Breaking News

လှကျော်ဇော - ပြည်သူသာ အမိ၊ ပြည်သူသာ အဖ တဲ့လား

လှကျော်ဇော - ပြည်သူသာ အမိ၊ ပြည်သူသာ အဖ တဲ့လား

မိုးမခ ၊ ဧပြီ ၁၅ ၊ ၂၀၂၆


"တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" လို့ မပြောကြပါနဲ့။ ပြည်သူသာ အမိ၊ ပြည်သူသာ အဖပါ။ ပြည်သူ့မျက်နှာပဲ ကြည့်ပါ။ ပြည်သူကို ရန်သူလို သဘောမထားပါနဲ့။

ဗိုလ်ကျော်ဇော။ 

၃-၁၂-၂၀၀၉

အသက် (၉၀) ပြည့်နေ့ အမှာစကား

၁၉၈၉ ကျွန်မတို့ ဗမာပြည်ကွန်မြူနစ်ပါတီ နယ်စပ်ဒေသ ခွဲထွက်ပုန်ကန်မှု အရေးအခင်း ကြုံတွေ့ ပြီးနောက်၊ ၁၉၉၀ မေလမှာ ကျွန်မတို့မိသားစု ပြည်ပထွက်လိုက်ရပါတယ်။ ဖေဖေဟာ ၁၉ နှစ်သားကစလို့ ဗမာပြည်သူများလွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် (မိမိ ပါဝင်နိုင်သမျှ နေရာတိုင်းက) ဝင်ပါခဲ့သူ ဖြစ်ပေမဲ့ ၁၉၉၀ ပြည့်နှစ်ကစလို့ ဗမာပြည်ရဲ့ လက်တွေ့နိုင်ငံရေးတွေထဲမှာ ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။

ဒါပေမဲ့ ရတဲ့နေရာက နည်းအမျိုးမျိုးသုံးပြီး ကွယ်လွန်ချိန် (၂၀၁၂)ထိ လုပ်ဆောင်နိုင်တာတွေ လုပ်ဆောင်ရာမှာ သတင်းမီဒီယာအမျိုးမျိုးနဲ့ တွေ့ဆုံဆွေးနွေးခန်းတွေလည်း ပါရှိပါတယ်။ အဲဒီနေရာတွေမှာ အကြောင်းတိုက်ဆိုင်လာတိုင်း ဖေဖေဟာ အထက်ပါစကားများကို ထည့်သွင်းပြောကြားခဲ့တာပါ။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ-BIA) ကို ၁၉၄၂-ဒီဇင်ဘာ(၂၆)ရက်နေ့က ဘန်ကောက်မှာ ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုပြီး တည်ထောင်စဉ်က ပါခဲ့သူ ရဲဘော်သုံးကျိပ်ဝင်တယောက်အနေနဲ့ ဖေဖေဟာ ဗမာတပ်မတော်ကြီး ပြည်သူတွေအပေါ် ထားတဲ့ သဘောထားတွေ ပြောင်းပြီး ရက်ရက်စက်စက် ဖိနှိပ်လာတဲ့အခါ ဒီတပ်မတော်ကြီးကို ပြည်သူ့ဘက် မျက်နှာပြန်လှည့်လာရေး(တနည်း) တပ်မတော်ပြုပြင်ပြောင်းလဲရေးကို သူ့တာဝန်ကြီးတရပ်အဖြစ် သဘောထားပြီး ရတတ်သမျှ ကြိုးစားခဲ့တာပါ။ ဒါကို ပြည်သူ အတော်များများကလည်း ထောက်ခံခဲ့ကြပါတယ်။  တနေ့တော့ ဒီတပ်ကြီး ပြောင်းလာနိုင်ကောင်းပါရဲ့ပေါ့။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုပြီးတော့လည်း အမျိုးမျိုးကြိုးစားခဲ့ကြပါသေးတယ်။

၂၀၂၁ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတဲ့ အခါမှာတော့ ပြည်သူတွေဟာ ဒီဗမာ့တပ်မတော်အပေါ် အတော်သံ ယောဇဉ်ပြတ်သွားပါပြီ။ 'ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်' ဆိုတာ ပြည်သူတွေ (သူတို့ရဲ့ ဘဝပေးခံစားချက်နဲ့) တင်တဲ့‌ ကြွေးကြော်သံပါ။

တကယ်လည်း ဒီတပ်ဟာ အမြစ်ဖြတ်ပစ်ရတော့မဲ့ တပ်ပါ။ ၂၀၂၁ ဖေဖော်ဝါရီလကစလို့ ဒီနေ့ ၂၀၂၆ ဧပြီလအထိအတွင်း ဒီစစ်တပ်ဟာ မိမိတို့ရဲ့ စစ်အာဏာရှင်စနစ် အသက်ဆက်ရေးအတွက် ပြည်သူလူထုကို နည်းလမ်းပေါင်းစုံသုံး သတ်ဖြတ်နှိပ်စက်ပစ်ခဲ့တာ နည်းရော့လား။ နောက်ဆုံး ကိုယ့်တပ်သားတွေ သုံ့ပန်းဘဝ ရောက်နေတာတောင် အငြိုးတကြီး ဗုံးကြဲသတ်တဲ့ တပ်၊ ဒီတပ်မျိုးကို ပြည်သူတွေ မုန်းတီးရွံရှာတာလွန်သလား။

ဒီလို ပြည်သူလူထုအပေါ်  နှိပ်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ (သမ္မတရူး) မင်းအောင်လှိုင် ပါးစပ်က နတ်စကားထွက်လာတာ အံ့သြစဖွယ် တွေ့လိုက်ရပါတယ်။ ၂၀၂၆-မတ်လ ၂၇ ရက်နေ့ စစ်ရေးပြပွဲမှာ ပြောတဲ့ မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအဆုံးသတ်လေးနားမှာ 'ပြည်သူသာအမိ၊ ပြည်သူသာ အဖပါ'တဲ့။

သူတို့ တတ်နိုင်သမျှ ဘေးချိတ်ထားတဲ့ ဒီစကားမျိုးကို ဘာလို့ ဒီအချိန်မှာ ပြောထွက်လာသလဲ။ တကယ်တော့ သူတို့လို ရွှေအိမ်နန်းနဲ့ မတ်ပေါင်းရံပြီး စည်းစိမ်မကွာ မင်းချမ်းသာတွေရဲ့ အတွင်းစိတ်တွေမှာ မလုံမခြုံဖြစ်တတ်တာတွေ ရှိပါတယ်။ လုပ်ခဲ့သမျှတွေကလည်း အကောင်းမှမရှိပဲကိုး။ မတရားသဖြင့် ရယူထားတာတွေအပေါ်  စိတ်မသိုးမသန့်လည်း ဖြစ်ဟန်ရှိပါတယ်။ စစ်ဝတ်ခြုံပြီး စစ်အာဏာနဲ့ အကြမ်းဖက် သတ်ဖြတ်ကာ ကိုယ်ကိုယ်ကျိုးကို ကာကွယ်လာခဲ့သူ ဆိုတော့ စစ်ဝတ်စုံ ချွတ်လိုက်ရတဲ့အခါမှာ သူ့ယုတ်မာမှုတွေအတွက် တနည်းနည်းနဲ့ ဒဏ်ခတ်လာမှာကို မလုံမခြုံစိတ် ဖြစ်လာဟန်တူပါတယ်။ အနည်းနဲ့အများ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်လာဟန်ရှိပါတယ်။

ဗမာပြည်သူလူထုကြီးကို ဗိုလ်ချုပ်ကြီးလုပ်လိုက်၊ သမ္မတကြီး လုပ်လိုက်နဲ့ ၂၆ နှစ်တိုင်တိုင် စစ်အာဏာရှင်ကြီးအဖြစ် နှိပ်စက်ချင်တိုင်းနှိပ်စက်ပြီး ဒုက္ခတွေအခုအထိ ပင်လယ်ဝေစေခဲ့တဲ့ ဦးနေဝင်းက သူ့ဘဝနေဝင်ချိန်နီးလာတော့ သူရဲ့ရောင်းရင်းတွေ (သခင်တင်မြတို့၊ ကိုကိုမောင်ကြီး)ကို ဒီလို ပြောခဲ့ဖူးသတဲ့။ 

"အေးကွာ၊ ငါ့အပေါ် နာစရာတွေ တွေ့ရင် လွမ်းစရာနဲ့ဖြေကြပါ"တဲ့။

ဒီလိုဆိုပြန်တော့ ဆရာကြီးဟံသာဝတီဦးဝင်းတင် ပြောဖူးတဲ့ စကားတရပ် သတိရမိတယ်။ သူတို့ (စစ်တပ်) အပေါ် ကျေးဇူးတင်စရာ တပြားသားမှ မရှိဘူး... တဲ့။ ဟုတ်ပ။ ဗိုလ်နေဝင်းအတွက်လည်း လွမ်းစရာ တကွက်မှ မရှိပါလား။

အခုလည်း လာပြန်ပြီ။ တသက်လုံး ပြည်သူတွေကို ခြေဖဝါးအောက်ထား နင်းချင်တိုင်းနင်း သတ်ချင်တိုင်း သတ်လာခဲ့တဲ့ မင်းအောင်လှိုင်က သူ့အသက်ဘူး စစ်ယူနီဖောင်း ချွတ်ရတော့မယ်ဆိုတော့ မျက်ခုံးလှုပ်လာဟန် ရှိပါတယ်။ 'ပြည်သူသာအမိ-ပြည်သူသာအဖ'တဲ့။ တန်ရာတန်ရာပြောတာ မဟုတ်ဘူး။ ဗမာစကားကလည်း ဒီလိုရှိသေးတယ်လေ။ ငရဲမှာအပ-ဝဋ်မှာအမြဲတဲ့။

ဒီတော့လည်း ကြောက်ကြပေမပေါ့။

ကဲ... ကိုယ့်အလှည့်ကျ မနွဲ့စတမ်း။


လှကျော်ဇော

၇-၄-၂၀၂၆



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar