအပ်မှသာ ဖိုးသူတော်ကို ကပ္ပိခိုင်းရပါသည်။
အရုဏ်တက် တုံးမောင်းခေါက်သည်နှင့် အူယားဖားယားထရသည်။ ရေကန်တွင် မျက်နှာသစ်၊ကိုယ်လက်သန့်စင်ရသည်။ သပိတ်ကိုရေကျင်းသန့်စင်ရသည်။ ကုဋီတက်ရသည်။
ထို့ နောက်သင်္ကန်းရုံကာ ဆွမ်းစားဆောင်သို့ ကြွရသည်။ နေရာထိုင်ကို ပခုံး သို့တည်းမဟုတ် လက်ဖျံထက်တွင် တင်ရသည်။ လက်သုတ်ပုဝါကိုဆောင်ရသည်။
စည်းကမ်းဝိနည်းရိုကျိုးရသလို ဣန္နြေဖြင့် သွား လာကြရပါသည်။ ဘုရားဝတ်တက်သံသည်ကျက်သရေဖြင့်ပြည့်စုံကာ ခါတရံ ဆရာတော်၏ နံနက်ခင်းဩဝါဒကို နာကြားကြရပါသည်။အရုဏ်ဆွမ်းကုသိုလ်ရှင်က ဆွမ်းကပ်ပါသည်။

အရုဏ်ဆွမ်းဘုန်းပေးရသည်မှာ အင်မတန် တိတ်ဆိတ်လျှက် ဇွန်းသံပင်မကြားကြရအောင် သတိဖြင့်ဘုန်းပေးရပါသည်။ဘုန်းမပေးခင်တွင် ဆွမ်းကိုဆင်ခြင်ကြရသည်။သတ္တဝါအပေါင်းကို မေတ္တာပို့ရသည်။နေ့ဆွမ်းစားသောအခါလည်းဤနည်းနှင်နှင်ပင်။
ညနေစောင်းမှာတော့ ဘုရားဝတ် တက်ပြီးနောက်ဒေသနာကြားလေ့ရှိသည်။အဖျော်ယမကာတခုခု(အများအားဖြင့် မန်ကျည်းသီးပေါတာမို့ မန် ကျည်းဖျော်ရည်)ကပ်သည်။
ကိုရင်အဖြစ်တွင်လည်း သက်ဆိုင်ရာ ဥပဒေတော်ရှိရာ အာပါတ်ဖြေရသည်။တနေ့တာ သိလျှက်နှင့်ဖြစ်စေ၊မသိလျှက်အမှုမဲ့အမှတ်မဲ့ဖြစ်စေ ကျူးလွန်မိတ်ရာပြေရန်အလို့ငှာ လုပ်ဆောင်ရသည်များရှိပေသည်။
တံမြက်စည်းလှည်း၊ ရေဖျန်း၊ သောက်ရေအိုးရေဖြည့်၊ အမှိုက်ကောက်၊ ကုဋီဆေးကြောအမှုများလုပ်ဖြစ်ပါသည်။ ကျနော့်အနေဖြင့် အာပတ်ပြေရန်ရှေ့ရှုသည်ထက် စိတ်အေးချမ်း၊ ကြည်နူးရတာမို့ လုပ်ဆောင်ဖြစ်တာ များပါသည်။

နေ့ဆွမ်းစားပြီးချိန်တွင် တရေးတမောကျိန်းချင်ကျိန်း မဟုတ်ပါက ကျောင်းတိုက်အနောက်ရှိ ထန်းလက်တဲကြီးဘက်တွင် အနားယူတတ်ပါသည်။ ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ဝတ်ရွတ်စဥ် စာအုပ်များကိုဖတ်ဖြစ်တာကိုလည်း အမှတ်ရသည်။

မတ်၊ ဧပြီလများဖြစ်တတ်ရာ အပူဒဏ်ကို အေးငြိမ်းစေတတ်သော ထန်းလက်တဲကြီးပါပေ။ကိုယ်တော်အချို့ပါရှိနေတတ်ပြီး သပိတ်လွယ်၊ ခါးပန်းစည်းကြိုးတို့ကို ကိုယ်တိုင်ရက်ကြတာရှိတတ်ပါသည်။

၄။

ဆွမ်းခံထွက်မှ ဒုလ္လဘဝတ်ရကျိုးနပ်ရာ အခြားကိုယ်တော်များနဲ့အတူ တောင်မြို့ထဲသို့ ဆွမ်းခံ ထွက်ဖြစ်ခဲ့သည်။ ''ကိုရင် ကိုရင်အပျိုမြင် ချိုချဥ်မစုပ်ရ''ဟူသော ငယ်စဥ်က စကားလေးကိုပင် အမှတ်ရခဲ့ရပါသည်။

အပျိုမြင်တာနှင့်ချိုချဥ်စုပ်တာ ဘယ် လိုသက်ဆိုင်သလဲဟုကား ကျနော်မသိခဲ့ပါ။ တောင်မြို့သူချောချောလေးများအိမ်ရှေ့ ဆွမ်းရပ်ရသည့်အခါမျိုးမှာတော့ ရင်ဖိုရတာကိုတော့ မှတ် မိနေပါသည်။
မဟာဆွေ၏စျေးချိုသူဝတ္ထုထဲက ဆွမ်းလောင်းတဲ့ကောင်မလေးကို စာပေးသည့်အကွက်ကိုလည်း သတိရရပါပေသည်။ ဝတ်ခွက်ထဲတွင်ရည်းစားစာကိုထည့်ထားသော်ငြား မိမိရည်ရွယ်သူမဟုတ်ဘဲကောင်မလေး၏မိခင်ကြီးဆိုပါက ဝတ်ခွက်ကိုမမှားအောင် သတိထားပြီးပေးရသည်။

ရည်ငံသွားပါမူ ဆွမ်းခံချိန်များသည် အပြန်အလှန်စာဖလှယ်ချိန်ဖြစ်ရပေတော့သည်။ ဝတ်ခွက်လေးများသည် စာပို့သမားအလုပ်ကိုပါထမ်းဆောင်ကြရတော့ သည်။ (ဘုန်းကြီးလောကတွင်ပြဿနာကြီးခဲ့သောနောက်ထပ်စာအုပ်တအုပ်မှာ သိန်းဖေမြင့်၏ တက်ဘုန်းကြီးဖြစ်ပေသည်။)

တနေ့တော့ဖြင့်  ဦးပြည့်ကတုံးထက်တွင် အတန်ငယ်ထွက်နေသောဆံများကို ကိုယ်တော်တပါးကရိတ်ပေးနေစဥ် ကိုယ်တော်ရဲမြင့်က ''ကိုရင် မင်းမျက်ခုံးမွှေးက အတော်ပါးတယ်၊ ရိတ်ပါလား'' ဟု ဆိုပါသည်။
အမွှေးတို့မည်သည် ရိတ်ပေးမှသန်သည်ဟူလို။ (ကျနော်နှင့်တွဲဖက်မှာ ရဲမြင့် ဖြစ်သည်။ လေးလှအောင်၏သားများထဲတွင် ရဲမြင့်နှင့်မှ ကျနော်သက်တူရွယ်တူဖြစ်၏)။ ရဲမြင့်နဲ့အခြားကိုယ် တော်တွေကပါ တိုက်တွန်းတော့ လာထားပေါ့လေဟုသာ။
မိမိသည်လည်းရုပ်ရှင်မင်သားကြီးဝင်းဦး၏ မျက်ခုံးကောင်းမှုကို မိမိလည်းသဘောကျနေသည်မှာကြာပြီဖြစ်တာမို့ ကောင်းသားဟု သဘောရမိခဲ့၏။ ဆံရိတ်ပေးနေသောကိုယ်တော်ကလည်း ပြုံးစိစိဖြင့် မျက်ခုံးနှစ်ဖက်ကို သင်ဓုန်းတင်လေတော့ သည်။

ထန်းလက်တဲဘက်သို့ရောက်သော အခါ ကိုယ်တော်များက ဝိုင်းရီပါလေတော့သည်။ မှန်၌ကြည့်သောအခါ မိမိကိုယ်ကိုယ် မမှတ်မိဖြစ်ရသည်။ မျက်ခုံးမပါသောမျက်နှာသည် အင်မတန်မှစိတ်ပျက်ဖွယ်ရာပင်။ ဘယ်မှမျက်နှာမပြရဲအောင်ဖြစ်ရသလို ကိုယ်တော်ရဲမြင့်ကို ရန်လုပ်မိတော့ သည်။

ဆွမ်းခံထွက်နေကျမိမိအဖို့အဖို့ကား တောင်မြို့သူလှလှလေးများရှေ့ရောက်လျှင်ရင်တဖိုဖိုရှိခဲ့လှတာကိုလည်း အောက်မေ့မိပါသည်။ မျက် လွှာကိုချကာ ရသောဣတ္တိပိသောကိုသာ နာနာရွတ်၍ ဆွမ်းရပ်ရပေသောအဖြစ်ပါ။

မိမိအဖို့ချိုချဥ်စုပ်ချင်သလိုလို ဘာလိုလိုအရွယ်ပေကိုး။ ပုံမှန်လောင်းနေကျ ဒကာမလေးတယောက်ကို မျက်စိထဲ စက္ခုရူပေန သံဝါသလိုလို ဘာလိုလို ဖြစ်စပြုလာချိန်၌ မိမိခမျာမှာကား မျက်ခုံးမွှေးမရှိဖြစ်ခဲ့ရပေသည်တမုံ့။
အရှက်နှင့်လူလုပ်သောကိုရင်ပါပေ၊မျက်ခုံးမွှေးမရှိတော့သောအခါတွင်မူ ဆွမ်းခံမလိုက်ဖြစ်တော့ပါ။''ဟိုကိုရင်လေးဘာလို့ဆွမ်းခံမကြွသ လဲ''ဟုမေးသည်ဆို၏။ ''မျက်ခုံး မွှေးမရှိလို့''တဲ့ဟု ကိုယ်တော်များက ဖြေခဲ့သတဲ့။ကိုယ်တော်များ ချောက်ချကြပုံ။

၅။

မိမိအဖို့ဘာလုပ်လို့လုပ်ရမယ်မှန်းမသိပါ။မျက်ခုံးဆိုးရအောင်ကလည်း ဘုရားသားတော်အနေနဲ့ကအဆင်မပြေ၊ မအပ်စပ်။ တရုတ်တစ္ဆေလိုလိုဖြစ်နေသော မိမိ မျက်နှာကို မိမိကြည့်ပြီး ရယ်အားထက်ငိုအားသန်ရပါသည်။
မန္တလေးတွင် မိမိပိုးနေသောမိချိုကိုလည်းသတိရလှသည်နှင့် မန္တလေးထိဆွမ်းခံကြွခဲ့သေးရာ မျက်ခုံးမရိတ်ခင်ကမို့တော်သေး၏။
အဘယ်မျှ ဥပါဒါန်ကြီးလိုက်ပါ သနည်းဟုဆိုရလျှင် တောင်မြို့ဂန္ဓာရုံမှ မန္တလေး ၁၈လမ်းအထိ ခြေလျှင်ကြွခြင်းဖြစ်ပေသည်။မိချို လက်အုပ်ချီ ထိုင်ကန်တော့ရပေ၏။ မျက်ခုံးမရှိတော့သော အခါတွင်မူ မသွားဝံ့ခဲ့တော့ချေ။ မိဘများအိမ်သို့သာရောက်၏။
မိဘများတွေ့သောအခါ ဆူလို့မဆုံးတော့ပါ။ တရုတ်ဘုန်းကြီးလိုလိုဖြစ်နေသောမိမိကိုကြည့်ပြီးအရီရခက်အငိုရခက်ဖြစ်ကြပေသည်။ 
အခြားအမွှေးတွေကား ပြန်ပေါက်ဖို့ လွယ်နိုင်၏။ မျက်ခုံးမွှေးသဘာဝကား ထိုသို့မဟုတ်ကြောင်း၊ ကိုရင့်ကို မြှောက်ပေးသူတွေကိုလည်း ဆရာတော်ကိုတိုင်မည်ဖြစ်ကြောင်း စိတ်ဆိုးပါတော့သည်။ စိတ် ဆိုးတုန်းခဏ ပြီးတော့လည်းပြီးသွားခဲ့ပါသည်။

၆။

လောကသဘာဝတွင် နံနက်ဦးနှင့် ညနေစောင်းအချိန်များသည် သတိရမှုကို ပိုမိုတွန်းအားပေးတတ်သော နိယာမဖြစ်ရာ လွမ်းစရာမှာ ကျောင်းဝင်းအတွင်းက လေချူသီးပင်ကြီးများဖြစ်ပါ သည်။
လေချူသီးပင်ဘယ်နှပင်ဟုမမှတ်မိသော်ငြား အတော်များများရှိကာ ထိုအပင်များကိုအကြောင်းပြု၍ ရှဥ့်များကိုပါ တွေ့နိုင်ကြပါသည်။
လေချူသီးပင်များနှင့်အပြိုင် မန်ကျည်းပင်ကြီးများအုံ့စိုင်းလျှက်ရှိကာ ကျောင်းသင်္ခန်းနှင့် ပနာရလှပါ သည်။သို့တိုင် မျက်ခုံးမွှေးပြဿနာကြောင့်လွမ်းမောဖွယ်၌ အလွမ်းသည်မဖြောင့်ဖြူးလှပါ။
နေရီရီမှာ ကမ္မဋ္ဌာန်းရနံံ့ မွှေးမဟဲ့ဆိုပြီးဆရာကြီးမှိုင်းထုံးနှလုံးမူပြီးသကာလ မိမိအနေဖြင့် ပုတီးတဖက်ဖြင့် ဂုဏ်တော်ပွား၏။

သို့သော်ငြား အာရုံက မျက်ခုံးမွှေးမပါသော မိမိအဖြစ်ကိုယ်မိမိ ပြန်သတိရရနေရင်းရှိရာ ဂုဏ်တော် သည်လည်း ပုံတော်မျှမပေါ်ဘဲ ကသိက အောက်ဖြစ်နေခဲ့ရပါသည်။
တဖန်၊ညနေစောင်းများ၌ တောင်သမန်ဘက် ထွက်ရသည်မှာလည်း အရသာတမျိုးရှိပေရာ ရေတက်ချိန်တွင် ရေပြင်အားငေး၍တဖုံ၊ ရေမရှိချိန်တွင် ခြောက် သယောင်းနေသော လွင်ပြင်နှင့်တံတားကြီးကို ကြည့်၍ တသွယ် ဘယ်ဆီရယ်မသိသော အောက်မေ့ဖွယ်ဖြစ်ရပြန်ပါသည်။သို့သော် မျက်ခုံး မွှေးရှိစဥ်ကသာ ဖြစ်ပေတော့သည်။

၇။

ယခုသော် အဖြစ်အပျက်တို့သည် ကြာခဲ့ပြီဖြစ်ပသည်။ လောအတွင်း၌ လေးလှအောင်၊ဒေါ်ရွှေတင်တို့လည်းမရှိတော့ပါ။ ဘကြီးမြစိန်နှင့် ကြီး တော်ဒေါ်မြသန်းလည်းမရှိကြတော့ပါ။ မဟာဂန္ဓာရုံက ဆရာတော် ဘိုးကုန်လည်း ပျံလွန်တော်မူခဲ့ပြီဖြစ်ပါသည်။ ရဲမြင့်လည်းဘယ်ရောက်နေသည်မသိပါ။ မိချိုလည်းကလေးတွေရနေပြီဟုထင်ပါသည်။
အခြားတဖက်မှကြည့်သောအခါ ကျနော်၏မျက်ခုံးမွှေးများလည်း ယနေ့တိုင် ထူမလာခဲ့ပါ။မည်းနက်မလာခဲ့ပါ။
ကိုရင်ဘဝကရိတ်ခဲ့သော မိမိ၏မျက်ခုံးမွှေးသည်နှစ်ပေါင်း၂၀ ကျော်ခဲ့သည်အထိ ကောင် းကောင်းမပေါက်၊ ပေါက်သော်လည်း မသန်ပါပေ။
မျက်ခုံးမွှေးမရှိသောလူတယောက်ပမာလည်း ခါတရံတွင် ခံစားရဆဲဖြစ်ပါသည်။ မှန်ကြည့်တိုင်း မသန်သောမျက်ခုံးမွှေး ပါးပါးကို သတိပြုမိပါသည်။ သတိပြုမိတိုင်းလည်း မဟာဂန္ဓာရုံကျောင်း တိုက်ကြီးခေါင်းထဲပေါ်လာပါသည်။ ပြုံးမိပါသည်။
စံညိမ်းဦး
၁၂၁၀၂၂
#
ဖိုတိုများခရက်ဒစ်
မင်းကွန်းကိုစူး။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar