Breaking News

မင်းမင်း - မဆိုင်တာ ပြောလေ့မရှိတဲ့ ဘကြီးမိုး

မင်းမင်း - မဆိုင်တာ ပြောလေ့မရှိတဲ့ ဘကြီးမိုး

(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၂
ဘကြီးမိုး လို့ ဆိုလိုက်ရင် မျက်မှန်ကြီးနဲ့ တခါတလေ တုတ်ကောက်နဲ့ အေးအေးဆေးဆေး ထိုင်ခုံတစ်ခုံမှာ ထိုင်နေတတ်တဲ့ စာရေးဆရာ မောင်မိုးသူကို တွေ့မြင်နိုင်ပါတယ်။ ဖိတ်တဲ့အခမ်းအနားတွေကို ဘကြီးမိုးဟာ တလေးတစား တက်ပေမယ့် သူနဲ့မဆိုင်တဲ့ အရာတွေကိုတော့ ဘယ်တော့မှ တက်ပြောလေ့မရှိပါဘူး။ အခမ်းအနားတွေမှာ သူငယ်ချင်းတွေနဲ့တွေ့ရင် သာကြောင်း မာကြောင်းပြောမယ်။ ရယ်စရာ မောစရာလေးတွေ ပြောမယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလေ့ရှိတဲ့ ဘကြီးမိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ဘကြီးမိုးရဲ့ မွေးနေ့ပွဲကို ရန်ကုန်မြို့က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတော့ ဘကြီးမိုးကို ချစ်ခင်ကြတဲ့သူအပေါင်း တက်ရောက်လာကြပါတယ်။ စာရေးဆရာနယ်ပယ်၊ နိုင်ငံရေးနယ် ပယ် စတဲ့နယ်ပယ်အသီးသီးက လူပေါင်းစုံ တက်ရောက်လာကြတဲ့အခါမှာ ဘကြီးမိုးရဲ့ ပြုံးပျော်နေတဲ့ မျက်နှာဟာ တသက် မမေ့စရာ လွမ်းစရာတွေပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ဦးဝင်းထိန်ဟာ လူရှင်းသွားတော့မှရောက်လာပြီး ဘကြီးမိုးနဲ့ စကားစမြည်အတော်အကြာလေး ပြောခဲ့ပါတယ်။ သတင်းမီဒီယာတွေကလည်း ဓာတ်ပုံဝေဝေဆာဆာ ရိုက်ခဲ့သလို ဦးဝင်းထိန် ခေါ်ခိုင်းလို့ နေမကောင်းတဲ့ကြားထဲက တော်ဝင်နှင်းဆီ ဦးစိုးညွန့်ပါ အိပ်ရာထဲက ထလာပြီး အားလုံး လူစုံတက်စုံ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြပါတော့တယ်။ ဒီနေရာမှာ ဦးဝင်းထိန်ဟာ မီဒီယာ မေးသမျှဖြေပေမယ့် ဘကြီးမိုးကတော့ သူနဲ့မဆိုင်လို့မဖြေပါရစေနဲ့လို့ မီဒီယာများကို ဆိုခဲ့ပါတယ်။ ဘကြီးမိုးဟာ သူ ပြောချင်တဲ့ အကြောင်းအရာ သူနဲ့သာ သက်ဆိုင်တယ်လို့ထင်တဲ့အကြောင်းအရာတွေကို ကုမုဒြာဂျာနယ်မှာ ဘကြီးမိုး ကလောင်နာမည်နဲ့ ဟာသလေးနှောလို့ ရေးတတ် ပြောပြတတ်ပါတယ်။ စာလည်း ရေးကောင်းတဲ့ ဘကြီးမိုးကို သတင်းမီဒီယာသမားတွေကလည်း ချစ်ခင်ကြသလို လေးလည်းလေးစား တန်ဖိုးထားတတ်ကြပါတယ်။

တခုထူးခြားတာက ဘကြီးမိုးဟာ လူစုံရင် ဘယ်တော့မှ သူ့အကြောင်းကို ထုတ်ပြောလေ့မရှိသလို၊ ကြွားဝါလေ့လည်း မရှိပါ။ တခြားသူကထုတ်ပြောခဲ့ရင်တောင် ရယ်မောလို့သာ နေတတ်ခဲ့ပါတယ်။ သို့သော် ဘကြီးမိုးဟာ တတ်ကျွမ်းတဲ့ ပညာရပ်နယ်ပယ် မြောက်မြားစွာရှိလို့နေပါတယ်။ ကဗျာ၊ စာပေ၊ အနုပညာ၊ နိုင်ငံရေး စတဲ့ လှုပ်ရှားမှုပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်တဲ့ ဘကြီးမိုး ဖြစ်ပါတယ်။ တခါတလေ ဆွယ်တာလက်ပြတ်ကလေးဝတ်လို့ တခါတလေ အားရပါးရရယ်မောလို့၊ တခါတလေ အာရုံစူးစူးစိုက်စိုက် နားထောင်လေ့ရှိတတ်တဲ့ဘကြီးမိုး ပုံရိပ်တွေဟာ နေရာတိုင်းမှာ ထင်ဟပ်နေဆဲ ဖြစ်ပါတယ်။ အခုတော့လည်း ဘကြီးမိုး မရှိတော့ပါ။ ဘကြီးမိုး မရှိတော့ပေမယ့် သူ ဖန်တီးခဲ့တဲ့ အနုပညာ၊ သူ ရေးသားခဲ့တဲ့ စာပေတွေဟာ ဘကြီးမိုးလို အပူအပင်ကင်းကင်းနဲ့ ရှင်သန် သက်ဝင်နေဆဲ ဖြစ်ပါတယ်။

ဘကြီးမိုးကို လွမ်းရင် ဘကြီးမိုးဖန်တီးခဲ့တဲ့ စာပေတွေကို ဖတ်ပါ။ ဘကြီးမိုးလို ဟာသနှောပြီးနေ ထိုင်ပါ။ မဆိုင်တဲ့နေရာမှာ တိတ်တိတ်ကလေး ငြိမ်သက်လို့ အေးအေးဆေးဆေး ထိုင်နေပါ။ ဘကြီးမိုးကို အတုယူ ရှင်သန်နေထိုင်ပါလို့ ဆိုလိုက်ရပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar