Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၀ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း


အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၀ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၂


အရင်းရှင်စနစ် နေရာမြင့်လာခြင်း 

ကြီးမားသော ချိန်ညှိမှု (The Great Moderation)

၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ခုနှစ်များ အဆန်းပိုင်းသည် လှိုင်းကြီးလေထန် မတည်ငြိမ်သည့်နှစ်များ ဖြစ်သည်။ အလုပ်လက်မဲ့ ဖြစ်မှုနှုန်း မြင့်မားပါစေ၊ ကုမ္ပဏီလုပ်ငန်းများ ဒေဝါလီခံ ဖျက်သိမ်းရပါစေ၊ စွန့်၍ စီးပွားတန့် ငွေကြေး ဖောင်းပွမှု (stagflation) ထိန်းသိမ်းရန် လိုအပ်နေသည်။ ဗီယက်နမ်စစ်ပွဲ ကုန်ကျစရိတ်များကြောင့် အမေရိကန်ပြည်ထောင်စု အစိုးရတွင် အကြီးမား ဆုံးသော ဘတ်ဂျက်လိုငွေပြမှုများ ဖြစ်ပေါ်နေခဲ့သည်။ အထူးသဖြင့် ပြင်သစ်ကဲ့သို့သော နိုင်ငံများတွင် သူတို့၏ အမေရိကန် ဒေါ်လာငွေကို ရွှေနှင့် လဲပစ်သည်။ ဒေါ်လာငွေအပေါ် ဖိအားများ အလွန်အမင်းမြင့်မားလာသည့်အခါ ဒေါ်လာ- ရွှေနှင့် နှုန်းသေ သဘောထား၍ လဲလှယ်သည်။ ယင်းမှာ ဘရက်တန်ဝုဒ် သဘောတူညီချက်များတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်ရာ၊ ဤ အခြေ အနေကို ဆက်၍မထိန်းသိမ်းနိုင်ပါ။ သမ္မတနစ်ဆင်က ဒေါ်လာ- ရွှေနှင့် နှုန်းသေ သဘောထား၍ လဲလှယ်မှုကို နောက်ဆုံး ၁၉၇၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရပ်ဆိုင်း အဆုံးသတ်လိုက်ရတော့သည်။ 

၁၉၈၀ ခုနှစ်များ အလယ်ပိုင်းတွင် စီးပွားရေးဒီလှိုင်းက အကောင်းဘက်သို့ ပြောင်းလာသည်ဟု ရှုမြင်ရသည်။ အနောက်ကမ္ဘာ တွင် တည်ငြိမ်သည့် စီးပွားဖွံ့ဖြိုးမှု ကာလရှည် စတင်ဖြစ်ပေါ်လာခဲ့သည်။ ယင်းကာလကို “ကြီးမားသော ချိန်ညှိမှု” (the Great Moderation) ကာလကြီးဟု သိကြသည်။ ယင်းမှာ ပီတာ ဘာဂါ (Peter Berger) က ၁၉၈၆ ခုနှစ်ထုတ် စာအုပ် “အရင်းရှင် တော်လှန်ရေး” (The Capitalist Revolution) တွင် ဖော်ပြထားသကဲ့သို့ အခြေအနေပေးသည့် ဝန်းကျင် (favorable environment) ဖြစ်ပြီး စာဖတ်သူအများစုက နှစ်လိုလက်ခံကြသည်။ သူက ဆွေးနွေးထားရာ၌ အရင်းရှင်စနစ် သည် နိုင်ငံတကာစနစ်တခု ဖြစ်လာနေပြီး လူသားမျိုးနွယ် အများစုက စီးပွားရေးအနာဂတ်ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဟု ဆိုသည်။ အနည်းဆုံး လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု အနာဂတ်ကွကြမ္မာအတွက် သွယ်ဝိုက်၍ သက်ရောက်စေသည်ဟု ဆိုသည်။ 

ထိပ်တန်း ဘောဂဗေဒပညာရှင်များက သူတို့အနေဖြင့် စီးပွားရေးစနစ်များကို စီးပွားပျက်ကပ်များကို ကျော်လွှားနိုင်သည် အထိ အနုစိတ်ချိန်ညှိနိုင်မည့် နည်းလမ်းတွေ့ပြီဟု ယုံကြည်ကြသည်။ ရောဘတ် လူးကပ်စ် (Robert Lucas) က ၂၀၀၃ ခုနှစ် တွင် ဂုဏ်သိက္ခာရှိသည့် အမေရိကန် ဘောဂဗေဒပညာရှင်များ အသင်း (AEA) ၏ ဥက္ကဋ္ဌအဖြစ် ကတိပြုကျမ်းသစ္စာ ကျိန်ပွဲ မိန့်ခွန်း ပြောကြားရာ၌ ၁၉၄၀ ခုနှစ်များတွင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး (the Great Depression) ကို ပညာရပ်ဆိုင်ရာ ရှုထောင့်မှ တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံအဆင့်ကို ကြည့်နိုင်မည့် မက္ကရိုစီးပွားရေးပညာ (Macroeconomics) မွေးဖွားလာခဲ့ သည်ဟု အလေးပေးပြောသည်။ 

သူက ဆိုလိုသည့် ဝေါဟာရမှာ ဗဟုသုတကိုယ်ထည်နှင့် ကျွမ်းကျင်မှု (body of knowledge and expertise) များကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပြီး၊ နောက်နောင်တွင် ဤသို့ စီးပွားရေးကပ်သင့်ရမှုများ ထပ်၍အကြိမ် ကြိမ်ဖြစ်လာခြင်းကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ထားသည်။ ယခုဟောပြောချက်တွင် မိမိ၏သုသေတနစာတမ်းအရ မက္ကရို စီးပွားရေး (macroeconomics) သည် မူရင်းသဘောအရ အောင်မြင်မှု ရရှိခဲ့ပေပြီ။ စီးပွားရေးကျဆင်းခြင်း- ကြိုတင်ကာကွယ် ခြင်းအတွက် ဗဟိုချက်မ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပေပြီ။ လက်တွေ့ ဆောင်ရွက်ရမည့်ကိစ္စများ အားလုံးအတွက် အမှန်ဆိုရ လျှင် ဆယ်စုနှစ်များစွာ ကြိုးပမ်းဖြေရှင်းခဲ့ရသည်ဟု ဆိုသည်။ 

သို့သော်လည်း လူးကပ်စ်က နော့ဒစ်နိုင်ငံများ၏ ၁၉၉၁-၁၉၉၂ ခုနှစ်များ ဘဏ်အကျပ်အတည်းများ၊ ၁၉၉၅ ခုနှစ် မက္ကဆီကို ငွေကြေး အကျပ်အတည်း၊ နောက် ၂-နှစ်တွင် ဖြစ်လာသည့် အာရှငွေကြေး အကျပ်အတည်းများကို မမြင်ဘဲ အမြင်လျှမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံအချို့၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ ထိုးဆင်း၍ အကျပ်အတည်းတွေ့ခဲ့ သည်။ ရုရှားနိုင်ငံအနေဖြင့် စီးပွားပျက် ဒေဝါလီခံရလုနီး ဖြစ်ခဲ့ပြီး၊ ၁၉၉၈ ခုနှစ်တွင် အမေရိကန်- IMF တို့၏ ငွေကြေးထည့် သွင်း ထောက်ပံ့ပေးမှုဖြင့်သာ ရှင်သန်နိုင်ခဲ့သည်။ ဘရာဇီးလ် (၁၉၉၉)၊ အာဂျင်တီးနား (၂၀၀၁-၂၀၀၂) တို့တွင်လည်း အလားတူ ငွေကြေး အကျပ်အတည်း ကြုံခဲ့သည်။ ဤဖြစ်ရပ်များက အကုန်မဟုတ်သေးပါ။ ကမ္ဘာ့စီးပွားရေး ဧရာမ ပြန်လည်ချိန်ညှိမှုကြီး (the Great Moderation) ကာလတွင် စွန့်စားရင်းနှီးမြှုပ်နှံကြသည့် စတော့ဈေးကွက် ပူဖောင်း ၃ ကြိမ် ပေါက်ကွဲသည်မျိုး ယာယီကြို့ထိုးသည့် ပြဿနာမျိုး ကြုံတွေ့ရသေးသည်။ အထူးသဖြင့် နည်းပညာဆိုင်ရာ စတော့ဈေးကွက်များ၊ အိမ်ရာမြေ ဈေးကွက်နှင့် ရေနံ စတော့ဈေးကွက်တို့တွင် ဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လတွင် ထုတ်ဝေခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ လုပ်ဆောင်ဆဲစာတမ်းတွင် ၁၉၇၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်အကြားတွင် ဘဏ်အကျပ်အတည်းများ ၁၄၇ ကြိမ် ဖြစ်ခဲ့သည်ဟု ခန့်မှန်းဖော်ပြထားခဲ့သည်။ 

သို့တိုင်အောင် ထိပ်တန်း အရင်းရှင်စီးပွားရေးကမ္ဘာတွင် တဝီတီ ဆူညံနေဆဲ ဖြစ်သည်။ ဈေးချိုသည့် ချေးငွေများဖြင့် ဝင့်ထည်နေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကလည်း မြင့်မားနေခဲ့သည်။ ဝင်ငွေနှင့် ဓနဥစ္စာ ကွာဟချက် ပြန်၍ နီးစပ်ဆုံတွေ့လာမိ သည့် ကာလရှည် ဖြစ်ပေါ်လာခဲ့ပြီးနောက် ယင်းကွာဟချက်က ပြန်၍ကျယ်လာခဲ့သည်။ ဂျပန်က ယင်းကာလတွင် လူထူး လူဆန်းသဖွယ် စည်းပြင်ရောက်နေသည်။ ယင်းနိုင်ငံ၏ စီးပွားရေးက ငွေကြေးကျုံ့သည့် ရှေ့မတိုးနောက်မဆုတ်သာ အခြေ အနေတွင် ပိတ်မိနေခဲ့ပြီး၊ နိုင်ငံရေးခေါင်းဆောင် မှုကလည်း ဖြေရှင်း၍မနိုင် ဖြစ်နေပုံရသည်။ 

ဤသို့ ကမ္ဘာ့စီးပွားရေး ဧရာမ ပြန်လည်ချိန်ညှိမှုကြီး (the Great Moderation) ကာလသည် အမြဲတည်ရှိမနေနိုင်သည်ကို ကျိုးကြောင်းဆင်ခြင်နိုင်သည့်စိတ် အနည်းငယ်ရှိနေလျှင်ပင် လူတိုင်းသိနိုင်သည်။ ယင်းနောက်တွင် လူသားတို့၏ သဘာဝကိုထင်ဟပ်၍ စီးပွားရေးက အတက်-အကျများ ဖြစ်၍လာသည်။ သေချာသည်မှာ ကမ္ဘာ့စီးပွားရေး ဧရာမ ပြန်လည်ချိန်ညှိမှု ကြီး (the Great Moderation) ကာလ ၂၀၀၈ ခုနှစ်၊ အမေရိကတိုက်တွင် ငွေကြေးအကျပ်အတည်း တွေ့ရပြီးနောက် ရုတ်ချည်း ရပ်ဆိုင်းနိဂုံးချုပ်သွားရတော့သည်။ သို့သော် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး (the Great Recession) အကြောင်း မသွားမီ၊ အခြားနိုင်ငံများ ဖြတ်သန်းခဲ့ကြပုံကို ပြန်၍ တချက်ကြည့်ကြပါစို့။

Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar