လေးလေး - ပရိတ်ကြီး ၁၁ သုတ်နဲ့နေနည်း
လေးလေး - ပရိတ်ကြီး ၁၁ သုတ်နဲ့နေနည်း
မိုးမခ ၊ ဧပြီ ၁၅ ၊ ၂၀၂၆
ဒီနှစ်ပိုင်း စာအုပ်ထုတ်ဝေရေးလောကမှာ အများဆုံးထွက်ရှိလာတဲ့ စာအုပ်အမျိုးအစားတွေထဲက တစ်မျိုးသော စာအုပ်တစ်အုပ်လို့ ဆိုရမယ်။ ရေးတဲ့သူ၊ ဘာသာပြန်သူတွေလည်း မှိုလိုပေါက်လို့...။ အနုပညာလို့ သုံးလိုက်ကြတာ ဆိုတာလည်း ဆီသည်မလက်သုပ် ဖြစ်နေပြီ။ အခုစာအုပ်ကတော့ “အရှင်ဉာဏဝရ (ပါရမီ)” ဆိုတဲ့ လူငယ်ဦးဇင်းလေးတစ်ပါး ရေးတာပါ။ “ပရိတ်ကြီး ၁၁ သုတ်လာ ဘဝနေနည်းအနုပညာ” တဲ့။
ဦးပဉ္စင်းက ၁၉၈၉ ခုနှစ်ဖွား၊ အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့ရပြီးမှ ဘုန်းကြီးဝတ်ပြီး ဘုန်းကြီးဝတ်နဲ့ ပါရဂူဘွဲ့ယူဖို့ ကြိုးစားနေတဲ့ ကျောင်းသားတစ်ယောက်လည်း ဖြစ်တယ်။ ဒီစာအုပ်က သူ့ရဲ့ ပွဲဦးထွက်စာအုပ် ဖြစ်မယ်ထင်တယ်။ ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်နေရုံမဟုတ်ဘဲ ဘဝနေနည်းအဖြစ် ပြောင်းမြင်ကြည့်ပြီး လက်တွေ့စမ်းသပ်ကြည့်ဖို့ တိုက်တွန်းရေးထားတာပါ။
- မင်္ဂလသုတ်ဟာ ဘဝကို စနစ်တကျတည်ဆောက်နည်း (Life Architecture) ဖြစ်ပါတယ်။
- ရတနသုတ်ဟာ ကပ်ဘေးတွေ ကြုံလာတဲ့အခါ စိတ်ဓာတ်မကျအောင် တည်ဆောက်ရမယ့် ကြံ့ခိုင်မှု (Resilience) အကြောင်း ဖြစ်ပါတယ်။
- မေတ္တသုတ်ဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ အေးချမ်းအောင်မြင်စေမဲ့ စိတ်ဓာတ်ရေးရာစွမ်းရည် (Emotional Intelligence) ဖြစ်ပါတယ်။
- ဗောဇ္ဈင်္ဂသုတ်ဟာ စိတ်နဲ့ကိုယ် ဆက်စပ်မှု (Mind-Body Connection) ကို နားလည်စေပြီး စိတ်စွမ်းအင်ဖြင့် ရောဂါဝေဒနာနဲ့ စိတ်ဖိစီးမှုတွေကို ကုစားခြင်း (Healing & Recovery) ဖြစ်ပါတယ်။
ဒီလို မိတ်ဆက်ဖွင့်ဆိုပြပြီး မင်္ဂလသုတ်အစကို ချဉ်းကပ်ပြတယ်။
Level 1 : Social Circle & Environment (အသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်)
ဘဝကို အစပျိုးတော့မယ်ဆိုရင် ဘယ်ကစရမလဲ၊ ဒါက အရေးကြီးဆုံးပါပဲ။
၁။ အသေဝနာစ ဗာလာနံ
Toxic ဖြစ်တဲ့သူတွေ၊ အသိဉာဏ်မဲ့သူတွေကို ရှောင်ပါ။ (Avoid Bad Company)
၂။ ပဏ္ဍိတာနဉ္စ သေဝနာ
ကိုယ့်ထက်တော်တဲ့သူ၊ လမ်းမှန်ပြနိုင်တဲ့ မိတ်ဆွေ၊ ဆရာ၊ Mentor တွေနဲ့ပေါင်းပါ (Networking with the Wise)။ လူလိမ္မာပညာရှိတို့ကို မှီဝဲဆည်းကပ်နည်းယူပါ။
ကိုယ့်ဘေးနားမှာ လူမိုက်တွေ ဝိုင်းနေရင် ကိုယ်ပါ ဆွဲချခံရမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ အပေါင်းအသင်းစက်ဝန်း (Social Circle) ကို သေချာစီမံပါ။
(လူမိုက်ဆိုတာ မကောင်းတာတွေးသူ၊ မကောင်းတာ ပြောသူ၊ မကောင်းတာ လုပ်သူ။)
စာအုပ်ရေးတဲ့ ဦးပဉ္စင်းက သူ့စာအုပ်ကို တထိုင်တည်း မဖတ်ဘဲ တသုတ် ဖတ်လိုက်၊ လက်တွေ့စမ်းကြည့်လိုက် လုပ်ဖို့ တိုက်တွန်းထားပါသေးတယ်။
“အရှင်ဉာဏဝရ (ပါရမီ)” ရေးတဲ့ “ပရိတ်ကြီး ၁၁ သုတ်လာ ဘဝနေနည်းအနုပညာ” စာအုပ်ကို သားငယ်စာပေတိုက်က ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ပထမအကြိမ်၊ အုပ်ရေ ၁,၅၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် ၆,၅၀၀။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar