Breaking News

လင်းလက်နွေဦး - မြင်းမိုရ်မို့လား

မြင်းမိုရ်မို့လား
လင်းလက်နွေဦး
(မိုးမခ)နိုဝင်ဘာ ၂၅၊ ၂၀၂၂
 

မြင့်မိုရ်လို့ ရေးမလို့၊ သတ်ပုံကျမ်းထဲ ပြန်ကြည့်လိုက်တော့မှ ‘မြင်းမိုရ်’ ဖြစ်နေပါတယ်။ ရေးတော့ အမှန်၊ ဖတ်တော့ အသံ ဆိုသလို၊ ‘မြင်း’လို့တော့ ဘယ်သူမှ အသံမထွက်လောက်ပါဘူး၊ ‘မြင့်’ လို့ပဲ ပြောကြမှာ ပါ။ လေးကျွန်းနဲ့ တမြင်းမိုရ်ကို ကမ္ဘာလို့ သတ်မှတ်ကြသတဲ့။ ဘုရားဟောတော့ မဟုတ်ပါဘူး၊ ရှေးလူကြီးတွေ အပြောနေမှာပေါ့။ အဲဒီ ရှေးအယူအဆတွေကို ရဟန်းတပါးက မြတ်စွာဗုဒ္ဓကို လျှောက်ထားသေးတယ်၊ ဗုဒ္ဓက နိဗ္ဗာန်ရောက်ကြောင်းမဟုတ်တဲ့ဟာတွေနဲ့ အချိန်မကုန်စေနဲ့လို့ ပိတ်ချပစ်လိုက်ပါတယ်။ ဒါပေမယ့် အောင်ခြင်း (၈) ပါးမှာ နန္ဒောပနန္ဒနဂါးမင်းအောင်နိုင်ခန်းပါတယ်နော်။ အရှင်မဟာမောဂ္ဂလန် ကိုယ်တော်ကြီးက မြင်းမိုရ်တောင်ကို သုံးပတ်ပတ်ထားတဲ့ နဂါးကြီးထက် ပိုကြီးတဲ့ နဂါးကြီးအဖြစ်ဖန်တီးလိုက်ပြီး နန္ဒောပနန္ဒ အပေါ်ကနေ (၇) ပတ် ထပ်ပတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဝင်တွေ ဆရာတော်တွေ ဟောပြတဲ့အထဲမှာ မြင်းမိုရ် တောင်ဟာ နတ်ပြည်တည်ရှိရာပါပဲ။ တောင်ခြေမှာ အသူရာနတ်ဘုံရှိတယ်၊ တောင်အလယ်လောက်မှာ တာဝတိံသာ ရှိတယ် မဟုတ်လား။ သီတာ(၇)တန် ဘာညာနဲ့ အဲလောက် မြင့်တဲ့ တောင်ကြီး။

‘လူ’ဆိုတော့ ဘုရားရဟန္တာတွေ၊ နတ်တွေ ဘီလူးတွေလိုတော့ တန်ခိုးတွေ ဘာညာသာရကာတွေ မရှိဘူးပေါ့။ ဒါကြောင့် မြင်းမိုရ်တောင်ကိုတော့ ရန် သတ္တရု မပြုရဲဘူး။ အခြား အခြားသော တောင်တွေလောက်ကတော့ ထည့်ကိုမတွက်ဘူးဆိုတဲ့ လူ့အာဂတွေ ရှိနေပါလားနော်။ စိုင်းထီးဆိုင်ရဲ့ ‘မြင်းမိုရ်မို့လား’ထဲမှာ ‘မပူပါနဲ့ မပူပါနဲ့ မပူပါနဲ့ အချစ်ကလေးရေ... ဒီတောင်ကို မောင်ဖြိုမယ်... မြင်းမိုရ်မို့လား’ လို့ ဆိုထားတယ်နော်။ ပျော်စရာဆို နှစ်ယောက်စလုံး လက်တွဲမှ ပြည့်စုံခြင်း၊ နာစရာတော့ ကိုယ့်တစ်ယောက်တည်းနဲ့ ပြီးစေ တော့။ သူတို့ဘဝတွေက အခက်အခဲတွေ ပြည့်နှက်နေတယ်။ ယောကျ်ားတန်မဲ့ မျက်ရည်လည်နေပေမယ့် ကိုယ့်ချစ်သူကိုတော့ အားပေးနေတယ်။ တော်ရုံလူတွေ မလုပ်နိုင်တဲ့ အရာတွေပေါ့။ စကားပုံမှာ ‘ကမ္ဘာ မီးလောင် သားတောင်ချနင်း’လို့ ဆိုရိုးရှိတယ် မဟုတ်လား။ ကိုယ့်ရင်သွေးကိုတောင် စတေးပစ်ကြတယ်နော်။

Survival Island ဆိုတဲ့ ဇာတ်ကားထဲမှာလည်း ဒီပုံခိုင်းပါပဲ။ မိန်းမတယောက်၊ ယောကျ်ားနှစ်ယောက် လူသူမနီးတဲ့ကျွန်းပေါ် ရောက်သွားတဲ့ ဇာတ်လမ်းပေါ့။ ‘ဂျက်’ ဆိုတဲ့သူဌေးက သူ့အသက် ကယ်ခဲ့၊ သူတို့လင် မယားကို ရှာဖွေကျွေးမွေးခဲ့တာတောင်ကယ်ခဲ့တာတောင် မထောက်ဘူး၊ ‘မန်နျူရယ်’ ကို အမျက်ထားတယ်။ ခဏခဏ စားမာန်ခုတ်နေကြ။ ဟိုကောင်က သူ့မိန်းမကို ပေါ်တင်ရောကွယ်ရာပါဟိုကောင် မန်နျူရယ်ဆိုတဲ့ကောင်ကလည်း ဂျက်ရဲ့မိန်းမကို ကြာခိုနေတာကိုး။ ရေငုတ်မျက်မှန် ခိုးပြီး ‘ဂျက်’ တယောက်ရေငုတ်ပြီး ကျောက်ပုစွန်ရှာ၊ ငါးရှာသွားတဲ့ နေ့မှာပဲ၊ မန်နျူရယ်က ကောင်မလေးကို သိမ်းသွင်းနိုင်ခဲ့တယ်။ ဒါကို ရိပ်မိတော့ ‘ဂျက်’ က သူ့မိန်းမကို ဆက်မပေါင်းတော့ဘူး။ ‘ဂျက်’ က ရေငုတ်ရာက ရလာတဲ့လှေပျက်ကို ပြင်ဆင်ပြီး ရွက်လွှင့်မယ်အယောင်ပြ။ ဟို လင်မယားအသစ်စုံတွဲက ခိုးပြီး ပင်လယ်ထဲလှော်သွားတယ်။ ကမ်းနဲ့အတော်လေး ဝေးလာတဲ့အခါမှာ လှေကိုရေနစ်အောင်လုပ်ထားမှန်းသိပြီး၊ ရေကူး လာရတယ်။ ယောက်ျားမိန်းမတယောက်၊ ယောက်ျားနှစ်ယောက် လူသူမနီးတဲ့ ကျွန်းပေါ်ရောက်သွားတဲ့ဇာတ်လမ်းပေါ့။ နှစ်ယောက်အသေအကျေတိုက်၊ မန်နျူရယ် သေ။ ‘ဂျက်’ က သူ့မိန်းမ သူပြန်ရ။ မိန်းမနဲ့တောင် ငါးစာချရဲတဲ့ လူပဲဗျ။

သူ မတူအောင် ရဲဝံ့တဲ့ လူ၊ အနည်းအကျဉ်းတော့ ရှိတာပါပဲ။ ဆရာဗန်းမော်သိန်းဖေရဲ့ မျှဝေလိုတဲ့အတွေးများ အမှတ်(၄)ထဲမှာ ဖတ်လိုက်ရတယ်။ ယောက်ျားဖြစ်သူက ရွာကနေ တောင်တတောင်ကိုကျော်ပြီးတဖက်ရွာမှာ လယ်ကူလီလုပ်ရတယ်။ ဇနီးက ထမင်းလိုက်ပို့ရတယ်၊ နေ့တိုင်းပါပဲ။ ကိုယ်ဝန်က တဖြည်း ဖြည်း ရင့်လာတော့ ဟိုအရင်လို မပေါ့ပါးတော့ဘူးလေ။ တနေ့မှာ ခြေချော်လက်ချော်နဲ့ တောင်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားတယ်။ ကျနော့်လိုကောင်ဆို နောက်မိန်းမယူမှာပဲ။ ဒီလူက အဲလို မဟုတ်ဘူး၊ ဝမ်းနည်းပူဆွေးတယ်၊ ပြီးတော့ သူ့လို တခြားလူတွေ မငို ကြွေးရအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ တောင်ထိပ်ကနေ စဖြိုချတာပဲ။ မိဘအရင်းတွေကတောင် ဒီကောင်မယားတရူး ရူးသွားပြီလို ပြောကြ၊ တားကြတယ်။ မိုးလင်းမိုးချုပ် ပေါက် ချွန်းတလက်၊ သံစို့တချောင်း၊ တူတလက်နဲ့ ပေါက်တယ်၊ တူးတယ်။ ကလေးတွေ ရှိသေးတော့၊ မွေးထားတဲ့ ဆိတ်တွေ ရောင်းစားတယ်။ သူကတော့ တောင်ဖြိုတဲ့လုပ်ငန်းပဲ လုပ်တယ်။ ရွာထဲက ကျွေးမယ့်သူတွေ ရှိလာတယ်။ သတင်းစာတစောင်က ဖော်ပြလိုက်တော့ လူသိများလာ တယ်။ အားပေးကူညီသူတွေ ရှိလာတယ်။

ဒါပေမယ့် ဖြိုရတာတော့ သူတယောက်တည်းပါပဲ။ နှစ်ပေါင်း(၂၂)နှစ် ကြာလာတဲ့အခါ တောင်ကြားလမ်းလေးတလမ်း ဖြစ်လာတယ်။ အရင်က မြို့တက်ရင် တောင်ကြီးကိုပတ်ပြီး မိုင်(၅၀)ခရီးလောက် သွားရတယ်။ ခုတော့ လှည်းမောင်း ကားမောင်းလို့ရတဲ့တောင်ကြားလမ်းလေးကနေ (၁၀) မိုင်လောက်နဲ့ ရောက်တယ်။ ခရီး တွင်သွားတယ်။ ရွာသားတွေက အချစ်သက်သေလမ်းလို့ ခေါ်ကြတယ်။ နိုင်ငံတော်အစိုးရက လမ်းကိုကတ္တရာခင်းပေးပြီး သူ့နာမည်ပေးခဲ့တယ်။

ကျနော်သဘောမကျတာက ရွာက လူတွေက ဘာလို့ လူအင်အားနဲ့ မကူ ညီတာလဲ။ သနားလို့ အစာ တော့ ကျွေးမယ်။ အရူးလို့တော့ အခေါ်မခံနိုင်ဘူးဆိုတဲ့ သဘောလား။ မအောင်မြင်ဘူးထင်လို့ လိုက်မလုပ်တာလား။ တစ်ယောက်တည်းနဲ့ နှစ်နှစ်ဆယ်ကြာရင်၊ နှစ်ယောက်ဆို အဲလောက် မကြာတော့ဘူးလေ။ ကျန်တဲ့သူ တွေက မအားလို့လား။ တရွာလုံးထွက်တူးရင် အလွန်ဆုံးကြာ ၄-၅ နှစ်ပေါ့။ ထားပါတော့ တအိမ်တယောက်လောက်ပဲထွက်ပါ။ ကျန်တဲ့သူတွေက လယ်ယာစပါး စိုက်ပျိုးကြ၊ မွေး မြူရေးတွေလုပ်ကြပေါ့။ ပြီးတော့ လုပ်အားပေးတွေကို ထောက်ပံ့ကျွေးမွေးပေါ့။ ရတာပဲလေ။ ဒါဆို မာဃနဲ့ အပေါင်းအပါတွေလို နတ်ဘုံနတ်နန်းကြီးတွေတောင် ပေါက်လာလိမ့်မယ်။

စိတ်အပေါက်ဆုံးကတော့ အစိုးရကိုပဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းတွေ တံတားတွေဖောက်ရမှာ ဆောက်ရမှာ မဟုတ်ဘူးလား။ အင်ဂျင်နီ ယာတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ၊ စက်ယန္တရားကြီးတွေနဲ့ ဆို ခဏပါပဲ။ ဘတ်ဂျပ် မကုန်အောင်လို့လား။ ပြီးမှ၊ နှမ်းဝင်ဖြူးတာပဲ လုပ်ချင်လို့လား။ လူသားတယောက် ထွန်း တောက်ခွင့် ပေးတာလား။ ဒီကောင် ဒီနေရာနဲ့ပဲတန်တယ်လို့ ဆုံးဖြတ်ကြတာလားမသိပါဘူး။ နှစ်ပေါင်း နှစ်ဆယ်ကျော်၊ ဘာမှလာမလုပ်ပေးဘဲ၊ လမ်းပေါက်ပြီဆိုမှ ကတ္တရာလေး ခင်း၊ ဖွင့်ပွဲလေး လုပ်၊ ကင်ပွန်းလေး တပ်။ မမိုက်ဘူးနော်။

ကျုပ်တို့နိုင်ငံမှာလည်း အကုသိုလ်တောင်ကြီးကို ဖြိုချနေပြီနော်။ နိုင်ငံရေး စီးပွားရေး လူအခွင့်ရေးတွေ အား လုံးကိုပိတ်ဆို့ထားတဲ့ တောင်ကြီးကိုပေါ့။ ရှိတဲ့လူအင်အား၊ လက်နက်အင်အားလေးနဲ့ ဖြိုချနေတာနော်။ တူးတဲ့သူရှိရင် ပဲ့ထွက်မှာပဲ။ ဖြိုတဲ့သူရှိရင် ပြိုကျမှာပဲ။ ဖောက်တဲ့သူရှိရင် ပေါက်မှာပဲ။ မပူနဲ့... မပူနဲ့။ မြန် မြန်ပြိုချင်ရင်တော့ များများ ဖြိုချနိုင်မှ ရမယ်။ မြန်မြန်ပေါက်ချင်ရင်တော့ များများ ဖောက်မှ ရမယ်။

‘မပူပါနဲ့ အချစ်ရယ်... မပူပါနဲ့ အချစ်ရယ်... ဒီတောင်ကို မောင်ဖြိုကာပြပါ့မယ် တကယ်... တကယ်...’

 လင်းလက်နွေဦး
၂၄.၁၁.၂၀၂၂ ညနေ ၂ နာရီ ၅၇ မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar