Breaking News

ကောင်းဇေလူ - တရုတ် နဲ့ ရုရှား စွက်ဖက်မှုကြောင့် မြန်မာ့ပြဿနာ ပိုဆိုးလာနေပြီလား


ကောင်းဇေလူ - တရုတ် နဲ့ ရုရှား စွက်ဖက်မှုကြောင့် မြန်မာ့ပြဿနာ ပိုဆိုးလာနေပြီလား

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၂


အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီရဲ့ ရက်စက်ရမ်းကားမှုတွေကြောင့် နိုင်ငံအနှံ့မှာ ပြည်သူတွေ သန်းနဲ့ချီပြီး ဘေးဒုက္ခမျိုးစုံ တွေ့ကြုံခံစားနေရတယ်။ လူသတ်တယ်၊ ဥစ္စာရွှေငွေလုယက်တယ်။ ကျွဲနွားသိုးဆိတ်တွေ သတ်ဖြတ်တယ်။ ရွာတွေမီးရှို့တယ်။ ဘာသာရေးအဆောက်အအုံတွေပါ အလွတ်မပေးဘဲ ဖျက်ဆီးတယ်။ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။

အရှက် အကြောက် မရှိ မကောင်းမှုတွေ ကျူးလွန်တယ်။ တရားဥပဒေစိုးမိုးမှုကို လျစ်လျူရှုထားတဲ့အတွက် ပြည်သူတွေ အားကိုးရာမဲ့ ဖြစ်နေရတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်ဗိုလ်ချုပ်တစုဟာ မိမိတို့ကာကွယ်စောင့်ရှောက်ရမယ့် ပြည်သူတွေကို မကာကွယ်ရုံမက၊ ဒုက္ခနွံထဲ ရက်ရက်စက်စက် တွန်းချနေတယ်။

စစ်အာဏာသိမ်းမှု ၁ နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံ တခွင် အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၀၀ ကျော်ခဲ့ပြီလို့ အေအေပီပီမှတ်တမ်းအရ သိရတယ်။ မတရား ဖမ်းဆီးထိန်းသိမ်းခံရ သူပေါင်း ၁၆,၂၃၂ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ခဲ့ တာ တွေ့ရတယ်။ 

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူထားတဲ့ စာရင်းအရဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဆိုတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း (နိုဝင်ဘာ ၁၇ ရက်အထိ) ၁၂,၉၇၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၂၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ ဆိုတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) ကို အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်း ၂၁ လကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားသူတွေရဲ့ နေအိမ်အဆောက်အအုံ စုစုပေါင်း ရ၈၉ လုံး ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့သိရတယ်။

၂၀၂၂ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၅၇၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာတွေ့ရတယ်။ ရန်ကုန်အင်းစိန်ထောင်ကနေ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေး၊ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာမောင်သာချိုတို့လို လူသိများ ထင်ရှားတဲ့သူတချို့ကို ပြန်လွှတ်ပေးခဲ့တယ်။ ပြန်လွှတ်ပေးတဲ့အထဲမှာ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာတို့လည်းပါဝင်ခဲ့တယ်။

ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ် (Sean Turnell) က မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာ တွေ့ရတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ နိုဝင်ဘာ(၁၇)ရက်နေ့က ပြန်လည်လွတ်မြောက် လာတဲ့ ရှောင်တာနယ်က သူ ကြုံခဲ့ဖူးသမျှ အသိမ်မွေ့ဆုံး မြန်မာပြည်သူတွေကို ယုတ်မာရူးသွပ်သူတွေ အုပ်ချုပ်နေတာ ယူကြုံးမရဖြစ်ရတယ်လို့ Facebook မှာ ရေးသားခဲ့တယ်။ သြစတြေးလျားနိုင်ငံကို ပြန်ရောက်နေပြီဖြစ်တဲ့ စီးပွားရေး ပညာရှင် ရှောင်တာနယ်က မိသားစုနဲ့ ပြန်ဆုံခွင့်ရတာ အလွန်ဝမ်းသာပေမဲ့၊ မြန်မာပြည်သူ ၅၃ သန်းကတော့ သူတို့ကို ကိုယ်စား မပြုတဲ့ အုပ်ချုပ်သူတွေလက်ထဲ ဒုက္ခဆက်ခံနေရတယ်လို့ Facebook မှာ ရေးထားကြောင်း ဗွီအိုအေသတင်းမှာ ဖေါ်ပြ ထားတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ အကျဉ်းသားခြောက်ထောင်ခန့် လွှတ်ပေးလိုက်တာကို တိုးတက်မှုရှိတယ်လို့မထင်မှတ်သင့်။ ဒါဟာ နိုင်ငံတကာကိုလှည့်စားဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်က ဝေဖန်လိုက်တာတွေ့ရတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် တောင်ကိုရီးယားနိုင်ငံကို ၆ ရက်ကြာသွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ ဆိုးလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောခဲ့တာ ဖြစ်တယ်။

သတင်းစာရှင်းလင်းပွဲမှာ မစ္စတာအင်ဒရူးစ်က- “လွှတ်ပေးတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကို လှည့်စားဖို့ မြန်မာ နိုင်ငံမှာ တိုးတက်မှုရှိပါတယ်ဆိုပြီး အပေါ်ယံဖန်တီးပြတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းချက် တစိပ်တပိုင်းဖြစ်နိုင်တာကိုလည်း သတိထားရမယ်။ ဒီလို လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ချီးကျုးတာ ဒါမှမဟုတ် အာဏာသိမ်း စစ်တပ်သဘောထားပျော့ပျောင်းလာတဲ့ အထောက်အထားအဖြစ် လက်ခံတာမျိုးမလုပ်သင့်ဘူး။” လို့ ပြောကြားခဲ့တယ်။

လာမယ့်နှစ်ထဲမှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတာကိုလည်း လက်ခံနိုင်စရာမရှိတဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ် လို့ မစ္စတာအင်ဒရူးစ်က ဝေဖန်သွားတယ်။ “အတိုက်အခံခေါင်းဆောင်တွေကိုဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ကွပ်မျက်နေတဲ့ အချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီရွေးကောက်ပွဲကို ထောက်ခံ အားပေးတာမျိုး ဒါမှမဟုတ် အသိအမှတ်ပြုတာမျိုးနဲ့ သူတို့ထောင်ချောက်ထဲကို ကျလို့ မဖြစ်ဘူး။” လို့လည်း မစ္စတာအင်ဒရူးစ်က သတိပေးထားတယ်။

 “အာဏာသိမ်းစစ်ကောင်စီက စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေဟာ တရားဝင်တယ်လို့ ပြောဆိုတာမှန်သမျှ ပြင်းပြင်း ထန်ထန် ရှုတ်ချဖို့၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ်မှတ်တွေအပေါ် စီးပွားရေးဒဏ်ခတ်တာတွေလုပ်ဖို့၊ တောင်ကိုရီးယားမှာ ရောက်နေတဲ့ မြန်မာတွေအပေါ် လူသားချင်းစာနာစိတ်နဲ့ ပိုပြီးတော့ နွေးနွေးထွေးထွေး ဆက်ဆံပေးဖို့၊ ပြီးတော့ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း အခုလိုမျိုးတွေ လုပ်ဖို့တွေ တိုက်တွန်းပေးပါ။” လို့လည်း သူကဆိုတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ရေးအတွက် စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ပေးဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဖို့ကိုလည်း သူကတိုက်တွန်းခဲ့တာ တွေ့ရတယ်။

APEC ခေါ် အာရှ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) က မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံသားတဦးအပါအဝင် ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အကျဉ်းသားတချို့ လွတ်မြောက်လာတဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပြီး တဆက်တည်းမှာပဲ စစ်ကောင်စီက လူမဆန်တဲ့ ရက်စက်မှုတွေ အဆက်မပြတ် ကျူးလွန်နေပုံတဲ့အကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီမှာကျင်းပခဲ့တဲ့ ဘန်ကောက်မြို့က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ထောက်ပြသွားတာ တွေ့ရတယ်။

စစ်ကောင်စီက ဖမ်ဆီးထားတဲ့ နိုင်ငံခြားသားတချို့အပါအဝင် အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ အာဆီယံ ဘုံ သဘောတူညီချက် ၅ ချက်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် အာဏာသိမ်းကာလ အတွင်း ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးရေးဆိုတဲ့အချက်ကို လိုက်နာဆောင်ရွက်ကြောင်း နိုင်ငံတကာကို လှည့်စားတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ Foreign Policy Magazine မှာ Doug Bandow ရဲ့ Myanmar’s Junta Is Weak but Dangerous ဆိုတဲ့ နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးကို သတိပြုမိတယ်။ မြန်မာစစ်အာဏာသိမ်းအဖွဲ့က မကြာမီက အကျဉ်းသား ၆၀၀၀ နီးပါး ပြန်လွှတ်ပေးခဲ့တဲ့ကိစ္စကို ကြည့်ပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို မေ့လျော့ပြီး အရူးလုပ်ခံရတာမျိုး မဖြစ်စေနဲ့လို့ သတိပေးထားတယ်။ အကျဉ်းသားတချို့ ပြန်လွှတ်ပေး ရုံနဲ့ ဖိအားတွေ လျှော့ချပေး‌တာမျိုး မလုပ်သင့်ဘူးလို့ Doug Bandow က ထောက်ပြထားတယ်။ စစ်ကောင်စီရဲ့ နောက်ကွယ်မှာ တရုတ်နဲ့ ရုရှားက ထောက်ခံပံ့ပိုးနေတာကို မမေ့ဖို့လည်း သတိပေးထားတယ်။ ဆောင်းပါးရှင်ဟာ သမ္မတရော်နယ်ရီဂင် လက်ထက်က သမ္မတရဲ့အထူးလက်ထောက်ဖြစ်ခဲ့ပြီး၊ လက်ရှိ Cato Institute  ရဲ့အထက်တန်းသုတေသီ တဦးဖြစ်တယ်။ ဒါကြောင့် Doug Bandow ရဲ့ မြန်မာ့အရေးကိစ္စ သုံးသပ်ချက်ဟာ အလေးထားရမယ့် အချက်အလက်တွေလို့ ဆိုနိုင်တယ်။

လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက တရားဥပဒေကို အလွဲသုံးပြီး ပထမဆုံးအနေနဲ့ သေဒဏ်အပြစ်ပေး ကွပ်မျက်ခဲ့တာ တွေ့ရတယ်။ ဒီလုပ်ရပ်ဟာ ဆောက်တည်ရာမရ ဖြစ်နေတဲ့ စစ်တပ်က ပြည်သူလူထုကို ခြိမ်းခြောက်တဲ့ သဘောဖြစ်တယ်။ တိုင်းပြည်အနှံ့မှာ ပေါ်ပေါက်နေတဲ့ ပြည်သူလူထုရဲ့ အုံကြွတိုက်ခိုက်မှုကို အကြမ်းဖက် စစ်တပ်အနေနဲ့ထိမ်းမရသိမ်းမရ ဖြစ်လာတဲ့အတွက်ကြောင့်လည်း ဖြစ်တယ်။ ဆယ်စုနှစ်များစွာ မြန်မာပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်က ရက်ရက်စက်စက် ထိုးစစ်တွေ အလီလီဆင်နွှဲတိုက်ခိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ ဗမာလူမျိုးစုကြီးရဲ့ ပုန်ကန်တိုက်ခိုက်မှုကို စစ်တပ်အနေနဲ့ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်တယ်လို့ Doug Bandow က ဝေဖန်ထောက်ပြထားတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အစိုးရတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုအတွက် စိုးရိမ်မကင်းဖြစ်လာကြတာတွေ့ရပြီး သူတို့လုပ်နိုင်တဲ့ကိစ္စတွေ လုပ်ဖို့စီမံဆောင်ရွက်လာကြတာတွေ့ရတယ်။ တဖက်မှာ တရုတ်နဲ့ရုရှားက မြန်မာ့အရေးမှာ ပါ၀င်စွက်ဖက်နေကြတာကို မြင်နေရချိန်မှာ အနောက်အုပ်စုအနေနဲ့ မြန်မာ ကိစ္စကို မသိကျိုးကျွံလုပ်နေမယ်ဆိုရင် မိုက်မဲရာကျလိမ့်မယ်လို့ Doug Bandow ကဆိုတယ်။

စစ်ကောင်စီက လူမဆန်တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ထိတ်လန့်စရာကောင်းလောက်အောင် ကျူးလွန်လာချိန်မှာ မော်စကိုနဲ့ ဘေဂျင်းတို့က နေပြည်တော်နဲ့ပိုမိုနီးစပ်အောင် တိုးဝင်နေတဲ့အတွက် မြန်မာ့အရေးအပေါ် နီုင်ငံတကာရဲ့ အာရုံစိုက်မှုကလည်း မြင့်တက်လာနေတယ်။ ဘေဂျင်းအစိုးရက အကြမ်းဖက်စစ်ကောင်စီကို ကူနေကျအတိုင်း ပုံမှန် ကူညီထောက်ပံ့နေတာတွေ့ရတယ်။ အာဆီယံ (ASEAN) အစည်းအဝေးတွေမှာ မြန်မာကိစ္စက ထိပ်တန်းဦးစားပေး နေရာယူလာတယ်။ တောင်တရုတ်ပင်လယ်က နယ်နိမိတ်အငြင်းပွားမှုကိစ္စမှာ တရုတ်အစိုးရက မြန်မာနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားကို ထောက်ခံစေလိုပြီး တခြား အာဆီယံနိုင်ငံတွေကို ဆန့်ကျင်စေလိုတဲ့ သဘောလည်းတွေ့ရတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၂ စက်တင်ဘာ ရ ရက်နေ့ ဗလာဒီဗော့စတော့ (Vladivostok) ကို ရောက်ခဲ့တယ်။ သူအလွန်တွေ့ချင်ခဲ့တဲ့ ရုရှားသမ္မတပူတင် နဲ့ တွေ့ခွင့်ရခဲ့တယ်။  "မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသမှာ ရုရှားအနေနဲ့ ကာလကြာမြင့်စွာကတည်းက ယုံကြည်အားထားရတဲ့ နိုင်ငံဖြစ်တယ်။" လို့ ပူတင်က ကောင်းချီး ပေးတာ ခံရလို့ ကျေနပ်ခဲ့ပုံရတယ်။ မော်စကိုဟာ မြန်မာကို သံတမန်ရေးအရ ထောက်ခံမှုပေးရုံမျှမက ရေနံလောင်စာဆီ ကိုလည်း ဈေးသက်သက်သာသာနဲ့ ရောင်းပေးခဲ့တယ်လို့ဆိုတယ်။ ဒါတင်မက နျုကလီယားဓာတ်ပေါင်းဖို ပူးပေါင်း ဆောင်ရွက်ရေးအတွက်လည်း ဆက်လက် ကူညီမယ့်သဘောပြသခဲ့တယ်လို့ Doug Bandow က သူ့ဆောင်းပါးမှာ ဖေါ်ပြတယ်။ 

စစ်ကောင်စီအတွက် ပိုပြီးအရေးပါတဲ့ မဖြစ်မနေလိုအပ်ချက်ကတော့ ရုရှားထံက လက်နက်ခဲယမ်းတင်ပို့မှု ဖြစ်ပုံရတယ်။ Fulcrum စာစောင်ဆောင်းပါးရှင် Ian Storey ရဲ့ အဆိုအရ မြန်မာ-ရုရှားစစ်တပ်အချင်းချင်း အပြန်အလှန်ဆက်ဆံမှု ခိုင်မာရေးဟာ ပဓါနကျတဲ့ ကိစ္စအဖြစ်ဆက်လက်တည်ရှိနေတယ်။ မြန်မာနိုင်ငံရဲ့ကောင်းကင်ယံကို ဆက်လက် စိုးမိုးထား နိုင်ရေးအတွက် ရုရှားစစ်လက်နက်တွေ ပိုမိုတင်ပို့ပေးဖို့ စစ်ကောင်စီက လိုလားနေတယ်။ အထူးသဖြင့် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ဟယ်လီကော့ပတာတွေ ပိုမိုရရှိလိုတယ်လို့ ဆိုတယ်။ ရုရှားကလည်း အာရှဒေသအတွင်း သူ့စစ်လက်နက်ရောင်းချရမှု ကျဆင်းနေတဲ့အတွက် မြန်မာထံ စစ်လက်နက်ရောင်းချမှုကို တိုးမြှင့် ဆောင်ရွက်ဖို့ စိတ်အားထက်သန်နေကြောင်း Ian Storey က ဆိုတယ်။ ဒီဖြစ်စဉ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု၊ ရက်စက်ရိုင်းစိုင်းမှုနဲ့ သွေချောင်းစီး သတ်ဖြတ်မှုတွေ တိုးတက်များပြားလာစေမယ့် နိမိတ်ဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုတယ်။

၂၀၂၂ စက်တင်ဘာအတွင်း ကုလသမဂ္ဂ လက်ထောက်လူ့အခွင့်အရေးကော်မရှင် အကြီးအကဲဖြစ်သူ Nada al-Nashif က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့တင်သွင်းတဲ့ အစီရင်ခံစာမှာ ၂၀၂၁ ဖေဖေါ်ဝါရီကစပြီး အနည်းဆုံး ပြည်သူ ၂,၃၁၆ ဦး(ကလေးသူငယ် ၁၈၈ ယောက်အပါအဝင်) အကြမ်းဖက်စစ်တပ်ရဲ့သတ်ဖြတ်ခံခဲ့ရတယ်လို့ဖေါ်ပြထားတယ်။ သာမန်အရပ်သားပြည်သူ တစ်သန်းကျော်ဟာ လုံခြုံမှုမရှိတဲ့အခြေအနေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်။ အဲဒီအနက်က ၄၅,၅၀၀ ဟာ အိမ်နီးချင်းနိုင်ငံများမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ဆိုတယ်။ အဲဒီ အိုးအိမ်စွန့်ခွာထွက် ပြေးရသူတွေဟာ စားနပ်ရိက္ခာနဲ့ဆေးဝါး မလုံလောက်မှုအခြေအနေကို ရင်ဆိုင်နေကြရတယ်လို့အစီရင်ခံစာက ဆိုတယ်။

ပြည်သူ ၁၅,၆၀၀ ကျော် စစ်တပ်ရဲ့ဖမ်းဆီးမှုခံနေကြရပြီး ၁၂,၄၆၄ ဦးဟာ အချုပ်အနှောင်ခံနေရဆဲလို့ ဖေါ်ပြထယ်။ ဖမ်းဆီးချုပ်နှောင်ခံနေရစဉ် စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့သူ အနည်းဆုံး ၂၇၃ ယောက်ရှိပြီး၊ ကျေးရွာတွေ အတွင်း စီးနင်းဝင်ရောက် ဖမ်းဆီစဉ် သေဆုံးရသူ ၂၆၆ ယောက်ရှိတယ်လို့ဆိုတယ်။ စီးနင်းဖမ်းဆီစဉ် သေဆုံးခဲ့ရသူ အနည်းဆုံး ၄၀ ဦးဟာ ဦးခေါင်းကို သေနတ်နဲ့အပစ်ခံခဲ့ရတာဖြစ်တယ်လို့အစီရင်ခံစာမှာ ဖေါ်ပြတယ်။

မြေအောက်ခုခံတော်လှန်ရေးမှာ ပါ၀င်တဲ့ ဆရာဝန်တဦးက Al Jazeera သတင်းဌာနကို ပြောကြားရာမှာ - “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ သားသတ်ရုံတခုလိုပါပဲ။ ပြည်သူတွေကို စစ်တပ်က တိရိစ္ဆာန်တွေလို ပစ်ခတ်သတ်ဖြတ်နေတယ်။” လို့ဆိုတယ်။ Nashif ရဲ့ သုံးသပ်ချက်အရ မြန်မာနိုင်ငံဟာ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်အတွင်း ကျရောက်နေပြီး စစ်တပ်က နည်းလမ်းမျိုးစုံနဲ့ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတို်င်း၊ ကရင်၊ ကချင်၊ ရှမ်း နဲ့ ကယားပြည်နယ်တွေမှာ ကျေးရွာတွေ မီးရှို့ခံခဲ့ရပြီး စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်တိုက်တာပေါင်း ၃၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးရကြောင်း အစီရင်ခံစာကဆိုတယ်။ စစ်ကိုင်းတိုင်းထဲက ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က တနာရီခန့်ကြာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့အတွက် ကလေးငယ် ၁၁ ဦး သေဆုံး ခဲ့ရတယ်လို့ ကျောင်အုပ်ဖြစ်သူကပြောပြခဲ့တယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံချက်အရ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် ၅သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ဆိုတယ်။

စစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားရဲ့ စစ်လက်နက်အကူအညီတွေရရှိနေတဲ့အတွက် ပြည်တွင်းစစ်မီးအရှိန်ပိုမိုကြီးထွားလာ နေတယ်လို့ ဆိုတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အရပ်သားအစိုးရခေတ်မှာ လူလားမြောက်ခဲ့တဲ့ လူငယ်မျိုးဆက်သစ် တွေက စစ်အာဏာရှင်စနစ်ကို လုံးဝဒူးထောက်အညံ့ခံမှာမဟုတ်ဘူးလို့သန္နိဋ္ဌာန်ချထားကြတာတွေ့နေရတယ်။ စစ်တပ်က လည်း လက်နက်အားကိုး အကြမ်းဖက်အုပ်ချုပ်ဖို့သာ အားထုတ်နေတာကြောင့် သွေးချောင်းစီးမယ့် အခြေအနေဖြစ်နေ တယ်လို့ သုံးသပ်ထားတယ်။

ဒါကြောင့် အနောက်အုပ်စုအနေနဲ့ မြန်မာပြည်သူတွေအတွက်ရော၊ သူတို့လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ပိုင်းကို ယူတဲ့ အနေနဲ့ရော၊ တရုတ်-ရုရှားတို့ရဲ့ အဓမ္မလုပ်ဆောင်ချက်တွေကို ဟန့်တားပေးဖို့လိုအပ်နေပြီဖြစ်တယ်။ အမေရိကန်၊ အီးယူနဲ့ ဒီမိုကရေစီလိုလားတဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို အပြစ်ပေးအရေးယူ သင့်ပြီ ဖြစ်တယ်လို့ ဆောင်းပါးရှင်က ထောက်ပြထားတယ်။ မြန်မာပြည်သူတွေ ထောက်ခံတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)ကို ထောက်ခံသင့်ရုံမက ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံကိုလည်း NUG ကို လွှဲပေးသင်ပြီ လို့ သုံးသပ် ထားထယ်။  ဒီ့အပြင် လက်ရှိနိုင်ငံနယ်နိမိတ် ထက်ဝက်ကျော်ကို NUG က ထိန်းထာနိုင်ပြီဖြစ်လို့ လူသားချင်း စာနာမှု အကူအညီတွေကို NUG ကတဆင့် အမှန်တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ ရောက်အောင် ဆောင်ရွက်သင့် ကြောင်းလည်း တိုက်တွန်းထားတယ်။

သြစတြေးလျား၊ ဂျပန်၊ အိန္ဒိယနဲ့ စင်္ကာပူတို့အနေနဲ့လည်း အနောက်အုပ်စုနဲ့အတူ စစ်ကောင်စီအပေါ် ငွေကြေးကိစ္စ၊ သံတမန်ရေးကိစ္စဆိုင်ရာ ဖိအားတွေ ပေးသင့်ပြီလို့ဆောင်းပါးရှင်က တိုက်တွန်းတာတွေ့ရတယ်။ ဒီမိုကရေစီ လိုလားတဲ့ မဟာမိတ် အစိုးရများအနေနဲ့ NUG အပါအဝင် စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံ ညှိနှိုင်းပြီး စစ်ကောင်စီကို အင်အားချည့်နဲ့အောင်လုပ်သင့်ပြီလို့ ဆိုတယ်။

ပြည်သူ့ရိက္ခာကို အလျှံပယ် ရယူစားသောက်လာခဲ့တဲ့ စစ်ဗိုလ်တယောက်ဟာ သူ့လုပ်သက်ပြည့်လို့ အငြိမ်းစားယူရ တော့မယ့် အချိန်မှာ လုပ်ပိုင်ခွင့်အာဏာ ဆုံးရှုံးရမှာကို ကြောက်တာကြောင့် နိုင်ငံနဲ့ပြည်သူကို သစ္စာဖေါက်ခဲ့တယ်။ လက်နက်အားကိုးနဲ့ တည်ဆဲဥပဒေကို ချိုးဖေါက်ပြီး အချုပ်အခြာအာဏာကို အဓမ္မ သိမ်းယူခဲ့တယ်။ အာဏာရဲ့ မူလ ပိုင်ရှင်ဟာ ပြည်သူဖြစ်တယ်။ နိုင်ငံတော်နဲ့ပြည်သူရဲ့သစ္စာကိုစောင့်သိရိုသေပါမယ်လို့စစ်သည်တိုင်း နေ့စဉ် သစ္စာဆိုခဲ့ ကြရပေမယ့် စစ်ဗိုလ်ချုပ် တယောက်ရဲ့ အာဏာရူးမှုကြောင့် တပ်မတော်တခုလုံး အမည်ဆိုးနဲ့ ပျက်သုဉ်းရရုံ မက နိုင်ငံ တခုလုံးလည်း ဖရိုဖရဲဖြစ်ပြီး ကမ္ဘာ့အလယ်မှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတယ်။ အာဏာရူးစစ်ဗိုလ်တသိုက်ရဲ့ မလျော်လောဘကြောင့် အဘက်ဘက်က အညွန့်တက်ခါစ  တိုင်းပြည်ဟာ ကပ်ဘေးကြီးသုံးပါးဆိုတဲ့ နွံအိုင်ကြီးထဲ ကျခဲ့ရတယ်။ ဒီစစ်တပ်ကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲက မတက်နိုင်ဘဲ ဖြစ်ခဲ့ရတာ ၁၉၆၂ ခုနှစ် ကတည်းက ပါပဲ။

လက်ရှိမြန်မာ့အခြေအနေဟာ စစ်ကောင်စီကို ထောက်ခံနေတဲ့ တရုတ်-ရုရှားရဲ့ သြဇာကို တွန်းလှန်နိုင်ရေးအတွက် အမေရိကန်-အီးယူ-ဂျပန်-သြစတြေးလျား-တောင်ကိုးရီးယားစတဲ့ နိုင်ငံတွေထံက သံခင်းတမန်ခင်းထောက်ခံမှုနဲ့ လူသား ချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက်ရဖို့ ကြိုးပမ်းရမှာဖြစ်တယ်။ အာဆီယံအဖွဲ့ထဲက အင်ဒိုနီးရှား၊ မလေးရှား တို့ လို နိုင်ငံတခုချင်စီနဲ့နီးနီးကပ်ကပ် အလုပ်လုပ်နိုင်အောင် ကြိုးစားဖို့လိုတယ်။ တချိန်တည်းမှာ ပြည်တွင်းက ပြည်သူမှ ပြည်သူသို့ပေးနိုင်တဲ့ အကူအညီ အထောက်အပံ့တွေကိုလည်း အခက်အခဲကြားကပဲ ရရှိအောင် ရိုးရိုးသားသား ကြိုးစားပြ ရပေလိမ့်မယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ကတော့ Consensus ပြဿနာကြောင့် မြန်မာကိစ္စကို ထိရောက်အောင် ကူညီ နိုင်မယ်မထင်ပါ။ တရုတ်သြဇာခံ နိုင်ငံတချို့ကြောင့် မြန်မာ့အရေးကို သောင်မတင်ရေမကျ ဆက်လုပ်နေကြဦးမယ့် သဘောပါပဲ။

နိဂုံးချုပ်ရရင် တရုတ်နဲ့ ရုရှားရဲ့ မြန်မာ့အရေးမှာ ၀င်ရောက်စွက်ဖက်နေမှုကို အမေရိကန်-အီးယူအုပ်စုက လျစ်လျူရှုထားရင် မြန်မာပြည်သူတွေ အရက်စက် အကြမ်းကြုတ်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ခံနေကြရဦးမယ့် အခြေအနေပါပဲ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar